Friday, November 13, 2009

အိမ်တက်


ဒီမှာ အိမ်ပြောင်းလို့ ကြုံရတာနဲ့ ပတ်သက်ပြီး ရေးချင်ပါတယ်။ ကိုယ့်နိုင်ငံမှာတော့ ဗုဒ္ဓဘာသာဆို အသိတွေဖိတ် အိမ်တက်ဆွမ်းကပ်လိုက်ရင် ပြီးပါတယ်။ အိမ်နီးချင်းတွေကို ဖိတ်သော်ရှိ မဖိတ်သော်ရှိပါ။ အိမ်နီးချင်းဆိုတာ မြင်ပါများရင် ရင်းနှီးလာပါတယ်။ သိပ်အခက်အခဲတော့ မရှိလှပါဘူး။ ဒီမှာကျ အဲလိုမဟုတ်ပါဘူး။ အိမ်ပြောင်းရင် အိမ်နီးချင်းတွေကို လိုက်နှုတ်ဆက်ရတဲ့အလေ့ရှိပါတယ်။

အရင်အိမ်က ၇ထပ်တိုက်ဆိုပေမယ့် တလွှာမှာ အခန်းငယ် ၆ခန်းရှိပါတယ်။ မြန်မာမှာဆိုရင်တော့ ဒီလောက်မြေကွက်ဆို အလယ်လှေခါးနဲ့ ဘယ်ညာမှာ အခန်းဖွဲ့တဲ့ ပုံစံပါ။ အခန်းကကျဉ်းတော့ အများအားဖြင့် တကိုယ်ရေသမားတွေ နေကြပါတယ်။ တချို့ကတော့ အတွဲနဲ့ပေါ့။ မိသားစုတော့ မနေကြပါဘူး။ အားလုံးက အလုပ်ကိုစီမို့ မနက်၇နာရီဝန်းကျင်လောက်ဆို တခါးပိတ်သံတဂျိမ်းဂျိမ်းကြားရပြီး ၇လွှာတထပ်လုံးမှာ ကိုယ်တယောက်သာ ကျန်တတ်ပါတယ်။ လူငယ်ပိုင်းတွေ နေတာများတယ်ထင်ပါတယ်။ ကြာရှည်လဲ မနေကြပါဘူး။

အဲဒီတိုက်မှာ တနှစ်ခွဲကျော်နေရာမှာ ဘေးအခန်းတွေ မျက်နှာချင်းဆိုင်အခန်းတွေ အိမ်ပြောင်းတာ ၄/၅လကြာ တခါလောက် တွေ့ဘူးတာမို့ပါ။ ဒီတိုက်လေးထဲမှာ နေပေမယ့် တခန်းနဲ့တခန်း နှုတ်ဆက်ခြင်းလဲ မရှိပါဘူး။ ဂျပန်မှာ တိုက်မှာနေသူ တယောက်ယောက်နဲ့ အပြင်ထွက်ရင်းဆုံရင် နှုတ်ဆက်ရတဲ့ဓလေ့ရှိပါတယ်။ ရင်းနှီးနှီး မနှီးနှီး "အိုဟိုင်းရိုးဂိုဇိုင်းမစု" "ကွန်နိချိဝ" စသဖြင့်ပါ။ အတန်းက ဆဲန်းဆေးက အိမ်နီးချင်းတွေကို နှုတ်ဆက်ရဲ့လားလို့ ခဏခဏမေးပါတယ်။ ဂျပန်မှာက ရင်းနှီးမှ 'လောကွတ်' (挨拶-အအိစစွတ်) လုပ်တာမဟုတ်ပါဘူး။ သူတို့ရဲ့ ယဉ်ကျေးမှုအနေနဲ့ လုပ်ကြတာပါ။ ရောမရောက်ရင် ရောမလိုကျင့်သင့်တာ သိပါတယ်။ ဒါပေမယ့် တိုက်မှာနေတဲ့ လူငယ်အများစုက ဓာတ်လှေခါးထဲ ဆုံရင်တောင် ဘာသိဘာသာနေကြတယ်။

ဂျပန်လည်း နယ်မြို့တွေမှာ အိမ်နီးချင်း တဦးနဲ့တဦး တွေ့ရင် သေချာနှုတ်ဆက်ကြပေမယ့် မြို့ပြတွေမှာတော့ တသီးတသန့် ဆန်လာပါတယ်။ ရန်ကုန်လည်း အလားတူလို့ဘဲ မြင်မိတယ်။ တိုးတက်လာမှုနဲ့အတူ တသီးသန့်ဆန်လာမှုက ပေါင်းနေပါတယ်။ ဒီတော့ သူတို့ နှုတ်ဆက်လာရင် ကိုယ်လည်း ပြန်နှုတ်ဆက်၊ မသိချင်ယောင်ဆောင်နေရင်တော့ ဘာသိဘာသာဘဲ နေလိုက်ပါတယ်။ ဆဲန်းဆေးကတော့ သူတို့ဘက်က စ,မနှုတ်ဆက်လည်း ကိုယ်က နှုတ်ဆက်ပါတဲ့။ ယဉ်ကျေးမှုမသိသူလို့ အထင်ခံရမှာ စိုးရိမ်ပုံရပါတယ်။ ဆဲန်းဆေးကိုယ်တိုင်ကလည်း နယ်ကလာသူမို့ လောကဝတ်တွေကို အတော်အရေးထားပါတယ်။

နှုတ်ဆက်တာက အခန်းအပြင်မှာ ဆုံတာအပြင် ဒီတိုက်ကို ပထမဆုံး ပြောင်းလာတဲ့အခါမှာလည်း တတိုက်ထဲနေသူတွေကို လိုက်နှုတ်ဆက်ရတဲ့ ဓလေ့လဲရှိပါတယ်။ အရင်ကတော့ တတိုက်လုံး ရှိသမျှအခန်းတိုင်း နှုတ်ဆက်ရပေမယ့်၊ တိုက်တတိုက်မှာ အခန်းပေါင်းများစွာရှိလာရင် လိုက်နှုတ်ဆက်ဖို့က မလွယ်ပါဘူး။ အဲဒီကနေစလို့ မနှုတ်ဆက်မဖြစ်တော့ ကိုယ့်အခန်းရဲ့ ဘယ်ဘက်ညာဘက် အခန်းရယ် အပေါ်အောက်အခန်းရယ်ကို သတ်မှတ်နှုတ်ဆက်ကြပါတယ်။ ဘေးအခန်းက ကိုယ့်မှာ တခုခုအရေးပေါ်ဖြစ်ရင် အကူညီတောင်းနိုင်ဖို့နဲ့ အောက်ဘက်အခန်းကတော့ ကိုယ်က အပေါ်မှာနေတာမို့ ပစ္စည်းတွေပြုတ်ကျတာ သယ်ပြုတုန်း ဆူညံမှုဖြစ်ရင် အားနာစရာကောင်းမှာမို့ ကြိုအသိပေးတာရယ် တကယ်လို့ ကိုယ့်အိမ်မှာ ကလေးငယ်ရှိရင် ကလေးဆော့လို့ အောက်ဘက်ကို အနှောက်အယှက်ပေးကောင်းပေးမိမှာကို ကြိုအသိပေးတဲ့သဘောပါ။

နှုတ်ဆက်ရာမှာလည်း အရင်ရောက်နေသူကို နောက်မှာပြောင်းလာသူက လိုက်နှုတ်ဆက်ရတာပါ။ လက်ချည်းသက်သက် သွားလို့မရပါဘူး။ လက်ဆောင်တခုခု ယူသွားပြီး "အခန်းနံပါတ် ---- ကပါ ---- သူပါ တွေ့ရတာ ဝမ်းသာပါတယ်" (〇〇〇号室から 〇〇です、よるしくおねがいします) လို့ ပြောရပါတယ်။ နှုတ်ဆက်တဲ့ အချိန်တွေ ရက်တွေကလဲ သတ်မှတ်ထားပါတယ်။ ရုံးဖွင့်ရက်တွေဆို လူမရှိမှာစိုးလို့ ပိတ်ရက်တွေမှာ နှုတ်ဆက်ပါတယ်။ အချိန်က စောလွန်းရင် တဖက်သားအတွက် အနှောက်အယှက်မဖြစ်အောင် နေ့ခင်း ၁နာရီကနေ ညနေ ၇နာရီလောက်ကြား သွားရင် သင့်တော်ပါတယ်တဲ့။ ဂျပန်မှာ သတ်မှတ်ထားတဲ့ mannerတွေ အတော်များတယ်။

ဒီလိုရှုပ်တဲ့ အိမ်တက်နှုတ်ဆက်တာကို အရင်အိမ်မှာ တခါမှ မကြုံခဲ့ပါဘူး။ နောက်မှပြောင်းလာတဲ့ အခန်းကလဲ လာမနှုတ်ဆက်သလို ကိုယ်ကလဲ မသွားပါ။ ခဏနေလိုက် ပြောင်းသွားလိုက်ကြလဲ ပါမယ်ထင်ပါတယ်။ ဒီဘက်ကို ပြောင်းလာတော့ ဆဲန်းဆေးက လိုက်နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်ဖို့ တိုက်တွန်းပါတယ်။ ကြာရှည်နေမှာမို့ အခန်းနီးချင်းနဲ့ ရင်းနှီးထားတာ ကောင်းပါတယ်တဲ့။ ပြောင်းတဲ့အထပ်မှာ အခန်း၎ခန်းရှိတာ အစွန်တခန်းဘဲ နေသူရှိပါသေးတယ်။ ဒီတော့ကာ နှုတ်ဆက်ဖို့ ဘေးတခန်းရယ် အပေါ်အောက်ရယ်သာ ရှိပါတယ်။ ဆဲန်းဆေးက အပေါ်ထပ်ပါ နှုတ်ဆက်ဖို့ပြောပေမယ့် အခန်းတာဝန်ခံက အောက်နဲ့ဘေးနဲ့တင် ရပါတယ် ဆိုတာနဲ့ ၂ခန်းကို နှုတ်ဆက်ဖို့ သတ်မှတ်ထားလိုက်တယ်။

အတော်တော့ ရှုပ်ပါတယ်။ သွားရင် ဘာယူသွားရမှန်းမသိတာပါ။ စားစရာလဲ မပေးချင်ပါဘူး။ စူပါက သွားဝယ်ပြီး ယူသွားတယ်ထားဦး ဒါပေးလို့ သင့်တော်ရဲ့လားဆိုတာက တွေးရတယ်။ တခြားဘာပစ္စည်းယူသွားရမယ်မှန်းလဲ မသိတာမို့ နောက်ဆုံး ဆဲန်းဆေးကိုသာ အပူကပ်ရတော့တယ်။ ဆဲန်းဆေးက တန်ဖိုးမကြီးဘဲနဲ့ အသုံးတည့်တာမျိုး ပေးကြတယ်တဲ့။ အများအားဖြင့် Face Towel ပေးကြတယ်ပြောတယ်။ အဲဒါက ဘာဘဲဖြစ်ဖြစ် အသုံးတဲ့တယ်တဲ့။ ဒါနဲ့ ဆဲန်းဆေးနဲ့အတူ ကုန်တိုက်မှာ Face Towel ဝယ်၊ ကောင်တာမှာ အိမ်တက်နှုတ်ဆက်ဖို့လို့ပြော၊ စာရွက်မှာ အမည်ရေးပေးလိုက်ရင် serviceအနေနဲ့ အမည်ကို အိမ်တက်နှုတ်ဆက်တဲ့ စာရွက်ပေါ် printထုတ်ပြီး ပါကင်ပေါ်ကပ်ပေးလိုက်တယ်။ ပိတ်ရက် နေ့ခင်း အဲဒါလေး ယူသွားပြီး ၂ယောက်အတူ လိုက်နှုတ်ဆက်ပါတယ်။


တာဝန်ကျေသွားသလိုတော့ ခံစားရတယ်။ အရှုပ်ကတော့ ပြီးသွားပြီ။ ဒီလိုနဲ့ တခြားအခန်းတွေ ထပ်ပြောင်းလာပြီး ကိုယ့်ဆီလာပြန်နှုတ်ဆက်တာ ကြုံပါတယ်။ ပထမဆုံးက ညာဘက်က အခန်းပါ။ ကလေးလေးချီပြီး သူ့အမျိုးသား ရုံးပိတ်ရက်မရသေးတာမို့ မအားလို့ သူသာ လိုက်နှုတ်ဆက်ရလို့ အားနာပါတယ် ပြောသွားတယ်။ ပါကင်ရော အိပ်ပါ ဆိုင်တဆိုင်ထဲကမို့ ချစ်စရာလေးပါ။ အထဲမှာ ကိတ်မုန့်၆မျိုးကို ၆ချပ်ထည့်ထားတယ်။ စားစရာပေးတာမို့ စိတ်ချရတဲ့ဆိုင်မှန်းသိအောင် တံဆိပ်နဲ့တကွပါတာ ပေးပုံရပါတယ်။


ဒီမှာက မပြောင်းခင် တရက်အကြို ဒါမှမဟုတ်ရင် ပြောင်းပြီး ၂ရက်လောက်အတွင်း လိုက်နှုတ်ဆက်ကြပါတယ်။ ကိုယ်တိုင်တုန်းက သူ့ပိတ်ရက်ကို စောင့်နေတာမို့ ငါးရက်လောက် ကြာသွားတယ်။ သွားနှုတ်ဆက်တုန်း လူမရှိရင် "အခန်းနံပါတ် 〇〇〇ကို ပြောင်းလာသူပါ။ လူမရှိနေတဲ့အတွက် နောက်ထပ်ပါပါ့မယ်"ဆိုပြီး cardမှာရေးပြီး ထားခဲ့ရပါတယ်။ တကယ်လို့ ၂ကြိမ် ၃ကြိမ်သွားသည့်တိုင် လူမရှိတာနဲ့ဘဲကြုံရင် နေတဲ့သူက တကိုယ်ရေသမား ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကိုယ်နေတဲ့တိုက်က မိသားစုနေတဲ့ တိုက်ခန်းမဟုတ်ရင် နှုတ်မဆက်လဲရတယ်ဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီး တယောက်တည်းနေတဲ့အခန်းကို မကြာမကြာသွားနေရင် တမျိုးအမြင်ခံရနိုင်ပါတယ်။ ဒါကြောင့်ဘဲ အရင် တိုက်ခန်းမှာ နှုတ်မဆက်ကြတာများလားလို့ ထင်မိတယ်။ ပြောင်းတဲ့အိမ်က လုံးချင်းအိမ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဘေးဘက်ညာ၂အိမ်အပြင် မျက်နှာချင်းဆိုင် ၃အိမ်ကို နှုတ်ဆက်သင့်ပါတယ်တဲ့။


နောက်နဲနဲကြာတော့ နောက်ထပ်တအိမ်က လာနှုတ်ဆက်တာနဲ့ ကြုံပါတယ်။ အဝတ်လျှော်တဲ့ ဆပ်ပြာရည်ဘူး ထည့်ထားတဲ့ အိတ်လေး ပေးသွားတယ်။ အိမ်တက်နှုတ်ဆက်ရာမှာ ပေးကြတာတွေ ရှာကြည့်တော့ ဆပ်ပြာ၊ တဘက်၊ မုန့် စသဖြင့်တွေ့ရတယ်။ ဈေးနှုန်းအနေနဲ့ သာမန်အားဖြင့် ယန်းငါးရာကနေ နှစ်ထောင်ဝန်းကျင်လောက် ရှိတာကို ဝယ်ပေးကြပါတယ်။ လက်ဆောင်ပစ္စည်းမှာ အသုံးတည့်တဲ့ နေ့စဉ်သုံးပစ္စည်းကိုပေးတာ သင့်တော်ပါတယ်တဲ့။ နောက်မှ အိမ်တက်နှုတ်ဆက်ဖို့အတွက် setအလိုက် လုပ်ထားတာတွေရှိမှန်း သိရတော့တယ်။ ဂျပန်ရဲ့ များပြားလှတဲ့ mannerတွေကို ခုထက်ထိတော့ သူ့အရပ် သူ့ဒေသနဲ့ လိုက်လျောအောင် လုပ်သင့်တာတွေ သင်ယူဆဲပါ။

7 comments:

မီယာ said...

ချစ်စရာ ဓလေ့နော်... ကိုယ့်တိုင်းပြည်မှာဆို အိမ်နီးချင်းက ဆွေမျိုးလိုပဲ။ ဒီမှာတော့ ဖာသိဖာသာ နေကြတာ များတယ်။ လက်ဆောင် အထုပ်လေးကလည်း လှလိုက်တာ ချစ်စရာလေး...

Vista said...

ချစ်စရာဓလေ့ပဲ

ပုံရိပ် / Pon Yate said...

မြန်မာပြည်မှာဆို အိမ်နီးချင်းတွေ ဖိတ်ကျွေး။ ဂျပန်မှာတော့ လက်ဆောင်လေးတွေ လိုက်ပေးပြီး နှုတ်ဆက်။ ယဉ်ကျေးမှု တမျိုးပေါ့။

nu-san said...

အဲဒီလို အိမ်နီးနားချင်းတွေကို လိုက်နှုတ်ဆက်ရတယ်ဆိုတာ သိဘူးတော့.. အမတို့ အခုအိမ်မှာနေတာ ၃ နှစ်ပြည့်တော့မယ် ဘေးအိမ်က ဘယ်သူတွေရှိလို့ ရှိမှန်းမသိဘူး.. လူရှိတာတော့ သေချာတယ်.. :P သူတို့ ဓလေ့တွေ သိထားရတော့ ကောင်းတာပေါ့နော.်. နောက်တအိမ်ပြောင်းဖြစ်ရင်တော့ အဲဒီလို လိုက် နှုတ်ဆက်ရမယ်.... :)

khin oo may said...

:cool:

နေ့အိပ်မက် said...

အဲလိုလိုက်နှုတ်ဆက်ပြီး နောက်ဆိုတကယ်ခင်သွားရောလား

နေ့အိပ်မက် said...

မြန်မာပြည်မှာဆို အိမ်တက်ဖိတ်ပြီးလဲ ခင်ချင်မှ ခင်သွားကြတာလေ.. တချို့အခန့်မသင့်ရင် အမြင်တောင် စောင်းကြသေး :P

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP