Monday, January 21, 2008

"စားကြပါဦးရှင်"


"J"လာအော်သွားလို့ အိမ်ကပို့လိုက်တာတချို့ မျှဝေလိုက်ပါတယ်။ တကယ်စားမရတော့လည်း ပုံကြည့်ပြီး စိတ်ဖြေပေါ့နော်။ ပထမဆုံး ပဲလှော်တွေကျွေးမယ်။ ပဲမဲမဲလေးက ရောက်တဲ့နေ့ကတည်းက ဖောက်စားနေလို့ တဝက်ဘဲကျန်တော့တယ်။ မဖောက်ရသေးတဲ့အထဲက "လုံမေပဲရွှေပွကြော်"၊ "တောင်ကြီးပဲကြော်"၊ ပဲဝါလေးပဲလှော်နဲ့ "ဘိုကိတ်ပဲကြော်"။





နောက်ထပ် ခပ်စပ်စပ်လေး ကျွေးမယ်။ ပဲပုတ်နဲ့မြေပဲထောင်းကြော်။ စပ်လိုက်တာမှ ရှူးရှဲပဲ။



သိပ်မစပ်သေးဘူးဆိုရင် ငပိထောင်းလေးပါ ထပ်တွဲစားပါဦး။ အမေ့လက်ရာစစ်စစ် ငပိထောင်း။ အမေကိုယ်တိုင်ထောင်းတာ စားချင်တာလို့ ဂျီထားလို့ သရက်သီးစိမ်းနဲ့ ထောင်းပေးလိုက်တဲ့ ချဉ်စပ်ငပိထောင်းလေး။



အတော်စပ်သွားပြီဆိုရင် အချိုပြန်ကျွေးမယ်။ ဖားအံထန်းလျက်(ညက်)ချို စားပါ။ ဒီတစ်ခါ ရိုးရိုးထန်းညက်ပဲပါလာတယ်။ နောက်တစ်ခါကျမှ ဇီးထန်းညက် မှာလိုက်မယ်။ အုန်းထန်းညက်က စားပြီးလည်ချောင်းယားလို့ မမှာတော့ဘူး။



အချဉ်ထုပ်ကတော့ သိပ်မစားလို့ နဲနဲဘဲပါတယ်။ BunBunသရက်သီးခြောက်က စားရင်းအရှိန်လွန်သွားလို့ ကုန်သွားပြီ။ ဂျင်းမက်မန်းချိုချဉ်လေးဘဲ ကျန်တော့တယ်။



ပစ္စည်းတွေရောက်ကတည်းက တမျိုးပြီးတမျိုးစားနေတာ။ ရောက်ပြီးနောက်နေ့ ငပိကောင်ကြော်နဲ့ ပဲနီလေးဟင်းရည်ချက်စားလိုက်တာ ငပိကောင်ကြော် တစ်ရက်ထဲနဲ့ကုန်ရော။ စားချင်စိတ်များနေလို့ ဓာတ်ပုံတောင် မရိုက်လိုက်ရဘူး။ တနေ့က ချက်ဖြစ်တဲ့ မုန့်ဟင်းခါးဘဲ တင်လိုက်တော့တယ်။



မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးထုပ်ကို ချက်ထားတာ။ မုန့်ဟင်းခါးက ဒီရောက်ကတည်းက မစားရတာ ကြာပေါ့။ ရေချိုငါးကို မသိတာရော စပါးလင်ရှာမရတာကြောင့်ရော ငါးဟင်းမစားရတာ နှစ်ပေါက်တော့မယ်။ မုန့်ဟင်းခါးကလည်း စပါးလင်ပါမှမွှေးတာကိုး။ ဒါနဲ့ ချွေတာသောအားဖြင့် ဝယ်ထားတဲ့ "ကင်းမာတိုင်း"ငါးနဲ့ မုန့်ဟင်းခါးထုပ်ကို အနံ့ပါအောင်နဲနဲ ရောချက်လိုက်တယ်။ ငှက်ပျောအူကြိုက်တတ်လို့ အမေက ငှက်ပျောအူနုနုလေးတွေကို ပါးပါးလှီး အခြောက်လှမ်းပြီး ထည့်ပေးလိုက်တယ်။ အဲဒါလေးတွေ ရေနွေးဖျောပြီး ထည့်တည်တာ ပွလာတော့ နုဖတ်ဖတ်နဲ့ ဝါးလို့အရမ်းကောင်းတာဘဲ။



ဒီမှာချဉ်ပေါင်မရှိလို့ ချဉ်ဟင်းမစားရဘူးဆိုလို့ ချဉ်ပေါင်သီးနုတွေ အခြောက်လှမ်းပြီး ထည့်ပေးလိုက်သေးတယ်။ ဟိုတစ်ခေါက်တုန်းကတော့ ချဉ်ပေါင်ရွက်ခြောက် လုပ်ပေးလိုက်တယ်။ ချဉ်ပေါင်ရွက်ခြောက်ရော ချဉ်ပေါင်ကြော်က ဟင်းရည်ပြန်ချက်ရင် အချဉ်ပေါ့သွားလို့ ဒီတစ်ခေါက်တော့ ချဉ်ပေါင်သီးခြောက် လုပ်ပေးလိုက်တယ်။ အမေလုပ်ပေးလိုက်တာတွေ အများကြီးဘဲ။ ငါးခြောက်ကို အာပြဲခြောက်ဖုတ်ကြိုက်တယ်ဆိုလို့ အများကြီးလုပ်ပေးလိုက်တယ်။ နောက် ဗယာကြော်မှုန့်မှာထားတော့ ဗယာကြောစားရင် ထည့်ဖို့ ပျဉ်းတော်သိမ်ရွက်လေးတွေပါ ကြော်ထည့်ပေးလိုက်တယ်။ (စာတိုက်ကလုပ်လိုက်တာ အမှုန့်တွေဖြစ်ပေါ့။) အမေကတော့ အတော်စိတ်ရှည်ပါတယ်။ ကလေးသုံးယောက် အကြိုက်တစ်ယောက်တမျိုးစီကို လိုက်လုပ်ပေးတယ်။ ငယ်ငယ်က ထမင်းကြော်ကို တစ်ယောက်က ဆနွင်းနဲ့ကြော်မှ၊ နောက်တစ်ယောက်က ပဲငံပြာအပျစ်ရည်နဲ့မှဆိုတော့ မနက်စောစော အလုပ်ရှုပ်တာတောင် တစ်ယောက်အကြိုက်တမျိုး လုပ်ပေးထားတာ။ အမေကိုဆို ခဏခဏပြောဖြစ်တယ်။ သမီး အမေဖြစ်လာရင်တောင် အမေ့လောက် စိတ်ရှည်နိုင်မယ်မထင်ဘူးလို့။ ရေးရင်းနဲ့ တဒိယလာပြီ ဟင့်!! :(


10 comments:

nu-san said...

တကယ်စားလို့ရရင် စားချင်လိုက်တာ.. ရှလွတ်.. အမက သရက်သီးငပိထောင်းနဲ့ မက်မန်းသီးရယ် မုန့်ဟင်းခါးရယ် စားသွားပြီ (မျက်စိနဲ့.. ) ကျန်တာတွေတော့ စားတော့ဘူး.. :D

ထွန်း said...

ပဲကြားကြော်ရော မပါဘူးလား

ထွန်း said...

ဂရင်းနစ်သုံညမှာလဲ ပဲကြော်တွေ ရောင်းတယ် လက်တဆုပ်စာ ၂ပေါင်ပေးရတယ် ဒါနဲ့ ဘဲ မကြင်ရက်လို့ စိမ်းရက် လိုက်ပါတယ်။ ကဲ ၀ါးမယ် ၈ျပ်၈ျပ်ခခုပ်ကွပ် (ပဲကြော်ဝါးသံ) ပြောရအုန်းမယ် စာကြည့်တိုက်ထဲမှာ ငါးမုန့် ကြော်ဝါးနေတာ အသံတိတ်တိတ်နေပါ ဆိုပြီး လာပြောလို့  ကိုယ့်ပါးစပ်က ကာရအိုကေ မလုံမှန်း သိရတယ်။ အခု ဝေစု စားရတော့ ထုံးစံအတိုင်း စားရအိုကေဘဲ အသံသာ နားထောင်တော့ ကဲရေသောက်တော့မယ်

သဇင်ဏီ said...

မက်မန်းသီးထုပ်ယူပြီးပြေးပီဗျို့ :D

Anonymous said...

စားချင်စရာတွေကြီးပါလား။ ငါးပိထောင်းပုံကြည့်ရတာ လျှာရည်တောင်ကျတယ်။

ရွှန်းမီ said...

ကျေးဇူးပါ မမ .. စားသွားတယ်း)

Layma said...

ပဲ အမျိုးမျိုးပါလား...။ ၀ါးသွားတယ်။..သွားနာသွားပြီ..။

Chit Lay Pyay said...

ဓာတ်ပုံတွေ ကြည့်ရင်း၊ စာတွေ ဖတ်ရင်းနဲ့ သရေတွေ ကျလာတယ်၊ အဟုတ်၊ ငပိထောင်းနဲ့ မုန့်ဟင်းခါး စားသွားတယ်၊ ညီမမေမေ က တော်တော် လုပ်ပေးတာပဲ၊ ချစ်ဖို့ တော်တော် ကောင်းတဲ့ မေမေ၊ ငှက်ပျောအူဖက် ခြောက်ပါ ထည့်ပေးတယ် ဆိုတော့ လက်ဖျားခါပါရဲ့ ၊

မျှားပြာ said...

အဟား အစ်မရေ တကယ်ကို သွားရည်တွေ ကျနေပီဗျ ..။

weikhine said...

aww..sar chin lite tar sis yae..*drooling*

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP