Sunday, January 6, 2008

လတ်တလောတော့

နှစ်သစ်ကကူးပြီးသွားပြီ။ စာအသစ်က မတင်နိုင်သေးဘူး။ မနေ့က လွတ်လပ်ရေးနေ့မှာ အိမ်ကကိုယ်တော်ချောကတော့ ရုံးပြန်ဖွင့်လို့ သွားရတယ်။ ပုံမှန်ပိတ်ရက်က (၂၉)ရက်နေ့ကနေ (၃)ရက်နေ့အထိပါ။ ပြန်ဖွင့်ရက်က သောကြာနေ့ဖြစ်နေတော့ တချို့ရုံးတွေ၊ ကုမ္ပဏီတွေက တောက်လျှောက်ပိတ်ချလိုက်တယ်။ ကိုယ်တော်ချောတို့ရုံးက မပိတ်တော့ ကာလနဂါးလည်း အိပ်ချင်မူးတူးထပြီး ထမင်းဘူးပြင်ရတာပေါ့။ ပြီးခဲ့တဲ့ရက်တွေက နှစ်ကူး TVအစီအစဉ်တွေ တမျိုးပြီးတမျိုး စိတ်ဝင်စားစရာကောင်းလို့ ကြည့်နေတာ။ ဂျပန်တွေ ပျော်လို့ကောင်းကြတုန်းဘဲ။ ဒီအချိန် အနုပညာသမားတွေ အထူးသဖြင့် ဟာသသရုပ်ဆောင်တွေ အလုပ်လည်းများ ဝင်ငွေလည်းကောင်းကြပုံရတယ်။

ဘယ်အစီအစဉ်ကြည့်ကြည့် ပြိုင်ပွဲတွေ၊ ကစားပွဲတွေနဲ့ ပြည့်လို့။ နိုင်ရင်ရတဲ့ငွေကလည်း ယန်းသောင်းတစ်ရာ (ကျပ်သိန်း၁၀၀ကျော်လောက်)က အနည်းဆုံးဘဲ။ အမြင့်ဆုံးက "M-1 မန်းဇအိ"ဆိုတဲ့ ဟာသပြိုင်ပွဲကဆုကြေးပါ။ ဂျပန်ကရှိသမျှ ဟာသသရုပ်ဆောင်အဖွဲ့ လေးထောင်ကျော် ဝင်ပြိုင်ကြတယ်။ ဆုကြေးက ယန်းသောင်းတစ်ထောင် (ကျပ်သိန်းတစ်ထောင်ကျော်)နဲ့ စပွန်စာကုမ္ပဏီက နောက်ဆုံးပေါ်ကားတစ်စီးဆိုတော့ သူဋ္ဌေးချက်ချင်းဖြစ်နိုင်တာပေါ့။ ဪ ဂျပန်မှာ ဟာသသရုပ်ဆောင်တွေအတွက် အကယ်ဒီမီလို ထိုက်တန်တဲ့ ဆုပေးပွဲရှိတာကိုး။ new year ညမှာ သူတို့နိုင်ငံမှာ ၂၀၀၇ ခုနှစ်မှာ ဆုံးသွားတဲ့ အနုပညာ၊ ပါတီနိုင်ငံရေး၊ ပညာရပ် စတဲ့ နယ်ပယ်အသီးသီးက ကျော်ကြားတဲ့လူတွေကို အမှတ်တရအနေနဲ့ သတင်းမှာ နှစ်ခါပြန် လွင့်သွားတယ်။ သတင်းအနှစ်ချုပ်တွေ ပြန်ပြတယ်။

မနေ့မနက်ကကြည့်မိတဲ့သတင်းမှာတော့ "ဖုကုဘုကုရို - 福袋" ဆိုတဲ့ ကံစမ်းမဲအိတ်တွေအကြောင်း တွေ့မိတယ်။ ဆိုင်တွေက အိတ်တွေထဲမှာ သူတို့ဆိုင်က ပစ္စည်းတွေထည့်ပြီး အလုံပိတ်ထားတာ။ အနည်းလေး တစ်အိတ်ကို ယန်းတစ်သောင်းလောက် ပေးရတယ်။ ကံကောင်းရင် Brand ပစ္စည်းတွေ အများကြီး ရနိုင်တယ်။ တစ်နှစ်မှာ တစ်ခါလုပ်တာမို့ ဂျပန်တွေ ကြိတ်ကြိတ်တိုးဘဲ။ နောက်နေ့မနက်၇နာရီမှ ဆိုင်ဖွင့်မှာကို ည၁၀နာရီကစပြီး ဆိုင်ရှေ့ကနေ လူတွေ တန်းစီနေကြတယ်။ သောင်းချီတဲ့လူတွေကို ကြည့်ပြီး ဒီလိုတန်းစီ အချိန်ဖြုံးနိုင်တာကို အံ့ဩမိပါရဲ့။ ဆိုင်ဖွင့်တော့ အလုအယက်ဝယ်ကြ ပြီးတော့ ဆိုင်ရှေ့လမ်းမပေါ်မှာ အိတ်တွေဖောက်ကြည့်ကြ ကိုယ်မလိုချင်တဲ့ပစ္စည်းနဲ့ တခြားသူရဲ့မလိုချင်တဲ့ပစ္စည်း သဘောကျရင် လဲလှယ်ကြနဲ့ စည်ကားနေတယ်။ ညနေသတင်းမှာ ဆိုင်တစ်ဆိုင်ရဲ့ "ဖုကုဘုကုရို"မှာ သူ့ဆိုင်ရဲ့ Brand ပစ္စည်း ဘာမှမထည့်ထားလို့ အတိုင်ခံရတာ ပြတယ်။ စစ်ဆေးရေးက အိတ် ၁၀လုံးစစ်တာ ၃လုံးက အင်ထုထားတာမိလို့ ဝန်ထမ်းတွေလဲ အစစ်ဆေးခံနေရတယ်။

ဂျပန်တွေကတော့ တစ်နှစ်မှာ နှစ်ခါ (Golden week တစ်ခါ New year တစ်ခါ) ရတဲ့ ပိတ်ရက်ရှည်မှာ ခရီးတို၊ ခရီးရှည်တွေ ထွက်ကြတယ်။ နိုင်ငံထဲက နာမည်ကြီးနေရာတိုင်း လူတွေစည်ကားလိုက်တာ။ ဒီပိတ်ရက် Disney Land သွားမလို့ကို အသိတစ်ယောက်က လူတွေပြွတ်သွတ်ကြပ်ညပ်နေတာဘဲ၊ ဘာမှတောင် စီးလို့ရမှာမဟုတ်ဘူးဆိုတာနဲ့ နောက်လမှဘဲသွားတော့မယ်။ သူရော ကျွန်မပါ တန်းစီရတာ ဝါသနာမပါဘူး။ ကျွန်မက အဆိုးဆုံးဘဲ၊ ခဏစောင့်ရရင်ကို စိတ်မရှည်တော့ဘူး။ တန်းစီရတဲ့ စားသောက်ဆိုင်လည်း ဘယ်တော့မှ မစားဘူး။ အကောင်းစား မစားရရင်လည်းနေပါ၊ သက်တောင့်သက်သာ အဆင်ပြေပြေစားရရင် ပြီးတာဘဲ။ လျှာကိုကျော်သွားရင် အရသာက သိတော့တာမှ မဟုတ်တာဘဲဟာကို။ (အမှန်ကတော့ တန်းမစီချင်တာကို ဆင်ခြေကန်ကြည့်တာပါ။)

ဒီရက်ပိုင်းကြည့်မိတဲ့ရုပ်ရှင်ထဲက နှစ်ကားကြောင့် အတွေးတွေများရတယ်။ တစ်ကားက Will Smith ရဲ့ I am legend ဆိုတဲ့ကား၊ လူတွေ DNA ပြောင်းပြီး သွေးစုပ်ဖုတ်ကောင်လို ဖြစ်နေကြတာ။ ရောဂန္တရကပ်လို့ ပြောရမယ်။ နောက်တစ်ကားက TVက ကြည့်လိုက်ရတာ အစပိုင်း နဲနဲလွတ်သွားတော့ ဘယ်နှခုနှစ်ကို ဆိုလိုချင်မှန်း မသိလိုက်ဘူး။ ဂျပန်မှာ အနုမြူဗုံးပေါက်တဲ့အကြောင်းလို့ထင်နေတာ။ ခေတ်က ဒီနောက်ပိုင်းခေတ်ဖြစ်နေတော့ စဉ်းစားမရဘူးပေါ့။ ဇာတ်လမ်းရဲ့ မြှုပ်ကွက်ကလည်း အဲဒါဘဲ။ အထက်တန်းကျောင်းသူကျောင်းသားတွေ ကျည်ဆံရထားနဲ့ လေ့လာရေးခရီးသွားကြတယ်။ ရထားက ဥမင်ထဲအရောက် ဝုန်းဆို ပေါက်ကွဲသံကြားရပြီး အတွဲအားလုံးရပ်သွားတယ်။ နောက် ကျောင်းသားလေးတစ်ယောက် (အဓိကသရုပ်ဆောင်)က သတိရလို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်က အားလုံးရုပ်ပျက်ဆင်းပျက် သေဆုံးနေကြတယ်။ သူက ဖျော်ရည်ဘူး ထိုင်ခုံအောက်ပြုတ်ကျတာ ငုံ့ကောက်လိုက်လို့ ပေါက်ကွဲချိန်မှာ သတိလစ်ရုံဖြစ်သွားတာ။

တခြားအတွဲတွေကို ကူးဖို့ အပြင်ထွတ်ကြည့်လိုက်တော့ ရထားဦးပိုင်းရှေ့က ဥမင်ပြိုကျပြီး လမ်းပိတ်နေပြီ။ ရထားရဲ့ ရှေ့ပိုင်းအတွဲ ၄တွဲလောက်ကလွဲပြီး နောက်ပိုင်းအားလုံးလည်း မြေပြိုပြီးပိ နေတယ်။ ထွက်ပေါက်လည်းမရှိ တခြားအသက်ရှင်တဲ့သူလည်း ရှာမတွေ့နဲ့ စိတ်ခြောတ်ခြားအော်ဟစ်တုန်း တွဲတခု အဝမှာ ကျောင်းသားတစ်ရောက် ငိုနေတာ သွားတွေ့တယ်။ အဲဒီကျောင်းသားက လူသေတွေတွေ့ပြီး စိတ်ဖောက်နေတာ။ အဲဒီစိတ္တဇကျောင်းသားက ရန်ရှာလို့ ရထားတွဲပေါ်တက်လို့မရတုန်း မြေကြီးတွေ ထပ်ပြိုလာလို့ တွဲအောက်ဝင်ပုန်းတယ်။ အဲဒီမှာ စိတ္တဇကျောင်းသားပါတဲ့ရထားတွဲက သူ့ရန်ကိုကြောက်လို့ သေချင်ယောင်ဆောင်ပြီး အလစ်မှာတွဲအောက်ဆင်းပုန်းနေတဲ့ ကျောင်းသူတစ်ယောက်နဲ့ သွားတွေ့တယ်။ (ရထားတွဲအားလုံးမှာ အသက်ရှင်သူ ၃ယောက်ဘဲ ကျန်တဲ့သဘောပေါ့။) သူတို့နှစ်ယောက်ကို စိတ္တဇကျောင်းသားက လိုက်သတ်တဲ့ ရန်ကရှောင်ပြီး ဥမင်မပြိုခင် ဥမင်ခေါင်မိုးက ရေဆိုးပေါက်က ထွက်ပြေးကြတယ်။ ခက်ခက်ခဲခဲ အပြင်ရောက်တော့ ပတ်ဝန်းကျင်တခုလုံး မီးခိုးတွေ ပြာတွေသက်သက်ဘယ်တွေ့တယ်။ နေတောင်မမြင်ရဘူး။ ဘာဖြစ်မှန်းမသိ လျှောက်သွားရင်း မြို့တစ်မြို့ကို ရောက်သွားတယ်။ အဲဒီမြို့လည်း ပြာတွေနဲ့ ပျက်ဆီးလို့ဘဲ။ အသက်ရှင်တဲ့သူ ရှာမတွေ့ဘူး။

နောက်ပြာတောထဲ စမ်းတဝါးဝါးသွားရင်း နောက်ထပ် မြို့ပျက်တစ်ခုထပ်ရောက်တယ်။ အဲဒီမြို့မှာလူတော့ ရှိပါရဲ့။ အဲဒီကလူတွေကလည်း စိတ်ခြောက်ခြားပြီး လူ့မျိုးဆက်ကို အဆုံးသတ်မယ်ဆိုပြီး လိုက်သတ်လို့ ထွက်ပြေးရပြန်တယ်။ ပြေးရင်းလွှားရင်းမှ တဝုန်းဝုန်းနဲ့ မီးစတွေကျလာမှ မီးတောင်ပေါက်လို့ ဒီလိုဖြစ်မှန်းသိတော့တယ်။ ကြည့်လိုက်တော့ လားလား ဖူဂျီတောင်ပါလား။ တိုကျိုမြို့တော့ အကောင်းအတိုင်းရှိမယ်လို့ မျှော်လင့်ပြီး တိုကျိုကို ခက်ခက်ခဲခဲ ရောက်လာတယ်။ တိုကျိုလည်း မီးတောင်ပေါက်ကွဲရာက လွင့်တဲ့ ကျောက်ရည်ပူအတုန်းတွေအောက်မှာ ပြာကျလို့။ မီးတောင်ကြီးက ပေါက်လို့ကောင်းတုန်း၊ လူတွေလည်းမျှော်လင့်ချက်မဲ့ပြီဆိုပြီး သေဖို့ကိုဘဲထိုင်စောင့်နေတယ်၊ ကျောင်းသားနဲ့ ကျောင်းသူလေးကတော့ လက်မလျှော့ဘဲ ချော်ရည်ပူတုံးတွေကြားက ထွက်ပြေးဆဲနဲ့ အဆုံးသတ်ထားတယ်။ တိုကျိုလည်း ပြာတွေဖွေးလို့။ သတ္တန္တရကပ်ဘဲ။ ရုပ်ရှင်ပေမယ့် အပြင်မှာလည်း ရာသီဥတုက တဖြေးဖြေးဖောက်ပြားလာတာ တနေ့ ဒီလိုဖြစ်သွားနိုင်တာဘဲလေ။ တော်တော်တော့ ကြောက်စရာကြီး။ ကြည့်သာကြည့်ပြီး ရုပ်ရှင်နာမည် မသိလိုက်ဘူး။

တောင်ရေးမြောက်ရေး လျှောက်ရေးရင်း ညဥ့်နက်သွားပြီ။ မနက်ဖြန် မီးစစ်ဆေးရေးလာရင် မနိုးဘဲနေဦးမယ်။ ဒီမှာက ခြောက်လတစ်ခါလောက် မီးလာစစ်တယ်။ မီးဖိုခန်းခေါင်မိုးရယ် အတွင်းခန်းခေါင်မိုးမှာရယ် မီးလုံးနဲ့ဆင်တဲ့ အဖု ၂ခုရှိတယ်။ မီးလောင်ရင် အလိုအလျှောက်ပွင့်တဲ့ ရေပန်းနဲ့ အချက်ပေးAlarm လို့ထင်တာဘဲ။ အဲဒါတွေနဲ့ ဝရန်တာက ဘာအပေါက်မှန်းတော့မသိတဲ့ အပေါက်တခါးကို လာစစ်မှာ။ ကျွန်မတို့များ တော်ချက်ကမ်းကုန်ရော။ ကိုယ့်အခန်းက အရေးပေါ်ဆင်းပြေးပေါက်တောင် သေချာမသိဘူး။ တခုခုဆိုရင် ခက်ဦးတော့မှာဘဲ။ :P

"အိုယာစုမိ နာစအိ" အိပ်ပြီ၊ အားလုံး တာ့တာ!

6 comments:

thamudayanwe said...

tks for sharing.

PanPhyu said...

မမရေ နှစ်သစ်မှာပျော်ရွှင်ပါစေနော်။
လက်တလောတော့ ရုပ်ရှင်တွေကြည့်နေတယ်ပေါ့နော်။
မမမြရွက်ဝေ ကျန်းမာပါတယ်နော်။ ကျန်းမာအောင်လည်း
နေပါနော်။

သဇင်ဏီ said...

အမယ်..အိပ်ပီဆိုပဲ..ရုပ်ရှင်တွေနဲ့ ဇိမ်ကျနေတယ်..
နာလိုဘူးကွာ...
အားလုံးအဆင်ပြေပါစေနော်.. ကျန်းမာပါစေ

လုလု said...

ရွက်ဝေရေ့  လာလည်သွားပါတယ်နော်။ အခုလို ဗဟုသုတတွေ မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်။။ ရုပ်ရှင်တွေနဲ့ ဇိမ်ကျနေတယ်ပေါ့။

nu-san said...

ညီမလေးရေ.. ရေးထားတာ စုံနေတာပဲ ဖတ်လို့တောင် မ၀ဘူး.. အဟဲ.. လွတ်လပ်ရေးနေ့က ရုံးမပိတ်ပဲ အမတို့က ကိုယ့်သဘောနဲ့ကိုယ် ပိတ်လိုက်တာ.. :P

အမလည်း တန်းစီပြီးစောင့်ရတာဆို မုန်းလွန်းလို့...ရုပ်ရှင်တွေတော့ မကြည့်ဖူးသေးဘူး.. :D

Layma said...

Disney Land တော့သွားဆော့ဖြစ်အောင်ဆော့ပါဦး..။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP