(တစ်)
နေ့လည် ကျောင်းတက်ချိန်တွင် ဖြစ်လေသည်။ ဆရာမုန်းသည် စတုတ္ထတန်း၌ သင်္ချာ သင်ကြားနေစဉ် တတိယတန်းကျောင်းသားများအား မြန်မာဖတ်စာကို ဖတ်နေစေသည်။ စတုတ္ထတန်းသင်္ချာချိန် ပြီးသောအခမြန်မာပြည်မြစ်များပြ မြေပုံကို ဆွဲခိုင်းခဲ့ကာ တတိယတန်းဘက်သို့ကူးခဲ့လေသည်။
အချိန်ကလည်း နေ့လည်ချိန်။ ထမင်းစားပြီးဗိုက်တင်းနေစဉ် ဖတ်စာကို မိနစ် ၂၀ခန့် ဆက်တိုက် ဖတ်လာခဲ့ကြရသဖြင့် အိပ်ချင်နေကြပေပြီ။ ငိုက်မျဉ်းနေကြပေပြီ။ ဆရာကို ကြောက်ရွံ့၍သာ မျက်လုံးကို အတင်းဖြဲကာ ဖတ်နေကြရရှာသည်။
သည်အတိုင်းဆက်လက်၍ ဖတ်စာ၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောပြ သင်ကြားလိုက်လျှင် သူတို့ စိတ်ဝင်စား ကြလိမ့်မည်မဟုတ်။ ခံယူနိုင်စွမ်းလည်း ရှိကြလိမ့်မည် မဟုတ်ချေ။ သူတို့ အိပ်ချင်ပြေသွားအောင်၊ ဖျက်လက်သွက်လက်ရွှင်မြူးသွားအောင် တနည်းနည်းဖြင့် ဆောင်ရွက်မှ သင့်ပေလိမ့်မည်။
"အားလုံး မတ်တပ်ရပ်"
ပျင်းရိဖင့်နွှဲစွာဖြင့် ထကြသည်။ တချို့မှာ မတ်တတ်ရပ်ခါမှ ပုဆိုး ထဘီကို ပြင်ဝတ်နေကြ၏။
"အားလုံးထိုင်"
ပြန်ထိုင်ကြသည်။ ကျောင်းသားအားလုံးက ငတတ်ပြားဟု ခေါ်ခြင်းခံရသူ လှိုင်ဝင်းတယောက်သာ ထိုင်သည်ဟုလည်းမဆိုနိုင်၊ ထသည်ဟုလည်း မပြောသာ။ ကုန်းကုန်းကွကွကြီး လုပ်နေတော့သည်။ ရှိစေတော့ ဆရာမုန်းမမြင်ဟန်ဆောင်လိုက်ရသည်။
"အားလုံးထ"
"ထိုင်"
"ထ"
"ထိုင်"
အမြန်ဆိုပေးလိုက်သည်တွင် သူတို့တတွေ သွေးနွေးလာဟန်ရှိသည်။ သွက်လက် ဖျက်လတ်လာကြသည်။
"ထ"
"ထ"
ဝါးကနဲဖြစ်သွားကြ၏။ ထိုင်၊ ထ၊ တလှည့်စီဆိုပေးရာမှ၊ 'ထ' ကိုနှစ်ခါပြန်ဆိုလိုက်သည်တွင် အားလုံးလိုလို အမှားမှား အယွင်းယွင်း ဖြစ်ကုန်ကြတော့သည်။ ထဟုဆိုပါလျက် ယောင်ထိုင်ကြလေသည်။ ထိုင်ပြီးမှ မှားမှန်းသိကာ ပြန်မတ်တတ်ရပ်ကြသည်။ ရယ်လိုက်ရသဖြင့် သူတို့ထံမှ အိပ်ချင်စိတ်များ ထွက်ပြေးသွားလေပြီ။
"ထိုင်"
"ထ"
"ထိုင်"
"ထ"
တဝက်လောက်က မှားယွင်း၍ ထိုင်နေရာမှ မတ်တတ်ထရပ်လေရာ တဟားဟားနှင့် ရယ်မောရွှင်ပြကြရသည်။ လှိုင်ဝင်း တယောက်သည်ကား ထိုင် ထ ခိုင်းသည့် တချိန်လုံး ထလည်းမထ၊ ထိုင်လည်းမထိုင်၊ ခါးကိုနွဲ့ကာ ကုန်းကွကွကြီး လုပ်နေပေသည်။ ဆရာကို မလေးစား သက်သက် အကြောင်ရိုက်နေသည်လော။
"မောင်လှိုင်ဝင်း ဆရာ့ဆီလာစမ်း"
လှိုင်ဝင်းသည် ဆရာမုန်း၏ စားပွဲရှေ့တွင် လက်ပိုက် မတ်တတ်ရပ်လာ၏။
"မင်းအပြစ်ကို မင်းသိရဲ့လား မောင်လှိုင်ဝင်း"
"သိပါတယ် ခင်ဗျ"
"ဘာအပြစ်လဲကွာ"
"ဆရာက ထိုင်ထခိုင်းတဲ့အခါ လိုက်မလုပ်တာ ကျွန်တော့် အပြစ်ပါ"
"အပြစ်မှန်းသိပါလျက်နဲ့ ဘာလို့ မောင်လှိုင်ဝင်းက လိုက်မလုပ်တာလဲ"
"မထိုင်နိုင်လို့ပါ ခင်ဗျ"
"ဟေ....ဘယ်လိုကွ"
"ကျွန်တော့်တင်ပါးမှာ ဦးဇင်း ရိုက်ထားလို့ ယောင်ကိုင်း ပေါက်ပြဲနေပါတယ်ဆရာ၊ ထိုင်၊ ထလုပ်လိုက်ရင် ပုဆိုးနဲ့ငြိထိပြီး ဆက်ဆက်ခါနာလွန်းလို့ လိုက်မလုပ်နိုင်တာ ခွင့်ပြုပါဆရာ"
လှိုင်ဝင်းမှာ သတ္တိကောင်းသလောက် သွက်လက်ချက်ချာကြောင်း ဆရာမုန်း အကဲခတ်လိုက်မိသည်။
"ဦးဇင်းက မောင်လှိုင်ဝင်းကို ဘာကြောင့် ဒီလောက်ရိုက်ရတာလဲ"
"ဆွမ်းသွတ် ပရိတ်နာကရတဲ့ ဆန်ထဲက ဆန်သုံးပြည်ကို ခိုးရောင်းမိလို့ပါ ခင်ဗျ"
"ဟိုက်"
ဆရာမုန်း မည့်သို့ ဆက်မေးရမည်မသိ ဖြစ်သွားမိသည်။ လှိုင်ဝင်းအဖြေက ရှင်းနေတော့၏။
"ဆရာ ခဏခဏ ပြောနေသားပဲ မောင်လှိုင်ဝင်းရယ်။ ကိုယ့်ပစ္စည်းပျောက်တာကို မကြိုက်သလို သူတကာလဲ သူ့ပစ္စည်းကို ဘယ်မှာ ဆုံးရှုံးခံချင်ပါ့မလဲ။ ကလေးဘဝမှာ ဆရာမိဘရဲ့ ရိုက်နှက်ဆုံးမခြင်းခံရမယ်။ သူခိုးကြီးဘဝမှာ ခိုးတုန်းမိယင် ထောင်ချခံရမယ်။ မင်းမကြောက်ဘူးလား"
"ကြောက်ပါတယ် ဆရာ"
"ကြောက်ယင် နောင် မခိုးနဲ့ပေါ့"
"ဟုတ်ကဲ့ပါ ဆရာ"
"ခု ဆန်သုံးပြည် ခိုးရောင်းတာက ဘာသုံးဖို့လဲ"
"ဆွမ်းခံသွားယင်း ကိုရင်နီခြံထဲက ရွှေဝါအုန်းသီးတလုံး တက်ဖြုတ်လာပြီး ခွဲစားတာ ပေါ်တာနဲ့ သုံးကျပ်လျော်ဖို့ပါ ဆရာ"
"ဟောဗျား"
လှိုင်ဝင်းအဖြစ်က ထူးထွေတည့်အံ့ရာသော် ဖြစ်နေလေပြီ။ ခိုးမှုသံသရာ လည်နေတော့၏။ ခိုးမှုကို ခိုးမှုဖြင့်ပင် ထပ်မံဖြေရှင်း လေသည်တကား။
"နောင် မခိုးနဲ့ နော်"
လှိုင်ဝင်း၏ ခိုးချင်စိတ်အား မည်သည့်နည်းနှင့် ဖျောက်ပစ်ရမည်ကို ရုတ်တရက် စဉ်းစားမရသဖြင့် အလွယ်ဆုံးဖြစ်သော ဩဝါဒ ပေးနည်းစနစ်ကို သုံးလိုက်ရ၏။ ထိရောက်မည်ကား မထင်ပေ။
"ခု မင်း မထိုင်နိုင်ဘူးပေါ့"
"ဟုတ်ပါတယ် ဆရာ"
"ပြစမ်း မင်းဒဏ်ရာကို"
နည်းနည်းနောနော ဒဏ်ရာမဟုတ်ပေ။ တင်ပါးမှ ပေါင်တိုင်အောင် ကြိမ်ရာ အရှိုးချင်း ထပ်နေတော့၏။ မြင်မကောင်းအောင် ယောင်ကိုင်းနေပေသည်။ အချို့နေရာများ၌ အရေပြားစုတ်၍ သွေးစို့နေသေးသည်။
ဤမျှ အရိုက်ခံထားရပါလျက် ရှုံခြင်း၊ မဲခြင်း၊ စုတ်သပ်ခြင်း မရှိ။ လှိုင်ဝင်းသည် ပကတိမျက်နှာနှင့် စာသင်ခန်းမှာ နေနိုင်ပေသည်။ ဆုံးမ၍ မနာတတ်ခြင်းကို စိတ်ပျက်ဖွယ်ကောင်းသော်လည်း ဤကဲ့သို့သော သတ္တိမျိုးကို အကျိုးပြုလုပ်ငန်းတို့၌ စနစ်တကျ အသုံးပြုနိုင်ပါလျှင် မည်မျှ ကောင်းလိုက်ပါမည်နည်းဟု ဆရာမုန်း စဉ်းစားမိသည်။
ဆရာမုန်းသည် လှိုင်ဝင်း၏ ဒဏ်ရာများကို ဆေးလိမ်းပေးကာ ယနေ့ အတွက်
အနားပေးထားလိုက်ရသည်။
XXXXX
(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)
ဤပို့စ်အား ရိုက်ပေးသောသူ့အား ကျေးဇူးတင်ပါသည်။
3 comments:
ဆရာမုန်း အတန်း လာတက်ပါတယ်
:-)
ငတက်ပြား သတ္တိကတော့ အံ့မခန်းပဲ။ ကလေးတွေက ရိုက်လွန်းလို့ ထုံကုန်တာလားလို့ ထင်ရအောင် ရေးထားတဲ့ ဇာတ်ကောင်တွေက ပီပြင်တယ်နော်.. နောက်ပြီး မ တစ်ရာ သားတွေကို ထိန်းကျောင်းနေရတာ အတော်လေး ခက်တယ်ဆိုတာ ဒီစာအုပ်ဖတ်ရင်း သဘောပေါက်လာတယ်... ကိုယ်သာဆို စိတ်ညစ်လို့ ထွက်ပြေးမိမယ်ထင်တယ်... အဟိ..
“
ဤပို့စ်အား ရိုက်ပေးသောသူ့အား ကျေးဇူးတင်ပါသည်။” တဲ့.. ဟွန်း မမမေမေ မျက်နှာလိုက်တယ်.. :D :D
:)
ဒီပို့စ်လေးဖတ်ရတာ အတွေးလေးတွေ ခေါင်းထဲမှာ ပြေးသွားသလို ရယ်လည်းရယ်မိတယ်.
ပြန်မျှဝေပေးတာ ကျေးဇူးပါ.
စာရိုက်ပေးတဲ့ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်လို့..
တဆိတ်လောက် ပြောပေးပါဦးနော့
ခင်မင်စွာဖြင့်
ရန်အောင်
P.S
ဆီဘောက်စ် ထားဖို့ စိတ်ကူးမရှိသေးဘူးလားဗျာ. မေးကြည့်တာပါ.
Post a Comment