Tuesday, October 23, 2007

ဟိုစပ်စပ် ဒီစပ်စပ်



ကျွန်မ ဝါသနာကိုက ဟိုစပ်စပ် ဒီစပ်စပ်။ ဘယ်ဟာမှ အစအဆုံးမတတ်ဘူး။ ဂျပန်လို "三日坊主-mikka bouzu (၃ရက်ဘုန်းကြီး)" မြန်မာလိုတော့"ရေတက်ငါးဇင်ရိုင်း"လို တရေတက်အကျင့်ကောင်းလေး ရှိတယ်။ ဂျပန်စာသင်ခဲ့သည်။ ဒါပေမယ့် အပြီးထိမသင်ခဲ့ဘူး။ မတတ်တတတ်နဲ့ သူများစာလာမေးရင် အတော်ချွေးပြန်ရတယ်။ စက်ချုပ်တတ်သည်။ ကျွမ်းကျင်လားဆိုတော့ ဟင်အင်း!! ၁၀တန်းဖြေပြီး အားလပ်နေတုန်း စက်ချုပ်တတ်တဲ့ ကျွန်မအစ်မက သင်ပေးမယ်ဆိုတာကို အပျင်းကြီးနေခဲ့တာ။ အစ်မG.T.Iသွားတတ်ရတော့မယ်ဆိုမှ တပတ်ထဲနဲ့ကပ်ပြီး အလောသုံးဆယ် သင်တာလေ။ ကိုယ့်အင်္ကျီ၊ ဂါဝန်၊ စကတ်လောက်တော့ ချုပ်တတ်သွားတယ်။ အိမ်ကလည်း အတော်နားပူသက်သာသွားတာ။ ဆိုင်သွားအပ်ပြီး စိတ်တိုင်းမကျရင် တနေကုန် ပြောမဆုံးဘူးဆိုတော့။ သူငယ်ချင်းတွေက ချုပ်ပေးပါဆိုရင် မျက်ခုံးလှုပ်ရတယ်။ ဂျီးမပွ ပျက်သွားလည်း ကိစ္စမရှိဘူးဆိုတဲ့ သူငယ်ချင်းတွေကိုတော့ ချုပ်ပေးပါတယ်။


ကျွန်မအစ်မက လက်မှုအတော်ရတယ်။ ကျွန်မက သူ့ဆီကပြန်သင်ယူတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြီးအောင်မသင်ဘူး။ ကော်ပြားနဲ့ ပိုက်ဆံအိပ်ထိုးနည်းသင်တုန်းကလည်း ဒီလိုဘဲ။ ၂လုံးတော့ပြီးသွားပြီး အဖြူတလုံးတော့ တို့လို့တန်းလန်းကျန်နေသေးတယ်။ တတ်တင်းဆိုလည်း သင်တိုင်းချည်သေသွားလို့ အခြေခံကွင်းကနေ မတတ်ဘူး။ တချောင်းထိုးကတော့ တတ်တင်းထက်စာရင် နဲနဲပိုရတယ်။ အင်တာနက် အလွယ်သုံးလို့ရတော့ အားရင် ဖက်ရှင်ဒီဇိုင်းတွေရှာလိုက် ဟင်းချက်နည်းလေးကြည့်လိုက် စိတ်ကူးပေါက်ရာလေးရှာလိုက် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ပေါ့။ အခုတလော စိတ်ကူးပေါက်ပြီး တချောင်းထိုးပုံလေးတချို့ လိုက်စုထားတယ်။ တချောင်းထိုး ထိုးနည်းတော့ ဒီမှာကြည့်နိုင်ပါတယ်။ ပုံတွေရှာတုန်းက အတော်ခေါင်းစားသွားသေးတယ်။ တချောင်းထိုးကို ဂျပန်လို ဘယ်လိုခေါ်မှန်းမသိလို့။ (အင်္ဂလိပ်လိုလည်း မသိဘူး။) သိတဲ့စာလုံး "編み物-amimono (အာမိမိုနို)"နဲ့ရှာတော့ နှစ်ချောင်းထိုးပုံတွေဘဲ တွေ့တာများတယ်။ "編み物-amimono"က နှစ်ချောင်းထိုး (သို့) ဇာထိုးပန်းထိုးဖြစ်မယ်။ နောက်ရှာရင်းနဲ့ တွေ့ပြီ။ တချောင်းထိုးကို " かぎ針編み- (ကဂိဘရိအာမိ) / 鉤針 / 鈎針-kagibari (ကဂိဘရိ)" တဲ့။ ခန်းဂျီးက ၂မျိုးဖြစ်နေတယ်။ အင်္ဂလိပ်လိုတော့ Crochet ဆိုလားဘဲ။




အဖျားဇာထိုးနည်း(crochet edgings)က ခေါင်းအုံးတို့ လက်ကိုင်ပုဝါအဖျားတို့မှာ ထိုးရင်လှမယ်ထင်တယ်။










ပန်းပွင့်အကြီးကြီးတွေထိုးရတာထက် အသေးက မြန်မြန်ပြီးတော့ ပိုပျော်တယ်။ ပြောမယ့်သာပြောတာ တက္ကသိုလ်ပထမနှစ်စတက်တုန်းကတည်းက ပန်းပွင့်အသေးတွေထိုးပြီး တပွင့်စီပြန်ဆက်ပြီး အမေ့အတွက် တဘက်ထိုးတာ ဘွဲ့ရပြီး အိမ်ထောင်သာကျသွားတယ် တဘက်က မပြီးသေးဘူး။ အမေ မြေးရရင်တောင် ပြီးပါ့ဦးမလားဘဲ။


6 comments:

thamudayanwe said...

တူတူပဲ..ဒါနဲ့စကားမစပ်..cbox ထားပါလားဟင်

gentain said...

မမြရွက်ဝေ။
တစ်ချောင်းထိုးပုံလေးတွေ ဘယ်ကနေရတယ်ဆိုတာသိချင်
လို့ပါ။ ကျွန်မလည်းတစ်ချောင်းထိုးတာစိတ်ဝင်စားလို့။ ဒီမှာကစာအုပ်တွေကဈေးကြီးတယ်။ တချို့ဒီဇိုင်းတွေက ဂျပန်ကလာတာပိုကောင်းပါတယ်။ အစ်မဆီမှာတင်ထားတဲ့ ဒီဇိုင်းတွေကိုလည်း ထိုးကြည့်ဖို့စဉ်စားနေပါတယ်။

ခင်မင်လျှက်။
နှင်းဆီနီနီ။။

မြရွက်ဝေ said...

တချောင်းထိုးပုံတွေကို google imageမှာ 1.crochet or 2.crochet pattern or 3.crochet diagrams or 4.crochet designs or 5.crochet edgingနဲ့ ရှာနိုင်တယ်။
ဂျပန်လိုဆိုရင် 1.kagibari or 2.かぎ針編み or 3.鉤針 or 4.鈎針 နဲ့ရှာကြည့်နိုင်ပါတယ်။

pandora said...

တချောင်းထိုး အ၇င်က တော်တော်လုပ်ဖြစ်တယ်
အခုတော့ ဝေးတာကြာပြီ

nu-san said...

အမက ၁ ချောင်းထိုးရော တက်တင်းရော ထိုးဖူးတယ်။ ချောင်းထိုးတော့ အဖြစ်လောက်ပဲ လုပ်ဖြစ်တယ်။ ၁၀တန်းအောင်ခါစလောက်တုန်းက။ အခုတော့ မလုပ်ဖြစ်တာ ကြာပြီ။ မျက်မှန်တပ်ရတဲ့နောက်ပိုင်း ဘာမှ မလုပ်ဖြစ်တော့ဘူး။ ညီမလေး တင်ထားတဲ့ပုံတွေက လှတယ်။ ကူးယူထားလိုက်တယ်။ နောင် အသုံးဝင်ချင် ၀င်မှာ.. :D

မျှားပြာ said...

ငါ့ အစ်မက အကုန်ရတာပါလားဗျ
ကောင်းတယ်ဗျာ .. အနော့်ကိုလဲ ထိုးပေး
လက်သီးနဲ့တော့ မဟုတ်ဘူး ..း)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP