အိမ်မှာရှိတဲ့ Apron လေးက အပြာရောင်မို့ ဆီစင် ဆနွင်းပေနဲ့ ဟောင်းလို့လာတယ်။ အသစ်ဝယ်ရမှာထက် ကိုယ်တိုင် ချုပ်ကြည့်ချင်တာကြောင့် အွန်လိုင်းကနေ ပိတ်စဝယ်ရင်း Apron ချုပ်ဖို့ အစပါ ဝယ်လိုက်တယ်။ ဝယ်တဲ့ဆိုင်က ဖြတ်စတွေဘဲ ရောင်းတာပါ။ 1m (သို့) 2m ဖြတ်ပြီးသား အစတွေမို့ အပြင်မှာ ဝယ်တာထက် ဈေးတော်ပါတယ်။ ကြိုက်တဲ့ အဆင်ထဲမှာ ပန်းရောင်လဲ ရှိပေမယ့် ညစ်ပေတာ မသိသာအောင် 2m ဖြတ်စ လိမ္မော်ရောင်လေးကိုဘဲ ရွေးဖြစ်လိုက်တယ်။
Wednesday, September 26, 2012
Sunday, September 23, 2012
ဝက်ဖြစ်ကတတ်ဆန်းလုံး
သေချာRecipeအတိုင်းချက်တဲ့ဟင်းဆို အိမ်ကြီးရှင်ဆီက အမှတ်သိပ်မရဘူး။ ဘာလိုနေမှန်းမသိပါဘူး။ အထူးတလည် အရသာကောင်းတာမျိုးမဟုတ်၊ ပုံမှန်ဘဲဆိုတော့ ပင်ပန်းရကျိုး မနပ်ဘူး။ ဈေးမသွားဖြစ်လို့ အိမ်မှာရှိတာနဲ့ ပြီးစလွယ်ချက်တဲ့ဟင်းတွေဆို စားလို့ကောင်းသတဲ့။ ဟမ်! ကိုယ့်ဘာသာတောင် ဟင်းချက်ရင်း တဝက်လောက် ရောက်တဲ့အထိ ဘာဟင်းချက်နေမှန်း မပြောတတ်ဘူး။ အချိုလား အချဉ်လား အစပ်လား စဉ်းစားရင်း ဟင်းအခြေအနေကြည့်လို့ ချဉ်ပစ်လိုက်မယ်ကွဆိုပြီး ရှာလကာရည်ထည့်ချက် စပ်ပစ်လိုက်မယ်ကွယ်ဆိုပြီး ငရုတ်သီးစိမ်းလှီးထည့်လုပ်နေတာ။ ထမင်းပွဲပြင်ပြီးရင် အိမ်ကြီးရှင် မျက်နှာရိပ်ကိုကြည့်၊ ဘာမှမပြောဘူး ဆက်စားနေရင် ဒါမဆိုးလို့ဘဲ၊ စားလို့ကောင်းတယ်ပြောရင် ဘာထည့်ချက်မိလဲ မှတ်ထားရတယ်။ အများအားဖြင့်တော့ ပြီးစလွယ်ချက်တဲ့ဟင်းတွေ မျက်နှာရတယ်။ ဒီတော့ အချိန်ကုန်ခံ ခေါင်းရှုပ်ခံပြီး Recipeအတိုင်း လိုက်ချက်မနေတော့ဘူး။
"အသားမှာ ဝက်" ဆိုတဲ့အတိုင်း ဝက်သား အတော်ကြိုက်တဲ့ အိမ်ကြီးရှင်အတွက် ဝက်သား မကြာမကြာ ချက်ဖြစ်ပါတယ်။ ဝက်သားဆို အချိုချက်ကိုပိုကြိုက်တာမို့ ကြာညို့ သကြား ထည့်ပြီး လုံးချက်လုပ်စားဖြစ်တာများတယ်။ စိတ်ရှည်လက်ရှည်ရှိတဲ့အခါ ဝက်သားလုံး လုံးပြီး ကြော်စားတယ်။ အရင်က ဝက်သား ကြိတ်သားနဲ့လုံးတယ်။ တခါပျင်းပျင်းရှိတာနဲ့ အသီးအရွက်နဲ့ ကြော်စားဖို့ ဝယ်ထားတဲ့ အသားလွှာပါးပါးတွေကို လုံးပြီးစားကြော်စားတာ စားကောင်းလို့ ကြိတ်သားနဲ့ ဝက်သားလုံးကို ကြေးအိုးချက်စားမှ လုပ်ဖြစ်တော့တယ်။
"ရှာဘူရှာဘူ"(Shabu shabu)အတွက်လို့ရေးထားတဲ့ အသားလွှာပါးပါးနဲ့ ဝက်သားလုံးလုပ်ရင် မြန်ဆန်ပြီး အချိန်ကုန်သက်သာတယ်။ ပြောနေတာ ကြာတယ်၊ ချက်လိုက်မယ် လာလေ့။ ဇလုံထဲ ကြက်သွန်နီကို ဂျစ်အပေါက်ကြီးကြီးဘက်က ခြစ်ထည့်ပါ။ အရင်ကတော့ ကြက်သွန်ဖြူ နီ ဂျင်းကို Blenderနဲ့ ကြိတ်တယ်။ ဆုံနဲ့ ထောင်းတာလောက် မကြိုက်ဘူး။ တခါ ဟင်းချက်ဖို့ ကြက်သွန်ဆီသပ်နဲနဲဘဲလိုလို့ Blender မသုံးချင်တာနဲ့ ဂျစ်နဲ့ ကောက်ခြစ်လိုက်တာ ငရုတ်ဆုံနဲ့ ထောင်းသလို ခပ်ဆင်ဆင်ရတာမို့ နောက်ပိုင်း Blender မသုံးဖြစ်သလောက်ပါဘဲ။ အဲ လက်မပါအောင်တော့ သတိထားဖို့တော့လိုတယ်။(၂ခါလောက် ပါဘူးတာမို့) ကြက်သွန်ဖြူနဲ့ ဂျင်းကို သေးတဲ့ဘက် သုံးပြီးခြစ်။
ပြီးရင် ကြက်ဥတလုံး၊ တန်ပူရာမှုန့်နဲနဲ၊ ပြောင်းမှုန့်၊ ဆား သကြား အသားမှုန့် ငရုတ်ကောင်းထည့်နယ်၊ အားလုံးနှံ့သွားရင်း အသားထည့်နယ်ပါတယ်။ ဆီပူလာရင် အသားလွှာကို လိုသလောက်ယူပြီး အိုးထဲထည့်ကြော်ရုံပါ။
ကြိတ်သားလို လုံးလုံးလေးတွေ လုပ်နေဖို့ မလိုပါဘူး။ ဒါကြောင့် လုံးရတဲ့ အချိန် အတော်သက်သာပါတယ်။ အသားလွှာကို သုံးထားလို့ ကျက်သွားရင် ခပ်ပွပွလေးနဲ့ စားကောင်းပါတယ်။ ကိုယ့်ကို ပြီးပြီးရောလုပ်သူများအတွက် ဝေမျှလိုက်ပါတယ်။ ပိုတဲ့အချိန် ဇာတ်လမ်းထိုင်ကြည့်နိုင်ပါစေ။
p.s လောလောဆယ် Hulu Website မှာ House, M.D. (TV series) စွဲနေပါတယ်။ Gregory House ရဲ့ character ကို သဘောကျလို့။

Saturday, September 22, 2012
ကန်စွန်း
ဒီနှစ် ဂျပန်မှာ အရင်နှစ်တွေကထက် ပူလို့ထင်တယ်၊ ကန်စွန်းရွက်ပေါတယ်။ ဈေးလဲကျတယ်ပြောရမယ်။ တခါမှ ကန်စွန်းရွက်မတင်ဘူးတဲ့ အိမ်နားက စူပါမှာတောင် တခါတလေ တွေ့တယ်။ ဂျပန်တွေ ကန်စွန်းရွက် သိပ်မစားကြဘူးထင်တယ်။ ကန်စွန်းရွက်ရွေးနေတုန်း ဂျပန်အဒေါ်ကြီးတယောက်က အဲဒါ ဘယ်လိုချက်စားရသလဲတဲ့ သူ့ကို သူများလက်ဆောင်ပေးထားတာ ဘယ်လိုစားရမှန်းမသိလို့တဲ့လေ။ ကြော်စားပါလို့ပြောလိုက်တယ်။
အိမ်မှာ ချက်စားဖြစ်တဲ့ ကန်စွန်းရွက်ဟင်းတွေ စုတင်လိုက်တယ်။

ကန်စွန်းရွက်ချဉ်ရည်ဟင်း
ဘေကွန် ကန်စွန်း

frozen ကန်စွန်းရိုး
frozen ကတော့ လတ်လတ်ဆတ်ဆတ်လောက် မကောင်းဘူးပေါ့။frozen ကန်စွန်း + sausage ပါးပါးလှီး
ကန်စွန်း + အဲလင်းဂိမှို
ကန်စွန်းပလိန်း
ကန်စွန်းပျိုးအိုး
Saturday, January 7, 2012
တိုဟူး တိုဖူး tōfu
တိုဟူး သူများတွေ လုပ်တတ်ပေသိ ကိုယ်မလုပ်တတ်သေးဘူး။ စားချင်တော့လဲ အင်တာနက်က သင်ဆရာ မြင်ဆရာ တွေဆီလိုက်ရှာဖတ်ပြီး စမ်းကြည့်တယ်။ သူငယ်ချင်းလုပ်တာ အောင်မြင်တယ်ဆိုလို့ သူ့နည်းအတိုင်း လိုက်လုပ်ကြည့်ပါတယ်။
ဒါက ပထမအကြိမ် လုပ်ကြည့်တာပါ။ မွှေးပဲစိမ်းမှုန့်ထုပ်ကို ဆန်ချိန်ခွက်ထဲ ထည့်ချိန်တာ ၂ခွက်စာလောက်ရှိတယ်။ ဒီတော့ ရေကို သုံးဆဆိုတော့ ၆ခွက်ထည့်ရမှာပေါ့။ သိပ်ရေများနေမှာစိုးပြီး ၅ခွက်ကျော်ကျော်လေး ထည့်ဖျော်တယ်။ တနာရီကျော်ထားလဲ အပေါ်ယံအရည်ကြည်က တက်မလာဘူး။ ရောနေတယ်။ စောင့်ရတာ စိတ်မရှည်သူဆိုတော့ ကဲလေဟယ် ဆိုပြီး အကုန်အိုးထဲထည့်ကျိုလိုက်တယ်။ ဘယ်အနေလောက် ချရမှန်းမသိဘူး။ နာရီကြည့်ရင်း မွှေရင်း ၁၅မိနစ်လောက်နေတော့ ချပြီး အအေးခံလိုက်တယ်။ တိုဟူးဖြစ်သွားပါတယ်။ သုပ်စားလို့တော့ အနေတော်ပါ။ သို့ပေသိ အကြော်ကြိုက်တဲ့ အိမ်ကြီးရှင်အတွက် ကြော်တဲ့အခါ အလယ်ခွဲထားတဲ့နေရာက တိုဟူးတွေ ပျော်ထွက်လာတယ်။ ရေမကုန်သေးတဲ့သဘောမှာ ရှိတယ်။
ယနေ့ ၂ကြိမ်မြောက် စမ်းပါတယ်။ နက်ထဲ ထပ်လိုက်ရှာဖတ်ပါတယ်။ ဒီတခါ ကိုညီမူရာနည်းကို မှီးပါတယ်။ မွှေးပဲစိမ်းမှုန့်တထုပ်၊ ရေ ၂ဆခွဲ၊ ဆား ဆနွင်း နဲနဲစီနဲ့၊ ပဲစိမ်းနံ့ပျောက်အောင် ဂျင်းရည်နဲနဲ ညှစ်ထည့်လိုက်တယ်။ နာရီဝက်လောက်ပစ်ထားလိုက်တယ်။ နောက် အိုးထဲလောင်းထည့်ပြီး မီးပြင်းပြင်းနဲ့ တမိနစ်တည်တယ်။ အလယ်အလတ်မီးနဲ့ ၂မိနစ်။ အဲဒီကနေ ပျစ်ခဲလိုက်လာလို့ အမြန်မွှေပေတော့ဘဲ။ မီးအား လျော့လျော့နဲ့ ၃-၄မိနစ်မွှေတည်ပြီး ဆီသုတ်ထားတဲ့ ဗန်းထည် ထည့်အအေးခံလိုက်တယ်။ jan~jann~~!! လိုချင်တဲ့ တိုဟူး ရပြီ။
ဒီတခါကြော်တာ အလယ်က တိုဟူးတွေ စီးမထွက်တော့ပါဘူး။ ပိုစားလို့ကောင်းတယ်လို့ ချီးကျူးခံရတယ်။ အဟေ ;) ဒီတခါ သိသွားပြီ။ ကြော်စားဖို့ဆို တိုဟူး ခပ်တင်းတင်းလေးမှ အဆင်ပြေတယ်ဆိုတာကို။ တိုဟူးကြော်တာ ဆီအတော်ကုန်ပါတယ်။ ဆီတော်တော်စုပ်တာကိုး။ ကယ်လိုရီကြောက်သူများ သုပ်စားဖို့ အကြံပြုပါတယ်။
ဘာဘဲပြောပြော အင်တာနက်ပေါ်က မြင်ဆရာများကို ကျေးဇူးအများကြီးတင်ပါတယ် "အာရိဂတိုး ဂိုဇိုင်းမတ်စု"

Sunday, January 1, 2012
Happy New Year
အားလုံး မင်္ဂလာနှစ်သစ် ဖြစ်ပါစေ :)
မွေးရပ်အပြန် ရောက်ရောက်ချင်း မနက်ခင်း လမ်းလျှောက်ထွက်ရင်း ရိုက်လာတဲ့ Sunrise ပုံပါ။
Subscribe to:
Posts (Atom)