Sunday, September 23, 2012

ဝက်ဖြစ်ကတတ်ဆန်းလုံး

သေချာRecipeအတိုင်းချက်တဲ့ဟင်းဆို အိမ်ကြီးရှင်ဆီက အမှတ်သိပ်မရဘူး။ ဘာလိုနေမှန်းမသိပါဘူး။ အထူးတလည် အရသာကောင်းတာမျိုးမဟုတ်၊ ပုံမှန်ဘဲဆိုတော့ ပင်ပန်းရကျိုး မနပ်ဘူး။ ဈေးမသွားဖြစ်လို့ အိမ်မှာရှိတာနဲ့ ပြီးစလွယ်ချက်တဲ့ဟင်းတွေဆို စားလို့ကောင်းသတဲ့။ ဟမ်! ကိုယ့်ဘာသာတောင် ဟင်းချက်ရင်း တဝက်လောက် ရောက်တဲ့အထိ ဘာဟင်းချက်နေမှန်း မပြောတတ်ဘူး။ အချိုလား အချဉ်လား အစပ်လား စဉ်းစားရင်း ဟင်းအခြေအနေကြည့်လို့ ချဉ်ပစ်လိုက်မယ်ကွဆိုပြီး ရှာလကာရည်ထည့်ချက် စပ်ပစ်လိုက်မယ်ကွယ်ဆိုပြီး ငရုတ်သီးစိမ်းလှီးထည့်လုပ်နေတာ။ ထမင်းပွဲပြင်ပြီးရင် အိမ်ကြီးရှင် မျက်နှာရိပ်ကိုကြည့်၊ ဘာမှမပြောဘူး ဆက်စားနေရင် ဒါမဆိုးလို့ဘဲ၊ စားလို့ကောင်းတယ်ပြောရင် ဘာထည့်ချက်မိလဲ မှတ်ထားရတယ်။ အများအားဖြင့်တော့ ပြီးစလွယ်ချက်တဲ့ဟင်းတွေ မျက်နှာရတယ်။ ဒီတော့ အချိန်ကုန်ခံ ခေါင်းရှုပ်ခံပြီး Recipeအတိုင်း လိုက်ချက်မနေတော့ဘူး။

"အသားမှာ ဝက်" ဆိုတဲ့အတိုင်း ဝက်သား အတော်ကြိုက်တဲ့ အိမ်ကြီးရှင်အတွက် ဝက်သား မကြာမကြာ ချက်ဖြစ်ပါတယ်။ ဝက်သားဆို အချိုချက်ကိုပိုကြိုက်တာမို့ ကြာညို့ သကြား ထည့်ပြီး လုံးချက်လုပ်စားဖြစ်တာများတယ်။ စိတ်ရှည်လက်ရှည်ရှိတဲ့အခါ ဝက်သားလုံး လုံးပြီး ကြော်စားတယ်။ အရင်က ဝက်သား ကြိတ်သားနဲ့လုံးတယ်။ တခါပျင်းပျင်းရှိတာနဲ့ အသီးအရွက်နဲ့ ကြော်စားဖို့ ဝယ်ထားတဲ့ အသားလွှာပါးပါးတွေကို လုံးပြီးစားကြော်စားတာ စားကောင်းလို့ ကြိတ်သားနဲ့ ဝက်သားလုံးကို ကြေးအိုးချက်စားမှ လုပ်ဖြစ်တော့တယ်။

"ရှာဘူရှာဘူ"(Shabu shabu)အတွက်လို့ရေးထားတဲ့ အသားလွှာပါးပါးနဲ့ ဝက်သားလုံးလုပ်ရင် မြန်ဆန်ပြီး အချိန်ကုန်သက်သာတယ်။ ပြောနေတာ ကြာတယ်၊ ချက်လိုက်မယ် လာလေ့။ ဇလုံထဲ ကြက်သွန်နီကို ဂျစ်အပေါက်ကြီးကြီးဘက်က ခြစ်ထည့်ပါ။ အရင်ကတော့ ကြက်သွန်ဖြူ နီ ဂျင်းကို Blenderနဲ့ ကြိတ်တယ်။ ဆုံနဲ့ ထောင်းတာလောက် မကြိုက်ဘူး။ တခါ ဟင်းချက်ဖို့ ကြက်သွန်ဆီသပ်နဲနဲဘဲလိုလို့ Blender မသုံးချင်တာနဲ့ ဂျစ်နဲ့ ကောက်ခြစ်လိုက်တာ ငရုတ်ဆုံနဲ့ ထောင်းသလို ခပ်ဆင်ဆင်ရတာမို့ နောက်ပိုင်း Blender မသုံးဖြစ်သလောက်ပါဘဲ။ အဲ လက်မပါအောင်တော့ သတိထားဖို့တော့လိုတယ်။(၂ခါလောက် ပါဘူးတာမို့) ကြက်သွန်ဖြူနဲ့ ဂျင်းကို သေးတဲ့ဘက် သုံးပြီးခြစ်။

ပြီးရင် ကြက်ဥတလုံး၊ တန်ပူရာမှုန့်နဲနဲ၊ ပြောင်းမှုန့်၊ ဆား သကြား အသားမှုန့် ငရုတ်ကောင်းထည့်နယ်၊ အားလုံးနှံ့သွားရင်း အသားထည့်နယ်ပါတယ်။ ဆီပူလာရင် အသားလွှာကို လိုသလောက်ယူပြီး အိုးထဲထည့်ကြော်ရုံပါ။


ကြိတ်သားလို လုံးလုံးလေးတွေ လုပ်နေဖို့ မလိုပါဘူး။ ဒါကြောင့် လုံးရတဲ့ အချိန် အတော်သက်သာပါတယ်။ အသားလွှာကို သုံးထားလို့ ကျက်သွားရင် ခပ်ပွပွလေးနဲ့ စားကောင်းပါတယ်။ ကိုယ့်ကို ပြီးပြီးရောလုပ်သူများအတွက် ဝေမျှလိုက်ပါတယ်။ ပိုတဲ့အချိန် ဇာတ်လမ်းထိုင်ကြည့်နိုင်ပါစေ။


p.s လောလောဆယ် Hulu Website မှာ House, M.D. (TV series) စွဲနေပါတယ်။ Gregory House ရဲ့ character ကို သဘောကျလို့။

No comments:

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP