Thursday, October 2, 2008

ဘာညာသာရကာ


ဘလော့ပေါ်ကနေ ပေါ်လိုက်ပျောက်လိုက် အီလေးဆွဲနေတာ ကြာပြီ။ ကိုယ့်ဘာသာ ဘာတွေရှုပ်နေမှန်းတောင် မသိဘူး။ သေချာတာက စိတ်နဲ့ လူနဲ့ နှစ်ခုထဲ ပတ်ရှုပ်နေတာဘဲ။ ရာသီဥတုကလည်း ရုတ်တရက် ပြောင်းသွားလိုက်တာ ပူရာကနေ ချက်ချင်းဆောင်းဝင်သွားပြီ။ အေးရတဲ့အထဲ မိုးပါရွာလိုက်သေးတယ်။ သင်တန်းသွားတော့ မိုးရေလေးထိတာနဲ့ လေးဘက်နာလေးက ခေါင်းထောင်လာတယ်။ ညဘက်ရောက်တော့ ခြေလက်တွေ တစစ်စစ်နဲ့။ အမ မှာထားတဲ့ ပစ္စည်းတွေ ပို့မယ်ဆိုပြီး စိတ်ကူးထားတာ နောက်ရက်လဲ မိုးတစွေစွေနဲ့ လူလဲ မထူနိုင် မထောင်နိုင်မို့ စာတိုက် မသွားဖြစ်တော့ဘူး။ မနေ့ကမှ တရက်တရက် အချိန်ဆွဲနေလို့မဖြစ်ပါဘူးဆို သွားရတယ်။ စာတိုက်က နီးနီးလေးပါ။ ငါးမိနစ် လမ်းလျှောက်တာနဲ့ ရောက်ရော။ ထူးထူးခြားခြား စာတိုက်အဝမှာ လုံခြုံရေး စောင့်နေတယ်။ ဝင်လာ ထွက်လာတဲ့သူတိုင်းကို ခေါင်းညွတ်ပြီး နှုတ်ဆက်လို့။ အရင်က မတွေ့မိပါဘူး။ အေးလေ နှစ်ခါလောက်ဘဲ လာဘူးတာ၊ ဘယ်တုန်းက ထားလိုက်မှန်းတော့မသိ။ ဧကန်တ လူရှိန်အောင်ဖြစ်မယ်။

စာတိုက်ပိစိပေမယ့် အတွင်းမှာ အလိုအလျှောက် ငွေထုတ်စက်ရှိတယ်တယ်။ စာတိုက်ကိုဝင်ရင် အပြင်တံခါး တချပ်ရှိတယ်။ jidou (auto) လို့ရေးထားပေမယ့် နှိပ်တဲ့ခလုတ်ရှိတယ်။ ခလုတ်နှိပ်မှ တခါးပွင့်တယ်။ တချို့စူပါတွေက လူလာရင် အလိုအလျှောက်ပွင့်ပေမယ့် စာတိုက်မို့ နှိပ်အောင်လုပ်ထားတာထင်တယ်။ အလွယ်တကူ ဝင်ထွက်တာ မဖြစ်အောင် ကာကွယ်ထားတာဖြစ်မယ်။ အဲဒီတခါးအတွင်းမှာ ငွေထုတ်စက်ရှိတယ်လေ။ ပြီးမှ နောက်jidou (auto)တခါးတချပ်ကိုဖွင့်ဝင်ရင် စာတိုက် ကောင်တာကို ရောက်တာ။ အပြင်တခါးကို ခလုတ်နှိပ်ဝင်ပြီး အတွင်းတခါးက ပွင့်နေလို့ တန်းဝင်လိုက်တယ်။ စာတိုက်ဝန်ထမ်းကလည်း အပြုံးနဲ့ "ကွန်နိချိဝ"တဲ့။ ဝင်လာတဲ့သူတိုင်းကို နှုတ်ဆက်တယ်။ ဪ ကွာပါ့ ကွာပါ့။ လက်ထဲက အထုပ်ကိုပြပြီး ပစ္စည်းပို့မယ်ပြောလိုက်တော့ နှစ်မျိုးရှိတာ ရှင်းပြနေတယ်။ အမှန်တော့ အားလုံး နားလည်တာဟုတ်ဘူး။ ရမ်းသမ်း မှန်းသမ်းပေါ့။ EMSနဲ့ ပို့မယ်ပြောပြီး အထုပ်လှမ်းတောင်းလို့ ပေးလိုက်တော့ ဒီအတိုင်းပို့မှာလားတဲ့။ အင်! ဒီအတိုင်းဘဲပို့ရမှာကို ဘာလို့မေးတာမှန်းမသိ။ ဒုံတာလေ။ "ဟိုက်"(ဟုတ်ကဲ့)လို့ပြောလိုက်တော့ လိပ်စာဖြည့်ဖို့ formပေးတယ်။ ညနေ လေးနာရီကျော်မှ သွားတာ formကုန်သွားပြီမပြောဘူး။ ကောင်းလိုက်တာ။ ကိုယ့်နိုင်ငံမှာ ပို့တုန်းက ကိုးနာရီ(အမှန်တော့ ကိုးနာရီခွဲလောက်မှ) စာတိုက်ဖွင့်တယ် ဆယ်နာရီ မထိုးခင် formဝယ်လို့ မရတော့ဘူး၊ ကုန်သွားပြီတဲ့။ လိုချင်ရင် အတွင်းဘက်ဝင်ပြီး လူကြီးသွားပြောတဲ့ တလောကလုံး သူ့လုပ်စာထိုင်စားနေရတဲ့မျက်နှာနဲ့ ဝန်ထမ်းက ပြောတယ်။ အမှန်တော့ ကိုယ့်လုပ်စာ အများပြည်သူလုပ်စာ သူစားနေရရှာတာ ကိုယ့်ကိုယ်ကို မသိရှာဘူး။ ကျွတ် ကျွတ်!! အားလုံးက လူကြီးဝင်တွေ့ရမယ်ဆိုလို့ အဝနားမှာဘဲ ပြူတစ်ပြူတစ် မျက်နှာငယ်လေးတွေနဲ့။ စွာတဲ့ ကိုယ့်အမက ဘယ်လူကြီးလည်း ဝင်တွေ့မယ်ဆိုပြီး အတွင်းကို စွတ်ရွတ်ဝင်ပြီးသွားပြောတော့မှ ဟင်! ဟုတ်လားသမီးဆိုပြီး လူကြီးလိုက်ထွက်လာတော့ စာရေးမ အံဆွဲထဲက သားရေကွင်းနဲ့ အစည်းလိုက် ရာချီနေတဲ့ လျှောက်လွှာစာရွက်တွေ ထွက်လာတယ်။ တကယ်ကို အပ်ချလောင်းဘဲ။ ဒေးဗစ်ကော့ပါးဖီးတောင် ရှုံးသွားမယ်။

ဒီမှာတော့ formကလည်း ဂွတ်လေစွ။ အပေါ်က တခါရေးရင် အောက်နှစ်ရွက်အထိ အလိုလို ဖြည့်ပြီးသွားတယ်။ စာရွက်ကျောဘက်မှာ မှင်ခံအကွက် ပါပြီးသားတွေလေ။ တောသူမြို့တက်မို့ စာရွက်ဖြည့်ဘူးကာစ ပါးစပ်အဟောင်းသားဖြစ်ဖြစ်နေလို့ မနည်းပြန်စိနေရတယ်။ ကိုယ့်စီမှာတုန်းက မှင်ခံဆောင်သွားရတာကိုး။ မပါလို့ကတော့ ဖြည့်ပေတော့ စာရွက်တိုင်းကို ရေးပြီး။ ဖြည့်နေတုန်း ဝန်ထမ်းက ကိုယ့်အိတ်ကို သေသေချာချာ တိပ်ကပ်ပြီး ပိတ်ပေးနေတယ်။ တယ်ဟုတ်ပါလား၊ နှိုက်ထုတ်ပြီး တခုချင်းစီလဲ မဖွဘူး အဲလေ မစစ်ဘူးလို့၊ တော်ကြာ ဗုံးထည့်ပေးလိုက်ရင် ဘယ့်နှယ့်လုပ်ကြမလဲမသိလို့ ကိုယ့်ဘာသာ အကျင့်ရလာတဲ့ စာတိုက်က ထုံးစံကို တွေးလိုက်သေးတယ်။ ဟော! တိပ်ဖိုးလဲ မတောင်းဘူး။ ပိုက်ဆံအိတ်ထဲ လိုရမယ်ရ ဆောင်လာမိတဲ့ တိပ်အခွေနဲ့ ကပ်ကျေးလေးကိုတောင် အားနာသွားတယ်။ ဪ လုပ်ပြန်ပြီ၊ ကိုယ့်နိုင်ငံမဟုတ်ပါဘူးဆိုမှ။ ဖြည့်ပြီးသား formကို ပေးလိုက်တော့ ကိုယ့်အထုတ်ကို ချိန်ပေးတယ်။ အင်! အဲဒီအခါကျမှ သတိထားမိတယ်။ ကတ္ထူပုံးထဲလည်း ထည့်မချိန်ဘူးလို့။ အရင်က ပို့တုန်းက ထည့်ချိန်ပါတယ်၊ စည်းမျဉ်းများ ပြောင်းသလား (ကိုယ့်စီကလို သုံးလ တခါလောက်လေ) ဒါမှမဟုတ် ပြီးမှ ပုံးထဲထည့်ပေးမှာလားပေါ့။ အဲလိုတော့လဲ ဟုတ်သေးပါဘူး၊ ပုံးခ သပ်သပ်ပေးရတာ မှတ်မိနေတယ်။ အဲဒါနဲ့ ပုံးထဲထည့်မှာနော်လို့ ပြောလိုက်မှ ဪ ပုံးယူမှာလားတဲ့။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဒုံပါတယ် ပြောတာ။ သူအစက မေးသား။ ဒီအတိုင်းပို့မှာလား ဆိုတာ ပုံးထဲမထည့်ဘဲ ပို့မှာလားလို့ ပြောတာကိုး။ တိဝူးလေ၊ အစထဲကမှ ပုံးကို အတင်းထိုးမှ မရောင်းဘဲဟာကိုး။

ပုံးမပါလဲ ပို့လို့ရမှန်း ခုမှ သိတော့တယ်။ မဆိုးဘူး၊ နောက်ဆို အဲလိုပို့ရင် ခြောက်ရာဂရမ်လောက် အလေးချိန် လျော့နိုင်တယ်။ ပစ္စည်းပို့တိုင်း ပုံးထဲထည့်ရမယ် မှတ်တာ။ ဝန်ထမ်းကတောင် ပြန်မေးနေသေးတယ်။ သူကတောင် မလိုရင် မထည့်စေချင်ဘူးထင်တယ်။ ကွဲစရာ ပါလို့လားတဲ့။ ပါ'ပါဘူး။ သူများပစ္စည်းဆိုတော့ သပ်သပ်ရပ်ရပ်ပေါ့။ တော်ကြာ တခြားဟာတွေပိပြီး ပုံပျက်ပန်းပျက်ဖြစ်ရင် မျက်နှာမရ ခြေထောက်ရ ဖြစ်နေတော့မှာလေ။ ပုံးထည့်ချိန်လိုက်တော့ ကီလိုတက်သွားတာမို့ ထွက်လာပြီးသား ဘောက်ချာကို ပြန်တွက်ရတယ်။ ဘောက်ချာ ပြန်ပြင်ရလို့ မျက်နှာ ရှစ်ခေါက်လည်း မချိုးသွားဘူး။ စိတ်ထားကောင်းလိုက်တာ။ မမကြီး နောင်ဘဝလဲ လှဦးမှာ သိလား။ ဘောက်ချာ အသစ်တွေနဲ့ မှင်ခံရေးထားတဲ့ သက်သေခံဖြတ်ပိုင်းတွေ သေချာကိုယ့်လက်ထဲ ရိုရိုသေသေပေးတော့ ကိုယ်လည်း ရိုရိုသေသေ ပြန်ယူပေါ့။ ခေါင်းထဲမှာတော့ အမကို စာရင်းပြန်ပြောရမှာမို့ ဘာကဘယ်လောက်ကျတယ် စဉ်းစားရင်း ပိုက်ဆံအိတ်နဲ့ စာရွက်တွေကို စလင်းဘတ်ထဲ ငုံ့ပြီးထိုးထည့်ရင်း အတွင်းတခါးဝရှေ့ ရောက်သွားတယ်။ ထုံးစံအတိုင်း jidou (auto)တခါးကို တချက် နှိပ်လိုက်တယ်။ ထိုးထည့်လို့ မပြီးသေးလို့ ခေါင်းမော့မကြည့်နိုင်သေးဘူး။ တခါးက မပွင့်တော့ နောက်တခါ ထပ်နှိပ်တယ်။ ဒါလဲ မပွင့်ဘူး။ ဘယ့်နှယ့်ဖြစ်ပါလိမ့်လို့ မော့ကြည့်လိုက်မှ အဲ!! အတွင်းတခါးက အစထဲက ဖွင့်ထားပြီးသားကို။ ကိုယ့်ဘာသာ အလယ်တည့်တည့်မှာ ရပ်ပြီး မှန်တခါး အသေဘက်ကို ပွင့်လာနိုး စောင့်နေတာ။ အီယား! မီးမီးရှက်ရှက်၊ တောက်တလွဲ လုပ်ပြီ။ အနောက်က ဝန်ထန်းတွေ ရီနေမလားဘဲ။ လှည့်လဲ ကြည့်ရဲဘူး။ မျက်နှာပူပြီး ကမန်းကတန်း ထွက်လိုက်တော့ ငွေထုတ်စက်ရှေ့မှာ တန်းစီနေတဲ့ ဖွားဖွားနဲ့ မျက်နှာချင်း သွားဆိုင်မိတယ်။ ကိုယ့်အဖြစ် သူသိလား မသိလား မသေချာပေမယ့် ကိုယ့်ဘာသာ အိုးမလုံ ဥုံပွင့်မို့ ဘာမဆိုင်ညာမဆိုင် သူ့ကို ဘလုံးဘထွေး ရဲကျဲကျဲ နှုတ်ဆက်လိုက်တော့ သူက ပြန်နှုတ်ဆက်တယ်။ အပြင်တခါးဝက လုံခြုံရေးက "အာရိဂတိုး"ဆိုပြီး ခါးညွှတ်နေလို့ ပြန်ခေါင်းညွှတ်ခဲ့ရင်း ခပ်သုတ်သုတ် မပြေးရုံတမယ် လျှောက်လာမိတယ်။ စိတ်ထဲကတော့ ကိုယ့်အဖြစ်ကို သူမြင်လေသလားပေါ့။

ရီရမလို ငိုရမလို မျက်နှာကို မျက်နှာပိုးသတ်ရင်း အပြင်ထွက်တုန်း ဈေးပါဝယ်ဖို့ စိတ်ကူးလိုက်တယ်။ သွားနေကျ စူပါက စာတိုက်မျက်နှာချင်းဆိုင်လမ်းကို ကူးပြီး ၂လမ်းမြောက်ကို ချိုးလိုက်ရင် ရောက်ပြီ။ ရှေ့မီးပွိုင့်က ကူးရင် စူပါရှိတဲ့ လမ်းနဲ့ တည့်တည့်ပေမယ့် စာတိုက်နားက မီးပွိုင့်ကကူးမယ်လို့ စိတ်ကူးပြီး မီးစိမ်းတာ ရပ်စောင့်နေလိုက်တယ်။ ဒီဘက်ရောက်တော့ ယဉ်အသွားအလာ အတော်ကျဲတယ်။ လမ်းအဆုံး ခွလို ဖြစ်နေလို့ထင်တယ်။ မီးပွိုင့်ကလည်း ကြာလိုက်တာ။ လမ်းလျှောက်ရင် ဟိုးရှေ့ မီးပွိုင့်နားတောင် ရောက်လုပြီ။ ကားမလာဘဲ မီးစိမ်းတာ ရပ်စောင့်နေရတာ ဟုတ်သေးပါဘူး။ ဟော ကိုယ့်ရှေ့က စက်ဘီးသမားကတော့ မီးအနီကို ဖြတ်ကူးချသွားတယ်။ ကိုယ်ကတော့ စည်းကမ်းလိုက်နာ ဘေးကင်းကွာလုပ်ပြီး ရပ်စောင့်နေတာ။ အမှန်တော့ စာတိုက်လုံခြုံရေး လှမ်းကြည့်ရင် မြင်ရတာမို့ပါ။ စောင့်နေတာ အတော်ကြာပြီ၊ မီးကမစိမ်းနိုင်လို့ ဘေးဘီကြည့်လိုက်မှ တွေ့ပြီ!! ဟိုမှာ ခလုတ်။ လမ်းကူးချင်ရင် နှိပ်ပြီး ၅စက္ကန့်စောင့်မှ မီးစိမ်းသွားတာ။ ဪ ငါ့နှယ် ဖြစ်ရပြန်ပြီ နောက်တမျိုး။ ရှက်လိုက်တာဟဲ့။ တခုပြီး တခု။ သူများမြင်ရင်တော့ မီးပွိုင့်မှာ လက်ကလေးပိုက်ပြီး စိတ်ကူးတွေ ယဉ်နေတယ်မှတ်မလား အူကြောင်ကြားထင်မလားဘဲ။ သေချာပါတယ် အူကြောင်ကြားလို့ ထင်မှာ။ စိတ်ထဲကတော့ ကိုယ့်ဘာသာ အားပေးလိုက်တယ် "တို့က တောသူမို့ ဒါမျိုးသိဘူး"လို့

12 comments:

khin oo may said...

ကြာတော.လည်း လည်သွားမှာပေါ.။

မီးငယ် said...

ဟုတ်ပ့ မမ မေမေရယ်...
သမီးလည်းထိုင်းရောက်စကအဲလိုပဲ...
ကိုယ့်ဆီကစာတိုက်က၀န်ထမ်းနဲ့တစ်ခြားဆီ...တံဆိပ်ခေါင်းဝယ်တိုင်းသူတို့နဲ့ကတစ်ရန်လေ..သူတို့ကတံဆိပ်ခေါင်းပြန်ရောင်းစားတဲ့လူကိုပဲတံဆိပ်ခေါင်းရောင်းချင်တာ..သမီးတို့လိုစုတဲ့သူကိုမရောင်းချင်ဘူး..
ဒါနဲ့ သမီးနဲ့မေမေနဲ့အသက်သိပ်မကွာဘူးလို့ထင်၇တယ်ပြောရင် မေမေကနုတာလို့ပြောလိုက်မယ်... :)

ရွှန်းမီ said...

:-) ဂျပန်မှာ နေရတာ စိတ်ချမ်းသာမှာပဲနော်။ သူတို့ ၀န်ထမ်းတွေက စိတ်က ပါပါ မပါပါ ပျူပျူငှာငှာ ရှိတယ်။
ညီမတောင် ဒီကစာတိုက်ကနေ ဘာမှ ပို့ဖူးတာ မဟုတ်ဘူး။

Dr. Nyan said...

ပျောက်ချက်သားကောင်းနေပါလား။
ကျွန်တော်တို့ဆီက၀န်ထမ်းတွေဒီကို
တစ်ပတ်လောက်လေ့လာရေးခရီး
လာကြစေချင်တယ်နော်။
service ဆိုတာဘာလဲ responsibility
ဆိုတာဘာလဲ ဆိုတာတွေသိသွားအောင်။
ဟိုကရွေးချယ်လေ့ကျင့်ရေးသင်တန်းတွေ
မှာဒါတွေမသင်ဘူးဗျ။ အရည်မရအဖတ်မရ
တွေဘဲသင်တာ။

ဇနိ said...

မြရွက်ဝေရေ...
တို့တော့ အဲသလိုတွေ မပို့ဘူးတော့ ဘာမှ မသိဘူး...
း)

GreenGirl said...

မမရေ... အရာရာနဲ့ အကြောင်းကြောင်းကတော့ လူတိုင်းဖြစ်တတ်ပါတယ်။ အမှတ်တရလေးတွေပေါ့နော် :)

nu-san said...

ဘာညာသရကာဆိုတာ ဘာလဲဟင်.. :)

ညီမလေးရေ.. အမကတော့ ပစ္စည်းမပို့ဖူးဘူး.. ဒါပေမယ့် ဟိုတရက်က စာမေးပွဲကြေးသွားသွင်းတော့ အားလုံးက အတော်လေး ဂရုတစိုက် လုပ်ပေးနေတာ ကိုယ်က ကြားထဲကတောင် အနေခက်ပြီး အားနာလာတယ်.. အဟီး.. နေတတ်ဘူးလေ. အရင်တုန်းက အဲဒီလိုမျိုးမှ မဟုတ်တာကိုးနော်.... :D

myatnoe said...

ဘာညာသာရကာ နေကြာကွာစေ့..

. ရေးရင်းနဲ့ ... စားချင်လာပီ

Moe Cho Thinn said...

မြရွက်လိုပဲ တို့လဲ ဒီမှာ အသားကို မကျဘူး ဆိုပါတော့။ ဒါပေမဲ့ တခုတော့ ကွဲလွဲတယ်။
ဒီမှာက လေယာဉ်လိုင်းတွေက ဗုံးပေါလအော ဆိုတော့ လေယာဉ်မယ်တွေက တို့ဆီကလို မပျူငှာဘူး။ မုန့်လဲ မကျွေးဘူး။ မုန့်ချိုချောင်း တချောင်းလောက် ပစ်ပေးလိုက်တာ။ ပြီးတော့လဲ တို့လေယာဉ်မယ်လေးတွေလို မလှဘူး။ အဖွားကြီးတွေ..။ ဒီတခုတော့ ကိုယ့်ပြည်က သာတယ်လို့ စိတ်ချမ်းသာရသေးတယ်။

ဝါ၀ါခိုင်မင်း said...

ဟီးဟီးဟီး...ညီမလေးရေ..ဖတ်ပြီးရယ်သွားရတယ်..တကယ်. စာရေးအလွန်ကောင်း၏။ :P

မြရွက်ဝေ said...

မKOM--> ခုထိတော့ လည်နေတုန်းဘဲ။
မီးငယ်--> အသက်သာမကွာတာ အမက အသက်ထက်ဗျုနေတယ်။ အဲလောက်နုလာလေ။:D
ရွှန်းမီ--> အစိုးရရုံးသွားရတာတို့ကတော့ အတော်အဆင်ပြေပါတယ်။ သူတို့လုပ်ရမယ့် တာဝန်ကို သေသေချာချာလုပ်ကြတယ်။
Dr.Nyarn--> တပတ်လောက်လာလေ့လာလဲ တတ်မယ်မထင်ဘူးဆရာရေ့။ ပြောရရင် အခြေခံကစရမှာလား အထက်ကစရမှာလားတောင် သိတော့ဘူး။
မနိ--> ညီမက လူကြုံလဲအရှိ အသိလည်းမရှိ၊ ရှိပြန်တော့လည်း အားနာလို့ ကိုယ့်ဘာသာဘဲ ပို့ဖြစ်တာ။
GreenGirl--> အရာရာနဲ့ အကြောင်းကြောင်းဆိုတော့ ပက်ကျိပေါ့နော်။ :P
မနု-စံ--> ဟုတ်တယ်အမရေ၊ သူတို့က အရမ်းဂရုစိုက်လုပ်ပေးရင် မနေတတ် မထိုင်တတ်တွေဖြစ်လို့။
မမြတ်နိုး--> ညီမလည်း နေကြာကွာစေ့စားချင်လာမှာစိုးလို့ ဘာညာသာရကာနဲ့ ရပ်ထားတာ။ :D
မမိုးချိုသင်း--> မပျူငှါဘူးပေါ့လေ။ ဟုတ်လား!။ ဒီမှာ အဲလိုလုပ်ရင် အလုပ်ပြုတ်သွားမယ်ထင်တယ်။
မဝါဝါခိုင်မင်း--> အဲဒီနေ့ကဆို ကိုယ့်ကိုကို ရီလဲရီချင် ရှက်လဲရှက်နဲ့ ပြန်တွေးရင်း မျက်နှာပူတယ်၊ အဟီး။:D

Wunna said...

အစ်မရေ
ကျွန်တော်တို့ဆီက အချို့ဝန်ထမ်းတွေကို Service ဆိုတာ ဘာလဲလို့ သိစေချင်တယ်။ သူတို့ကပဲ အားလုံးအတွက် အနစ်နာခံနေရသလို ဆက်ဆံနေတော့တာပဲ။ အရာရာကို ဟောက်ချင်တာတွေက တစ်ခုခုဆီကနေ ကူးစက်လာတာ နေမှာပဲ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP