Thursday, January 17, 2008

လာပါတော့ ခါခါမော့ မျှော်တဲ့--


ပြီးခဲ့တဲ့တပတ် ကြာသပတေးနေ့က အိမ်ကိုဖုန်းဆက်တော့ မှာထားတဲ့ ပစ္စည်းတွေ တနင်္လာနေ့ကတည်းက ပို့လိုက်ပြီတဲ့။ ဒီတစ်ခါမှာတာ အတော်များသွားတယ်။ အချဉ်ထုပ်တွေ မက်မက်စက်စက်စားသူမဟုတ်တော့ ဒီကိုလာတော့ ဘာအချဉ်ထုပ်မှ သယ်မလာမိဘူး။ အရင်က ပစ္စည်းမှာရင်လည်း ဒီမှာအလွယ်ဝယ်မရတဲ့ ဟင်းချက်သုံးတချို့ကို နဲနဲလောက်ပဲ မှာနေကျ။ အခုကျတော့ မစားရတာကြာတဲ့ သွားရည်စာတွေ စားချင်လာတယ်။ ဟိုတလောက ပဲလှော်စားချင်လို့ လိုက်ရှာတာ တော်ရုံနဲ့ မတွေ့ဘူး။ နောက်တွေ့မယ့်တွေ့တော့ ဟင်းချက်ပစ္စည်းဝယ်နေကျဆိုင်မှာ မြန်မာပြည်က ပဲအဖြူလုံးလေးတွေလို ပဲလှော်ထုပ်ကို ရှာတွေ့တယ်။ ယန်းသုံးရာတဲ့။ ဈေးကြည့်ပြီး ရှာတွေ့လို့ ပျော်နေတဲ့ အပျော်လေး လွင့်သွားရတယ်။ အထဲမှာပါတာက နဲနဲလေးရယ်၊ ထိုင်စားရင် ခဏနဲ့ကုန်မှာ။ ယန်းသုံးရာဆို အသားဟင်းတောင် ဝယ်ချက်လို့ရနေပြီ။ မတန်တော့လည်း မဝယ်ဘူးပေါ့။ ဒါပေမယ့် သံယောဇဉ်အမျှင်တန်းလန်းနဲ့ အဲဒီဆိုင်မှာ သွားဝယ်တိုင်း ပဲထုပ်ကလေးကို ဈေးတော်ပြီလားလို့ သွားကြည့်ရတာ အမောဘဲ။

နောက်အိမ်ကြီးရှင်ပါ ဈေးဝယ်လိုက်လာတဲ့နေ့ကျမှ အဲလောက်စားချင်တာ ဝယ်ပေါ့၊ ဒီမှာဆိုတော့လည်း ဒီဈေးဘဲ ရှိမှာပေါ့ဆိုပြီး တိုက်တွန်းမှဘဲ ချီတုံချတုံဖြစ်နေတဲ့စိတ်ကို ဒုန်းဒုန်းချပြီး ဝယ်ခဲ့တော့တယ်။ ဪ လွမ်းလိုက်တာ ရွှေပြည်တော်ရေ။ ကိုယ့်ဆီမှာဆို ၅၀/၁၀၀လောက်နဲ့ ဝယ်လို့ရတဲ့ သွားရည်စာ ဒီမှာသုံးထောင်လောက်ကျပေါ့ ဟင့်!။ အဲဒါနဲ့ ဒီတစ်ခါတော့ စားချင်နေတဲ့ ပဲလှော်ပေါင်းစုံ အိမ်ကိုမှာလိုက်တယ်။ အမေကလည်း ဖားအံလူကြုံရှိလို့ သယ်လာပေးတဲ့ ထန်းညက်တွေလည်းရှိတယ်တဲ့။ အတော်ဘဲ အကြိုက်တွေ့တော့တာပေါ့။ ဗယာကြော်ကြော်စားဖို့ ဗယာကြော်မှုန့်၊ ကုန်သွားလို့ ငတ်နေတာကြာပြီဖြစ်တဲ့ လက်ဖက်နှပ်၊ ဂျင်းနှပ်-----မှာလိုက်တာ အစုံဘဲ။ အများကြီးမှာတော့ အမျှော်ကြီးမျှော်ရပြီပေါ့။

ဖုန်းဆက်တော့ အမေက စာတိုက်အတွေ့အကြုံပြောသေးတယ်။ ထုံးစံအတိုင်း တခုမဟုတ်တခု ရှာကြံရစ်ပေါ့။ ဟိုတခါက မြန်မာဆေးတွေထည့်ပေးတော့ ဆေးက ဆေးဆရာရဲ့ တိုင်းရင်းဆေးတံဆိပ်နှိပ်မထားလို့တဲ့။ ရစ်စရာ ဗမာဆေးရှိတော့ အင်္ဂလိပ်လိမ်းဆေးတောင့်တွေကို ယောင်လို့တောင်မပြောဘူး။ ဒီတစ်ခါ တခြားရစ်စရာရှာမတွေ့လို့ထင်ရဲ့ အရင်တခါပို့တုန်းက ဘာမှမပြောတဲ့ လိမ်းဆေးတွေကို အခုထပ်ပို့တော့ ရစ်ပါလေရော။ ရစ်ရခြင်းရည်ရွယ်ချက်ကလည်း အားလုံးသိတဲ့အတိုင်းပါ။ အမက သူတို့ရှေ့နားချထားတဲ့ ရံဘုံးငွေ အဲ ရံပုံငွေပုံးထဲ (အရင်ကတော့ မရှိဘူး၊ အခုစတိုင်အသစ်) အလှူငွေ (အမှန်တော့ မသဒ္ဓါရေစာ) ထည့်ပြီးသကာလ တခွန်းမှထပ်မဟတော့ဘဲ ချောချောချူချူပြီးလေသတည်းပေါ့။ အမကတောင် ပြောလိုက်သေးတယ်။ တန်မတန်လည်းတွက်ကြည့်ဦးတဲ့။ အထဲက ပစ္စည်းတန်ဖိုးထက် ပို့ခက နှစ်ဆကျော်တယ်တဲ့။ ဒီမှာဆို ရထားစီးပြီးသွားရမှာရယ် လိုက်ရှာရမယ့်အချိန်ရယ် ရှိမရှိမသေချာနိုင်တာရယ်ကြောင့် ရှားပါးတဲ့နေရာမှာတော့ တန်တန်တန်လို့ဘဲ ပြောရမှာပေါ့။

တကယ်ဆို ပစ္စည်းကို တန်ရာတန်ကြေးပေးပြီးပို့တာပါ။ ကီလိုကို သတ်မှတ်တဲ့တန်ဖိုးနဲ့ ကိုယ်ပို့တဲ့ နိုင်ငံက ကန့်သတ်ထားတဲ့ ပစ္စည်းမပါအောင် စီစစ်ပြီးမှပို့တာဘဲ။ ပြီးတော့ ကျွန်မအိမ်က ပစ္စည်းပို့တိုင်းလည်း ပွဲစားကို မသုံးဘဲ ကိုယ်တိုင်ပို့တာ။ ပွဲစားခ မတန်တာရော ကိုယ့်ပစ္စည်း အတိုးအလျှော့ကို ကိုယ်တိုင်စောင့်ကြည့်မှ စိတ်ချရတာမို့ပါ။ အရင်က ကျွန်မလည်း အမျိုးသားစီ ပို့နေကျမို့ စာတိုက်ဒုက္ခကိုသိတယ်။ တခါလာ ရဲစခန်းထောက်ခံစာ၊ နောက်တခါ ရပ်ကွက်ထောက်ခံစာ၊ နောက်တော့ အိမ်ထောင်စုစာရင်း၊ နောက်တခါ မှတ်ပုံတင်မိတ္တူ၊ နောက်ကျတော့ မူရင်းပါတွဲပြခိုင်းနဲ့ တခါသွားရင်တစ်မျိုး ပြဋ္ဌာန်းချက်အမျိုးမျိုးနဲ့ ရစ်ပါ့။ ဒါကြောင့် အိမ်ကိုအားနာလို့ တော်ရုံဆိုမမှာတော့ဘူး။ ခြောက်လလောက်မှ တစ်ခါဘဲမှာတယ်။ ဒီကြားထဲ ဂျပန်ကို ပို့ခက ဈေးအကြီးဆုံးဘဲ။ စပ်စုနေကျထုံးစံမို့ တစ်ကီလိုပို့ရင် ဘယ်နိုင်ငံဘယ်လောက်ဆိုတဲ့ စာရင်းကိုသွားဖတ်တာ ဂျပန်ကို ဘယ်နိုင်ငံမှ မမှီပါလား။ အခုထိအရင်အတိုင်းဘဲဆိုရင် တစ်ကီလို ၂၆ FEC၊ နှစ်ကီလို ၃၇ FEC၊ သုံးကီလို ၄၉ FEC၊ လေးကီလို ၆၀ FEC ပါ။ ကီလိုစုံဂဏန်းနဲ့ မဂဏန်းကြား ၁၁ FEC နဲ့ ၁၂ FEC တလှည့်စီ ပေါင်းသွားတာမို့ ကီလိုစုံဂဏန်းပို့ရင် ပိုတန်တဲ့သဘောပါဘဲ။ ဂျပန်နဲ့နီးတဲ့ ကိုးရီးယားပို့ရင်တောင် ထက်ဝက်အောက်ပဲကျတာပါ။ မှတ်မိသလောက်တော့ တစ်ကီလို ၁၇ FEC နဲ့ ကီလိုတိုးတိုင်း ၉ FEC ပေါင်းသွားပါတယ်။

စာတိုက်မှာ ခြင်္သေ့အကောင်ကြီးကြီးကိုက်ပြီး တန်ရာတန်ကြေးရော မတန်မရာကြေးတွေပါ ပေးပြီးသကာလ ကိုယ်ပို့တဲ့ပစ္စည်းထုပ်တော့ ချောချောချူချူ ရောက်စေချင်သား။ အမေက ထပ်မှာလိုက်တယ်။ ပစ္စည်းရောက်ရင် ပုံးပေါ်ကစာရင်းနဲ့စစ်ပြီး ဖုန်းပြန်ဆက်ဦးတဲ့။ အမေတို့ပို့နေတုန်း ကောင်မလေးနှစ်ယောက် ဂျပန်ကိုပစ္စည်းပို့တာ အကုန်ပါမသွားလို့ဆိုပြီးလာစုံစမ်းတယ်။ စာတိုက်က ဂျပန်ကလွဲပြီး တခြားနိုင်ငံတွေကို ပါဆယ်က စာတိုက်က တိုက်ရိုက်သွားသတဲ့။ ဂျပန်ဆို စီစစ်ရေးရုံးကို တဆင့်ပို့ပြီးမှ ဂျပန်ကို ပို့သတဲ့။ ဒါဆို ပစ္စည်းပျောက်တာ စာတိုက်နဲ့ မဆိုင်ဘူးဆိုတဲ့ သဘောပေါ့။ "ပျောက်သောပစ္စည်း ရှာရင်မတွေ့"နဲ့ "မေးပါများလမ်းစပျောက်"ပေါ့။ ငွေကုန်ပစ္စည်းရှုံးဘဲ။ ဘယ့်နှယ့် အားလုံးအဆင့်ဆင့်စစ်လို့ (စစ်တဲ့နေရာမှာ ကာစတန်က အမြဲရှိတယ်) လက်ခံပြီးမှ ကီလိုကျသင့်တန်ဖိုးပေးပြီးပို့တာပါ။ ဘာလို့ အကုန်မရောက်ရတာလဲ။ ကိုယ့်ရှေ့မှာ ပါဆယ်ပုံးကို အထပ်ထပ် တိပ်ပိပ်နေတာ အာပလာပေါ့။

သူများကိစ္စကြားလာပြီးတော့ အမေက စိတ်တထင့်ထင့်ပေါ့။ ဒီကကျွန်မလည်း မျှော်ရတော့တာပေါ့။ အရင်က အမျိုးသားနယ်မှာနေလို့ ပို့တုန်းက လေးရက်ဆို ရောက်တယ်။ တိုကျိုကို ရောက်တော့ မြန်ရင် ငါးရက်နဲ့ အလွန်ဆုံး တပတ်နေမှရောက်တယ်။ နယ်မြို့က သေးလို့ ပို့တာမြန်ပြီး မြို့ကြီးရင် နဲနဲကြာတာထင်တယ်။ တနင်္လာနေ့က ပို့လိုက်တာဆိုတော့ နောက်အကျဆုံးတော့ နောက်ထပ်တနင်္လာနေ့ဘဲပေါ့။ မျှော်တာတော့ သောကြာနေ့ကတည်းကဘဲ။ ပိတ်ရက်လည်း ဒီမှာက ပို့ပေးတာဘဲမို့ စနေလည်း လည်ပင်းရှည်၊ တနင်္ဂနွေလည်း လည်ပင်း သစ်ကုလည်အုပ်ဖြစ်နဲ့။ သီချင်းလေးနဲ့လည်း မျှော်တယ်။ "မျှော်သာမျှော်သည် မယုံကြည် ရင်မှာဝေဒနာ အပွင့်အခက်အဝါအနီ"။ မျှော်တော်ဇောနဲ့မောရပါတယ်။ တနင်္လာနေ့သာကုန်သွားတယ် ရောက်မလာဘူး။ အောက်ဆင်းပြီးစာတိုက်ပုံးထဲ ချောင်းရတာလဲ အမော။ တခါတလေ ပါဆယ်ရောက်ကြောင်း အကြောင်းကြားစာ ထည့်သွားတတ်တာကိုး။ နောက်မှ ကိုယ်လိုချင်တဲ့အချိန်ကို ပို့ခိုင်းလို့ရတယ်။

အင်္ဂါနေ့လည်း ပေါ်မလာ။ စိတ်မကောင်းဖြစ်လာပြီ။ မနေ့က နေ့လည် အခန်းတံခါးရှေ့က "ဒေါက် ဒေါက်"တဲ့။ ချမ်းလို့ စောင်ပတ်ပြီး ကွန်ပြူတာရှေ့ရှိနေရာက ဘယ်လိုခုန်ထွက်သွားလိုက်လည်းမသိဘူး၊ လမ်းမှာ မီးဖိုချောင်က ဒန်အိုးတောင် ဝင်တိုက်လိုက်သေးတယ်။ တံခါးဖွင့်လိုက်တော့ ဟော--



"လာပါတော့ ခါခါမော့ မြရွက်ဝေ မျှော်တဲ့ပါဆယ်ထုပ် ရောက်ပြီ၊ ရောက်ပြီ။" ပုံးကလေးလည်းလေး ပျော်ပြီးပြာယာခတ်နေလို့ စာတိုက်ဝန်ထမ်းက ဖြစ်ရဲ့လား "ဒိုင်းဂျောဘု က?" ကို "ဟိုက်"လုပ်ပြီး ယက်ကန်ယက်ကန် ပုံးမပြီးဝင်ခဲ့တယ်။ ပုံးဖောက်စစ်ဖို့လုပ်ရင်း သတိထားမိတာ အင်! တိပ်က နှစ်ထပ်ဖြစ်နေပါလား။ အပေါ်တိပ်က အကြည်ရောင်မို့ အောက်ဘက်တိပ်က တောက်လျောက်ခွဲထားတာမြင်ရတယ်။ အပေါ်တိပ်အကြည်မှာတော့ Japan Post Service co., ltd. နဲ့ ပုံးမှာ တိပ်ပိတ်ပြီးသားကို ဖွင့်ထားတဲ့ဒဏ်ရာတွေ့လို့ ဖွင့်ဖောက်စစ်ဆေးရကြောင်း အနီရောင်စာတန်းပါတယ်။ ဪ ဟိုစီစစ်ရေးရုံးဆိုတဲ့နေရာက မသပ်မရပ်လုပ်လိုက်လို့ပေါ့။ ဒီဘက်ကတော့ တိကျတယ်ရှင့်။ ဖွင့်ထားကြောင်းနဲ့ ဘာကြောင့်ဆိုတာပါ တခါထဲရေးထားတယ်။ သူတို့စစ်ပြီးတော့ ကိုယ်စစ်ကလှည့်ပေါ့။ စာရင်းအားလုံးပါမှဘဲ ဟင်းချ နိုင်တော့တယ်။ ပစ္စည်းတွေ နှိုက်မယူထားလိုက်တဲ့ စီစစ်ရေးရုံးဆိုတဲ့ နေရာက ပုဂ္ဂိုလ်ကြီး ပုဂ္ဂိုလ်လေးများကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ရက်များတော့ သွားရည်စာတွေနဲ့ ဇိမ်ကျရတော့မယ်။


11 comments:

မျှားပြာ said...

အစ်မရေ ခုဆို သွားရည်စာလေးတွေနဲ့ ဇိမ်ကျနေပီပေါ့နော် ..။

nu-san said...

ညီမလေးရေ.. အကြောင်းသိချင်းမို့ ထူးပြီး မပြောတော့ပါဘူး.. ကိုယ်ချင်းစာတယ်... အိုဆာကားမှာက ပိုဆိုးတယ်.. မြန်မာပစ္စည်းက ဘာမှ ၀ယ်မရဘူးဆိုတော့ တော်ယုံစားချင်တာရှိရင် ထိုင်းဆိုင်မှာ သွားရှာရတယ်.. အမ အိမ်ကလည်း ပြီးခဲ့တဲ့အပတ်က ပွဲစားနဲ့ မလုပ်ပဲ မောင်လေးက ကိုယ်တိုင်လိုက်လုပ်ပေးတာ ဆေးပေါင်ဒါအမှုန့်ကို တံဆိပ်မပါလို့ လုံးဝ မထည့်ပေးလိုက်ဘူး.. နောက်ပြီး ချဉ်ပေါင်ရွက်မွှေထားတာကိုလည်း ဖြစ်ညစ်ပြီး စစ်ဆေးလိုက်ကြတာ ချဉ်ပေါင်ထုပ်က ရစရာကို မရှိတော့ဘူး.. ကျောက်ပစ္စည်းတို့ ဘိန်းဖြူတို့ ပါသွားမှာစိုးလို့ဆိုပဲ... ညီမ မှာထားတာ အများကြီးပဲမို့.. အားကျလိုက်တာ.. အမအိမ်ကတော့ အဲဒီလောက်ကို မထည့်ပေးရဲတော့ဘူး.. ခံထားရတော့လေ.. အဟက်.. :D

လင်း said...

ရွှေကြက်ပဲလှော် နည်းနည်းလောက် ကျွေးပါလားဟင်?

pandora said...

အင်း စင်္ကာပူမှာ နေရတာက အဲဒီဒုက္ခတွေ အေးသေးတယ်

ရွှန်းမီ said...

မမဝေ မီ့ မွေးနေ့ မုန့်လာစားပါနော်း)
လက်လှမ်းမီရာ အားလုံးကိုပါ လှမ်းဖိတ်ပါတယ်. .
ကျောင်းတက်နေရလို့ သွားဖိတ်ဖို့ ကျန်သူများရှိရင် ခွင့်လွှတ်ပါလို့ ဒီကလှမ်းတောင်းပန်ပါတယ် . ..

Yan said...

ကျွန်တော့်ဆီမှာလည်း ရှားတယ်.
နည်းနည်းလောက်...

:)

ကောင်းကောင်းစား. ကြာကြာလည်းစားနော်. တစ်ချီတည်း ကြိတ်မပစ်လိုက်နဲ့.

ဟတ်ဟတ်

စတာပါဗျာ. ထမင်းမြိန်တော့မှာ မြင်ယောင်ပါသေးတယ်.း)

စိုးထက် - Soe Htet ! said...

ဒီနေရာမှာ ကပ္ပိယ က အဆင်ပြေတယ် ... အမြဲ မြန်မာ ထမင်း၊ ဟင်း မုန့် စားရတယ်

သဇင်ဏီ said...

သွားပီ..နောက်ကျသွားပီ.. ဘာမှကျန်မှာမဟုတ်တော့ဘူးထင်တယ်..
နည်း၂လောက်ခွဲပေးပါလားဟင် :P

NwayLeL said...

သွားရည်စာလေးတွေ စားလိုက် ဂိမ်း ကစားလိုက်နဲ့ ပေါ့လေ ။ ဒီ တစ်ခါ အသုတ်စုံ သုတ် ရင်တော့ ပို့လိုက်ပါအုံး ။

ဂျေဂျေ said...

ဝေစုခွဲပါဗျို့  ဒီမှာလဲ ငတ်နေတာ.. မပေးရင် ကြည့် ဂတ်ဂတ်ခြပ်ခြပ် (သွားကိုက်သံ)

Chit Lay Pyay said...

ညီမရေ လူကြုံ ပစ္စည်းတွေ မပျောက်မပျက်ပဲ အားလုံး ရလို့ တော်သေးတာပေါ့၊ အခု ရိက္ခာ အပြည့်အစုံနဲ့ ဇိမ်ကျနေတာပေါ့ လေ၊ ညီမ စားရတာလေး တွေပဲ လာ သရေကျတော့ မယ်နော်၊ အမတို့ စလုံးမှာက ၀ယ်ရတာလွယ်တယ်၊ အစား အသောက် အတွက်တော့ မပူရဘူး၊ ဒါကြောင့် ဒီကနေ မခွာနိုင်သေးတာပေါ့၊

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP