Wednesday, July 15, 2009

2009.07.15


အိမ်ကို မရှင်းဖြစ်တာ ကြာပေါ့။ လုံးဝ မရှင်းတာတော့ မဟုတ်ပါဘူး။ ရှင်းတာနဲနဲ ဖွတာများများ ဖြစ်နေတာ။ အများအားဖြင့်တော့ ကြမ်းလေးပွတ်လိုက် ဖုန်လေးစုပ်လိုက် ဒီလောက်နဲ့ ပြီးနေတာ။ စိတ်ကူးပေါက်ရင် ဖွထားတဲ့ စာအုပ်စင်ကို ရှင်းတယ်။ ရေချိုးခန်း အိမ်သာကလည်း အဲလိုဘဲ။ ခုအိမ်က အရင်အိမ်နဲ့ ပြောင်းပြန်။ အရင်က ခုနှစ်လွှာမှာ အစွန်ခန်းဆိုတော့ နွေဆို ဘေးပြတင်းပေါက်ရော ဝရံတာတခါးရော ဖွင့်ထားရင် လေအဝင်အထွက် ရှိတာမို့အိမ်ထဲမှာ ရေငွေ့ သိပ်မအောင်းဘူး။ ခုအိမ်ကျ အလယ်ခန်းဆိုတော့ ဝရံတာတခါးဖွင့်လည်း ပြန်ထွက်ဖို့ ပြတင်းပေါက်မရှိဘူးမို့ လေမဝင်လေတော့ အိမ်ထဲမှာ ရေငွေ့တွေ အောင်းတယ်။ အိမ်သာရေချိုးခန်းက အတွင်းဘက်ထဲရောက်နေတော့ တပတ်လောက်ဆို နီချင်ချင် အရောင်ပေါက်လာရော။ အိမ်သာက ခဏနဲ့ ဆေးလို့ ပြီးပါတယ်။ ရေချိုးခန်းက ကြာတာ။

ဒီနေ့အတွက် တနေရာ ရှင်းပြီးရင် နောက်တနေရာ ထပ်မလုပ်ချင်တော့ဘူး။ ပြီးခဲ့တဲ့ရက်က ထမင်းစားပွဲခုံကို ဘေးအခန်းကနေ ဧည့်ခန်းကို ရွှေ့တယ်။ လွတ်သွားတဲ့ ဘေးခန်းထဲ ဧည့်ခန်းက ကွန်ပြူတာခုံနဲ့ စာအုပ်စင်ကို နေရာချလိုက်တယ်။ စာအုပ်တွေလည်း အစအဆုံး ပြန်စီရတာပေါ့။ ဘုရားစင်ကို စာအုပ်စင်ထားတဲ့နေရာ ရွှေ့လိုက်တယ်။ နွေရောက်လာတော့ ဘုရားစင်ရှိတဲ့နေရာက နေထိုးပြီး ဘုရားပန်းတွေ ဘယ်လိုမှ မလန်းတော့တာနဲ့ ရွှေ့ချင်နေတာ။ မလုပ်တော့လည်း မပြီး/ လုပ်လိုက်တော့လည်း မကြာပါဘူး။ (ဒါက အရင်ရက်က အကြောင်း)

တခြားနေရာတွေက စိတ်ပါရင် ပါသလို အလှည့်ကျ ရှင်းဖြစ်ပေမယ့် တော်ရုံနဲ့ မရှင်းဖြစ်တာ နေ့တိုင်းချက်တဲ့ ဂတ်စ်မီးဖို။ ရှင်းသင့်နေပြီမှန်း သိသိနဲ့ ပစ်ထားတာ။ အရမ်းအချိန်ကုန်တယ်။ ဟင်းဝေကျလိုက် ဆီပေါက်ထားတာတွေက မီးနဲ့တွေ့ပြီး မီးဖိုမှာ ဆီဂျိုးတွေ ဖြစ်နေတာ။ ဒါတောင် ကာသင့်သလောက် ကာဗာတွေ လုပ်ထားတာ။ အပေါ်ဘက်က အငွေ့စုပ် ပန်ကာအဖုံးနဲ့ ဘေးနံရံတွေမှာ ဆီငွေ့တွေ ရိုက်ထားတာတွေ့ ဟင်းချက်တိုင်း မြင်နေရက်နဲ့ မမြင်ချင်ရောင် ဆောင်နေတာ။

ဒီနေ့တော့ အစီစဉ်မရှိဘဲ ရှင်းမိတယ်။ ပထမတော့ ကွိုင်တွေလောက် ဆေးမလို့ပါ။ ပြီးတော့ နံရံတွေပါ ဆေးလိုက်မယ် စိတ်ကူးပြီး ဆေးရင်း အပေါ်ဘက်ကို တိုက်ရင်းမှ အငွေ့စုပ် ပန်ကာအဖုံးလဲ ဆေးလိုက်ပါမယ်လေ ဆိုပြီး အဖုံးဖြုတ်ချလိုက်တယ်။ ဆီဂျိုးတွေက အတော်တိုက်ရခက်ပါ့။ ဆော်ဒါနဲ့ ပွတ်ရင် လွယ်လွယ်ထွက်တယ်လို့ ပြောလို့ စမ်းကြည့်တာလဲ မထူးပါဘူး။ အားစိုက်ပြီး ပွတ်ရတာဘဲ။ kitchen cleanser ဖြန်းလည်း အားကုန် ပွတ်ရတာပါဘဲ။ တခြားနေရာတွေထက် ကွိုင်ပြားတွေက အဆိုးဆုံး။ ဟင်းအိုးတင်တဲ့ အမြင့်တွေရဲ့ အောက်ခြေက ပွတ်တိုက်ရတာ လက်ဝင်တယ်။ "မ,သန့်ချင်"က မလုပ်ချင်ရင်သာ ပစ်ထားတာ။ လုပ်ပြီဆို သေချာသန့်နေမှလေ။

ဒီတော့ နှစ်နာရီကျော် ကြာတဲ့အထိ မပြီးနိုင်ဘူးပေါ့။ ခြေထောက်တွေလဲ ညောင်းလို့ ပုလွေရိုး လက်မောင်းလဲ တောင့်လာပြီ။ ခဏလောက် နားရင်း TVသွားမော့နေလိုက်တယ်။ ပြီးမှ ဆက်ပြီး ဆေးတယ်။ မီးဖိုပေါ် ဖုံးထားတဲ့ အလူမီနီယံပြားလည်း အသစ်လဲဖို့ ဖြုတ်ပစ်လိုက်တယ်။ ဘေးအကာကို ဆေးလိုက်တာ စတီးဘရက်နဲ့ အပွတ်လွန်ပြီး အရောင်တွေ ကွက်ကုန်လို့ လွှတ်ပစ်လိုက်ရတော့တယ်။

အားလုံးပွတ်တိုက်အပြီး နေ့တဝက်လဲ ကျိုးသွားပြီ။ (ဟူး~ မောတွားပြီ။) ဆေးထားတာတွေ အခြောက်ခံပြီး ပြန်နား အဲ မနားရပါဘူး။ အဝတ်လျှော်ထားတာတွေ ထုတ်လှမ်း၊ မီးဖိုချောင်သုံး လက်သုတ်တွေ ချွတ်ဆေးနဲ့ စိမ်ထားတာကိုလျှော်၊ ပြီးသွားတော့ ကွန်ပြူတာ ကိုင်ဖို့ မျက်စပစ်နေတာ ကိုင်မိရင် ထချင်မှာမဟုတ်ဘူးဆိုပြီး အောင့်ထားလိုက်တယ်။ ရေခြောက်လောက်ပြီဆိုရင် လုပ်ငန်းပြန်စပါမယ်။ (ဒန်~တန်~ ) တစစီ ဖြုတ်ထားတဲ့ မီးဖိုအစိတ်အပိုင်းတွေ ပြန်ထည့်မယ်။


ပြီးရင် မီးဖို ကွိုင်ပြားပတ်ချာလည် အတွင်းဘက်ကို အလူမီနီယံပြားဝိုင်းဝိုင်းလေးတွေနဲ့ အုပ် အပေါ်ကမှ အလူမီနီယံပြားအကြီးနဲ့ မီးဖိုတခုလုံးကို ထပ်အုပ်တယ်။ နဲနဲတော့ သန့်လာပြီ။ မီးဖိုဘေးအကာတပ်တော့မှ ဆိုဒ်က မကိုက်တော့ဘူး။ အရင်အိမ်တုန်းက သုံးပြီး ပိုတဲ့ဟာကို တပ်တာ ရှေ့ထိမရောက်ဘူး။ နဂိုအကာက ဘေးအတိုအရှည်ကို ဆွဲညှိလို့ရတယ်။ ခုဟာက မရ၊ တခြားအပိုလည်းမရှိတော့ လောလောဆယ် ဒါလေးဘဲ တပ်ထားလိုက်ဦးမယ်။


သန့်သွားပြီ၊ ခုတော့ သန့်သွားပြီ။ အလူမီနီယံပြားရောင်နဲ့ မီးဖိုပြောင် ဖြစ်သွားပြီ။ "ပီကပီက" (ピカピカ)လေး။ ဘယ်လောက်အထိ ခံလေမလဲ မသိ။ ဒီည ဟင်းချက်လို့ ဝေကျရင် ပြန်ညစ်ပတ်သွားဦးမယ်ထင်ရဲ့။ မီးဖို မြန်မြန်သန့်အောင် ဆေးတဲ့နည်းလေးသိရင် ပြောပြကြပါဦးနော။

12 comments:

မီးမီးချစ် said...

တောက်ပြောင် သွားတာပဲ..း)
မိန်းကလေး ပီသတယ်...

khin oo may said...

သန့်ရှင်းပြီးတောက်ပြောင်သွားတာပါဘဲရှင်။

ကျော်နှင်းဆီလွင် said...

တော် တီး တီး တော်
:D
အားကျလိုက်တာ
ကိုယ်ကတော့ ရှင်းရတာတွေ သိပ်စိတ်ညစ်တယ်

စူး said...

အမြဲ သန့်ရှင်းစေချင်ရင် ဟင်းချက်ပီးတိုင်း ဘေးကို သုတ်ပေးပါ။

တကယ်ပြောတာ။ ချက်ချင်းလုပ်တော့ အခုလို မပင်ပန်းတော့ဘူးပေါ့..။

ဂျပန်အမေနဲ့ တူတူနေတုန်းက နည်းယူလိုက်တာပါ။

ThuHninSee said...
This comment has been removed by the author.
ThuHninSee said...

ဆီစင်တာ၊ ဟင်းစက်ကျတာကို
ချက်ပြီးတိုင်း..scrubbing padကို ရေနည်းနည်းစွတ်ပြီး
မီးဖိုနဲ့ပတ်ဝန်းကျင် တိုက်ပေးရင် ပြောင်တယ်။ ချက်ပြီးတာနဲ့ သုတ်ရင်
စွဲမနေတော့ဘူး။
http://www.weiman.com/products/smooth/pads.php
ရိုးရိုးအိုးတိုက်တဲ့ အစိမ်းဖတ်နဲ့ လိုက်သုတ်လဲ ရပါတယ်။

မိုးကောင်းသူ said...

ချက်တောင်မချက်ရက်တော့ဘူး။ သန့်ပြန့်လွန်းလို့လေ။ အစ်မလဲ ချက်ပြီးတိုင်း တိုက်တယ်။ ရိုးရိုးအ၀တ်စိမ်းဖတ်နဲ့ သုပ်ရင် အဲလောက်မပြောင်ဘူး။ scrubbing pad ကိုဝယ်အုံးမယ်။

မြရွက်ဝေ said...

ညီမမီးမီးချစ် ---> မိန်းခလေး ပီသတာလေးဘဲ ဘလော့ပေါ် ရောက်တာ။ :D

မKOM ---> ကျေးဂျူးပါမမ။

Zar Chy ---> ကိုယ်မှ မရှင်းရင် ရှင်းမယ့်သူမရှိဘူးလေ။ ဒါ့ကြောင့် အဟွင့်!

မမြတ်နိုး၊ မသုနှင်းဆီ၊ မမိုးကောင်းသူ ---> ဟင်းချက်ပြီးရင် သုတ်ပစ်ပါတယ်။ မချက်ပြီးခင် ဝေကျသွားရင်တော့ မရတော့ဘူး။ မဲကုန်ရော။ စတီးဘရတ်နဲ့ အားကုန်ပွတ်ရတာ။ scrubbing pad ကို ဂျပန်လို ဘယ်လိုခေါ်လဲ မသိဘူး။ ရှာကြည့်လိုက်ဦးမယ်။

စူးနွယ်လေး said...

စိတ်ညစ်တယ်နော်
တို့လည်း ပဲဟင်းအိုးဝေကျလို့ ချက်တာရပ်ပြီး ချက်ချင်းသုတ်ပစ်ရသေးတယ်
မဟုတ်ရင် ကပ်သွားရင် သုတ်ရခက်တယ်

nu-san said...

တို့မီးဖိုချောင်ကတော့ သာမီးလောက် မသန့်ရှင်းလှပါဘူးကွယ်... အားကျတယ်.. သုတ်တော့ သုတ်တယ်... ဒါပေမယ့် အဲဒီလောက်ကြီး မသန့်ရှင်းဘူး.. :( ကိုယ့်အရည်အချင်းတွေ ကြွားနေတာ.. :D

ရွှန်းမီ said...

လေ့လာမှတ်သားသွားပါတယ်.. =)

ဂျူနို said...

မီးဖို သုံးတိုင်း သန့်ရှင်းရေးလုပ်ရတယ် ညီမရေ။
အဲ့လို လုပ်ရင် ခုလို မပင်ပန်းဘူးပေါ့။

နောက်ပြီး အခန်းရှင်းရင်လည်း အခန်းရဲ့ အတွင်းဖက်ကနေ အပြင်ဖက်ကို ရှင်းလာရတယ်။

ဘီဒိုတွေ ရှင်းချင်ရင်ပဲ ဖြစ်ဖြစ် အခန်းရှင်းရင်ပဲ ဖြစ်ဖြစ် အပေါ်ကနေ အောက်ကိုရှင်းရတယ်။

နောက်ဆုံးမှ ဖုန်စုတ်တာတို့ ဘေဇင် ဆေးတာတို့ လုပ်ရတယ်တဲ့။

အိမ်ရှင်းတဲ့ခါ စာအုပ်စင်က စာအုပ်ကလေးကိုင်ကြည့် ဟယ်ဒါလေး ဖတ်အုန်းမယ်တို့ အ၀တ်ဘီဒိုရှင်းတဲ့ခါ ဒါလေး ဘယ်တုန်းက ၀ယ်တာ ၀တ်ကြည့်အုန်းမယ် တန်သေးရဲ့ လား မသိ မ၀တ်တာကြာပြီ ဆိုပြီး လျှောက် မလုပ်ရဘူးတဲ့ ညီမ။

မအယ်လည်း အိမ် ရှင်းရတာ မလုပ်တတ် မကိုင်တတ်မို့  နောက်ဆုံး စာကြည့်တိုက်မှာ အိမ်ရှင်းနည်း အိမ်ထိန်းသိမ်းနည်း ဆိုလား အဲ့စာအုပ် ဖတ်မှ လွယ်သွားတာ။

ညီမကို ပြောတာ စာအုပ်ထဲက ဟာတွေပါ။

ရေငွေ့ တွေက တံခါး ဖွင့်ပေးရင် အပြင်လေနဲ့ အတွင်း လေ လှည့်ပြီး ထွက်သွားတယ်တဲ့ ညီမရေ။ ဒိုးရိုး ဖွင့်မရလည်း ဖွင့်လို့ ရတာ ဖွင့်ပေးပါ။ တနေ့  ၁၀ မိနစ် ဖွင့်ရတယ်တဲ့။

ဟင်းချက်ရင်လည်း မီးဖို တံခါး ဖွင့်ရတယ်။

ရေ ချိုခန်းက ဟာတွေက မှို ပေါက်တာ ညီမ။ မှို သတ်တဲ့ဆေး နဲ့ လုပ်ရတယ်။ မှိုတွေက ကျန်းမာရေး အတွက် မကောင်းဘူး ဆိုပါတယ်။

ရှည်သွားတယ်။ ကိုယ်ချင်းစာလို့ ပါ။ မအယ်က အိမ်ပွရင် မီးဖို ညစ်ပတ်ရင် စိတ်က မကြည်လင်တော့ဘူး မို့ ။


မအယ်

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP