Wednesday, September 26, 2012

Apron လွယ်လွယ် ချုပ်ကြမယ်

အိမ်မှာရှိတဲ့ Apron လေးက အပြာရောင်မို့ ဆီစင် ဆနွင်းပေနဲ့ ဟောင်းလို့လာတယ်။ အသစ်ဝယ်ရမှာထက် ကိုယ်တိုင် ချုပ်ကြည့်ချင်တာကြောင့် အွန်လိုင်းကနေ ပိတ်စဝယ်ရင်း Apron ချုပ်ဖို့ အစပါ ဝယ်လိုက်တယ်။ ဝယ်တဲ့ဆိုင်က ဖြတ်စတွေဘဲ ရောင်းတာပါ။ 1m (သို့) 2m ဖြတ်ပြီးသား အစတွေမို့ အပြင်မှာ ဝယ်တာထက် ဈေးတော်ပါတယ်။ ကြိုက်တဲ့ အဆင်ထဲမှာ ပန်းရောင်လဲ ရှိပေမယ့် ညစ်ပေတာ မသိသာအောင် 2m ဖြတ်စ လိမ္မော်ရောင်လေးကိုဘဲ ရွေးဖြစ်လိုက်တယ်။


ပိတ်အနားလုံးဖို့ Bias Tape လဲ ပိတ်စနဲ့လိုက်မယ့် လိမ္မော်ရောင်အသီးလေးတွေ ပါတာကို ဝယ်လိုက်တယ်။

အိမ်မှာ ရှိတဲ့ Apron ကို ချတိုင်း၊ ကိုယ့်ကိုယ်နဲ့ ပြန်ကပ်ကြည့်၊ လိုအပ်မယ့်အရှည် အကျယ်တွေကို တွက်ချက်ပြီး တစ်ထည် ချုပ်ကြည့်တယ်။ ချုပ်နေရင်း သူငယ်ချင်း တယောက်က သူ့အိမ်မှာ မုန့်လုပ်စားရအောင်လို့ message ပို့လာတာကြောင့် လက်ဆောင်ပေးမယ် ရည်ရွယ်ပြီး အိမ်ရှင်သူငယ်ချင်းအတွက် တထည် ထပ်ချုပ်လိုက်တယ်။ အရင်တထည်က အတူသွားမယ့် သူငယ်ချင်းကို ပေးမယ် ရည်ရွယ်တယ်။ အိမ်ရှင်သူငယ်ချင်းက ကိုယ့်နဲ့စာရင် ပိုဝတာကြောင့် ရင်ဘက်အကျယ်ကို နဲနဲပိုကြီးပြီး ချုပ်လိုက်ပါတယ်။ နှစ်ထည်လုံးပြီးတဲ့အခါ အတော်ညည့်နက်နေပြီ။ အိပ်ယာထဲရောက်မှ သတိရမိတာက ခါးကြိုးအရှည်ကို အတူတူထားထားမိတာဘဲ။ ထင်တဲ့အတိုင်းပါဘဲ အိမ်ရှင်သူငယ်ချင်း ဝတ်ကြည့်တော့ sizeက တော်ပေမယ့် ခါးကြိုးက ဖဲပြားချည် ချည်လို့မရဘူး၊ နောက်သူငယ်ချင်းကတော့ ရတယ်။ သူတို့မှ ဒီလို အရောင်လွင်လွင် Apron မရှိလို့ ၂ယောက်လုံးတော့ သဘောကျကြတယ်။ ကိုယ်လဲ ကျေနပ်ရပါတယ်။ နောက်ဆို လက်ဆောင်ပေးမယ့်သူက ကိုယ့်ထက် ပိန်လား ဝလား ရွယ်တူလားကို သတိထားပြီး ချုပ်ရမယ်။

အောက်က အတိုင်းပုံက ကိုယ့်sizeမို့ M size လို့ ပြောလို့ရသလို S size လို့ ပြောရင်လဲ ရမယ်။ size ကြီးချင်ရင် ရင်ဘက်အကျယ်နဲ့ ခါးကြိုးအရှည်ကို ကိုယ်လိုသလောက် ထပ်ဖြည့်ပြီး ချုပ်ပါ။

ဒါက ချုပ်ပြီးသားပုံ။ အနားဖက်ကို လှိုင်းလေးတွေလုပ်ထားတယ်။

အိပ်ကပ်ကတော့ ပိုတဲ့ပိတ်စပေါ် မူတည်ပြီး ညှပ်ပါ။ ပုံမှန်အားဖြင့်တော့ ချုပ်စာအပါအဝင် အလျား၆လက်မ အနံ၇လက်မရှိပါတယ်။

ဒါက အိပ်ကပ်မထည့်ထားဘူး။ အဖျားဘက်လဲ ရိုးရိုးအဖြောင့်ချုပ်ထားတယ်။

အပေါ်ဘက်ကိုတော့ မတူအောင် Bias Tape ကို အပြန့်လိုက် ကွတ်ချုပ်လိုက်တယ်။

မော်ဒယ်က ဝတ်လိုက်တော့ ဒီလိုဖြစ်သွားပါတယ်ကွယ်။ :P
ချုပ်ရတာလွယ်ကူပြီး ပိတ်တစကို Apron ၄ထည်တောင် ရတာမို့ (ဂျပန်မှာ) အတော်တန်ပါတယ်။ ဝါသနာပါသူများ ချုပ်နိုင်စေဖို့ ဝေမျှလိုက်ပါတယ်။

1 comment:

Unknown said...

ချုပ်နည်းလေးအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP