Friday, June 10, 2011

ကန်စွန်းဥဖုတ်

ကန်စွန်းဥဆို ဖုတ်ထားတာဘဲ ကြိုက်ပါတယ်။ အိမ်မှာက ပြုတ်ဘဲပြုတ်တာမို့ သိပ်မစားပါဘူး။ ခြံပြင်မှာ မီးပုံရှို့တဲ့နေ့မှာ ကန်စွန်းဥ ရှိတာနဲ့ကြုံရင် ပြာတွေအောက် ထိုးထည့်ထားလိုက်တယ်။ ကျက်လောက်ရင် ထုတ်ပြီး မောင်နှမတွေ တယောက်တဖဲ့စားတာ သတိရတယ်။ ကန်စွန်းဥဖုတ်က အချိန်တော့ အတော်ကုန်ပါတယ်။ ဆောင်းတွင်းဆို ဒီမှာ ကန်စွန်းဥဖုတ်တွေ လှည့်ရောင်းတဲ့ ကားရှိတယ်။ "ရာကိအိမို~~~ ရာကိအိမို" အသံရှည်ဆွဲပြီးအော်သံကို ကက်ဆက်နဲ့ဖွင့်ပြီး ကားလေးက တလိမ့်လိမ့် တလမ်းဝင် တလမ်းထွက်မောင်းပြီး လှည့်ရောင်းတာပါ။ ကန်စွန်းဥဖုတ်တလုံးကို ယန်း၃၀၀ ပေးရတာမို့ ဈေးမတော်လှပါဘူး။ စားချင်တဲ့ အချိန်လဲ ကားက လာဦးမှပါ။ ပြီးတော့ ရန်ကုန်မှာလို ဝရန်တာကနေ လက်ခုပ်တီးပြီး ဦးလေးကြီး ခဏဆို လှမ်းအော်တားလို့ရတာမျိုးလဲမဟုတ်ဘူးလေ။ ဈေးဝယ်ထွက်လို့ ကားလာတာနဲ့ တိုက်ဆိုင်မှ ဝယ်ဖြစ်တယ်။ စားချင်တိုင်း မစားရတော့ ကိုယ်တိုင်ဖုတ်ဖို့စိတ်ကူးပြီး အိုးတလုံး ရှာဝယ်လိုက်တယ်။
ဂတ်စ်မီးဖိုမှာတည်လို့ရတဲ့ အမျိုးအစားပါ။ ကန်စွန်းဥအပြင် ပြောင်းဖူးရော ငါးအသားတုံးပါကင်လို့ရပါတယ်။ အိုးက အောက်ဘက်မှာ အပေါက်တွေ ပါပါတယ်။ မီးအားအလယ်အလတ်လောက်နဲ့ ကန်စွန်းဥဆို မိနစ် ၃၀ ~ ၄၀၊ ပြောင်းဖူးနဲ့ ငါးက မိနစ် ၂၀ ~ ၃၀ ပါ။
ဝယ်လာတဲ့ ကန်စွန်းဥက အတော်ကြီးတာမို့ တလုံးဘဲ ထည့်ဖုတ်ဖြစ်တယ်။ ဆယ်မိနစ်တကြိမ် မျက်နှာပြင်ကို လှည့်ပေးလိုက်တာ မိနစ်၄၀နဲ့လေးဘက်လုံးလှည့်ကင်အပြီး ဖြစ်သွားတယ်။
မွှေးရနံ့လေး တသင်းသင်းနဲ့ ကန်စွန်းဥဖုတ်ပါ။

5 comments:

Cameron said...

ငယ်ငယ်တုန်းက ရွာမှာ ထင်းမီးဖိုပြာပူထဲ ကန်ဇွန်းဥဖုတ်စားခဲ့တာကို အမှတ်ရမိတယ်...။
အကင်အိုးလေးကို သဘောကျလိုက်တာ....။

ခင်တဲ့
မိုးငွေ့

khin oo may said...

မီတာခကုန်၏။ အဲ ဂတ်စ်ဘိုး. မီနစ်လေးဆယ်.

မြရွက်ဝေ said...

မိုးငွေ့ ---> ကျေးဇူး :)

မခင်ဦးမေ ---> ဂတ်စ်က ငွေ့ငွေ့ဖွင့်တာဆိုတော့ သိပ်မကုန်ဘူးထင်တာဘဲ။ :P

စန္ဒကူး said...

မီးသွေးခဲ ပြာပူထဲထည့်ဖုတ်တဲ့ကန်ဇွန်းဥအရသာတော့ မမှီနိုင်ပေမယ့် အလွမ်းပြေပေါ့မမရယ်...
အဲလိုအိုးလေးတောင်လိုချင်လာပီ..
ခရမ်းသီးဖုတ်သုတ်၊ ခရမ်းချဉ်သီးဖုတ် ငရုတ်သီးထောင်း... အစုံကိုလုပ်စားပစ်မှာ

စော(အဝါရောင်မြေ) said...

အင်း စာခြင်စိတ်တောင် ပေါ်လာပြီ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP