ထိုင်ဝမ်ကသူငယ်ချင်းနဲ့ onlineမှာစကားပြောဖြစ်တုန်းကပေါ့။ သူတို့ဆီမှာ မြန်မာပြည်လိုဘဲတဲ့၊ မြန်မာပြည်မှာရှိတဲ့ သားငါးသီးနှံအစုံ ရှိတယ်တဲ့။ ဒီနေ့ ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်ချက်တယ်ဆိုတော့ မြင်ယောင်ပြီး သွားရည်ကျလိုက်ရတာ။ ဗမာဆိုတာ ချဉ်ငံစပ်ကြိုက်တာလေ။ သူများနိုင်ငံရောက်ရင် ဒီချဉ်ငံစပ်တောင့်တတဲ့စိတ်က ပိုဆိုးတယ်။ ဂျပန်တွေက အချဉ်အစပ် မစားနိုင်ကြတော့ သူတို့စားစရာတွေက ခပ်ချိုချိုတွေများတယ်။ ယိုးဒယားဆိုင် သွားစားတာတောင် ဂျပန်စားနိုင်အောင်လုပ်ထားတော့ တုံရမ်းခေါက်ဆွဲပြုတ်က ချဉ်တော့ချဉ်ပါရဲ့၊ ဗမာပါးစပ်ထဲ လုံးဝမစပ်ဘူး။ ဘေးစားပွဲက ဂျပန်မလေးကတော့ နှပ်လေးတရှုံရှုံနဲ့ စားနေလေရဲ့။ စားချင်တာ မစားရတော့ ကိုယ့်ဘာသာကိုယ် ရမ်းသမ်းcookရတာပေါ့။ ဒီကြားထဲ ဟင်းအမယ်တွေ ရှာရခက်တော့ ပိုအဆင်မပြေဘူး။ ပထမအကြိမ် ရခိုင်မုန့်တီချက်တုန်းက ငါးကလည်း မရွေးတတ်၊ စပါးလင်၊ ငရုတ်သီးစိမ်းလဲ မရှိနဲ့ဆိုတော့ စားရတာ မကြိုက်ဘူး။ ဒီမှာ ပင်လယ်ငါးတွေဘဲ များတယ်။ ပြီးတော့ ငါးက စပါးလင်နဲ့ချက်မှ ပိုမွှေးသလိုဘဲ။ ဂျပန်မှာ စပါးလင်က ရှိပေမယ့် အလွယ်တော့ ဝယ်လို့မရဘူး။ ဒါနဲ့ဘဲ စားချင်လှတဲ့ ရခိုင်မုန့်တီကို တော်တော်နဲ့ မချက်ဖြစ်တော့ဘူး။
ဒီတခါတော့ ဘာဘဲဖြစ်ဖြစ် ထပ်ချက်ကြည့်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ချက်ကြည့်မယ့် ငါးကိုလည်းတွေ့ထားတယ်။ "ဆန်းမ さんま"(sanma) ဆိုတဲ့ငါး။ မြန်မာလို ငါးသေတ္တာငါးလို့ ခေါ်မလားဘဲ။
အခုတလောက "ဆန်းမ"ပေါတဲ့အချိန်တဲ့။ ဈေးလည်း သိပ်မကြီးဘူး။ ဂျပန်တွေကတော့ ဆားနဲနဲနဲ့နယ်ပြီး ကင်စားကြတယ်။ စမ်းချက်ဖို့ "ဆန်းမ"တစ်ကောင်ဝယ်ခဲ့တယ်။ စပါးလင်အစားတော့ ဂျင်းပေါ့။ ငရုတ်သီးစိမ်းအတွက်တော့ "ရူဇုကိုရှော (柚子こしょう)" ကိုသုံးမယ်။ ဂျပန်ကြေးအိုး "နဘဲ (鍋)" စားရင် တို့စားတဲ့ အနှစ်ပါ။ "ရူဇု"ဆိုတဲ့ ဂျပန်သံပရာသီးရဲ့အခွံကိုခြစ်ပြီး စပ်တဲ့ငရုတ်သီးရယ် ဆားရယ်နဲ့ ထောင်းပြီး အနှစ်လုပ်ထားတာပါ။ "ရူဇုကိုရှော" လုပ်နည်းကို ဒီမှာကြည့်နိုင်ပါတယ်။ အချဉ်အစပ်ရှားတဲ့နေရာမှာ ဒါလေးဝယ်လို့ရတာ အတော်ကျေးဇူးတင်ရတယ်။ အချဉ်ပါပြီးသားဆိုတော့ မကျည်းရည်လဲ မဖျော်ရတော့ဘူး။
"ရူဇုကိုရှော (柚子こしょう)"
ဟင်းရည်ချက်ရတာတော့ မခက်ပါဘူး။ ငါးကို ငပိစိမ်းစားနဲနဲ၊ ဂျင်း၊ ဒါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ လိုသလောက်နဲ့ ပြုတ်လိုက်တယ်။ (ပင်လယ်ငါးဆိုတော့ အနံ့ပြင်းသလိုဘဲ)။ ငါးက နူးလွယ်တော့ ခဏနဲ့ရတယ်။ အအေးခံပြီး အသားနွှင်တယ်။ အရိုးမျှင်လေးတွေရှိပေမယ့် နူးညံ့ပါတယ်။ ဒယ်အိုးထဲ ဆီနဲနဲနဲ့ ဆနွင်းနဲနဲလေးထည့်ပြီး မီးအားခပ်လျော့လျော့နဲ့ ငါးနွှင်ထားတာကို ၁မိနစ်လောက်လှိမ့်လိုက်တယ်။ ဒါမှ အနံ့လျော့သွားမှာ။ ငါးပြုတ်ရည်ကို အိုးထဲစစ်ထည့် ငါးအသားနွှင်၊ ငရုတ်ကောင်း၊ ရေ၊ "ရူဇုကိုရှော"၊ ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီး ဆူတဲ့အထိတည်ပြီးရင် ပြီးပြီ။ ပဒဲကောကြိုက်ရင်လည်း ထည့်နိုင်ပါတယ်။ "ရူဇုကိုရှော"နံ့ မွှေးတဲ့ ဟင်းရည်ပါ။ မုန့်ဖတ်အတွက်တော့ "စိုးမန် そうめん (素麺)"ကို ပြုတ်ပြီး ရေအေးအေးနဲ့ဆေးပြီး ဇကာနဲ့ရေစစ်ထားလိုက်တယ်။
ဂျုံနဲ့လုပ်ထားတော့ ဆန်မုန့်တီဖတ်လောက် မကောင်းပေမယ့် ဒီမှာ ဒါပဲရှိတာကိုး။ အစပ်သိပ်မစားနိုင်တဲ့ အိမ်ကြီးရှင်ကြောင့် ဟင်းရည်ထဲ "ရူဇုကိုရှော"လျှော့ထည့်တည်ရလို့ ကိုယ့်ပန်းကန်ထဲတော့ ဒီအတိုင်း အများကြီးထပ်ထည့်စားလိုက်တယ်။
3 comments:
စားချင်တယ်.. စားချင်တယ်.. ရှိသေးရင် နည်းနည်းကျွေးပါ။ ရှလွတ်... (သွားရည်သိမ်းတာနော်.. ) :D
အဲဒီမှာဖော်ပြထားတဲ့ ငရုတ်သီးခုမှတွေ့တယ်
သွားဝယ်မယ်..ကျေးဇူး..
ရခိုင်မုန့်တီလည်း၂ပွဲသောက်သွားတယ်
ဒီလို အစ်မမျိုးတစ်ယောက်တော့ လိုချင်တယ်ဗျို့
အားပါးပါး စားလို့ ကောင်းလိုက်မဲ့ ဖြစ်ချင်း....
Post a Comment