Tuesday, October 28, 2008

ငတက်ပြား


(နှစ်)

"ဆရာမုန်းရေ့။ ဆရာ့ တတိယတန်းက ငတက်ပြားကလေးကို ကြပ်ကြပ် ဂရုစိုက်နော်။ လူသာငယ်ပေမယ့် သူခိုး အကြီးစားကလေးပဲ၊ ဘယ်လောက်ရိုက်ရိုက် ဖြုံတာမဟုတ်တော့ ခက်နေတယ်။ အဲ ဆရာပြုပြင်လို့မှ မရဘူး မထိန်းနိုင်ဘူးဆိုရင်တော့ ကျွန်မကိုသာပြော ကျောင်းထုတ်ပြစ်လိုက်တာပေါ့။ တနေ့ဉာဉ်ပြောင်းနိုးနဲ့ စောင့်နေခဲ့တာကြာပြီ"

ဆရာမကြီး ဒေါ်ဆင့်က လှိုင်ဝင်းနှင့်ပတ်သက်၍ သတိပေးလေသည်။ ကျောင်းခေါ်စာရင်း ထဲမှာသာ လှိုင်ဝင်း၊ အပြင်မှာမူ ဆရာမကြီးကအစ ကျောင်းသားအားလုံးက ငတက်ပြားဟု ခေါ်ကြသည်။ လှိုင်ဝင်းကလည်း ငတက်ပြားဟု ခေါ်သည်ကို ရှက်ရမှန်းမသိ လက်ခံလေသည်။

"ဆရာမုန်း လှိုင်ဝင်းကို မညှာနဲ့နော်။ မျိုးနဲ့ ရိုးနဲ့ လာတဲ့ သူခိုး အကြီးစားကလေးဗျ၊ တရွာလုံးက ငတက်ပြားလို့ ခေါ်ကြတယ်။ အဲတာ သူ့ဘိုးအေက သူခိုးဇာတ်ကနေ ပြောင်းပေးဖို့ ကျုပ်ကို အပ်ထားတာ၊ မကောင်းကျောင်းပို့ ဆိုတာမျိုးပေါ့။ အဲကျုပ်ကလဲ ဆရာမုန်းဆီ ထပ်အပ် ပါရစေ။ ခိုးတာနဲ့ ပတ်သက်လာရင် တော့ ဆော်သာဆော်ဗျ"

ဆရာတော် ဦးဥက္ကံသကလည်း ကျောင်းသားကို ဆရာမုန်းထံလွဲအပ်ယင်း ကြိုတင်သတိပေးတော်မူ၏။ သူတို့သတိပေးကြသည့်အတိုင်းပင် ဆရာမုန်းသည် လှိုင်ဝင်းကို စောင့်ကြည့်လာခဲ့သည်။ ရက်များမကြာမီပင် ဇာတိပြလာတော့၏။ သူရှေ့မှာ ထိုင်သူ မိသိန်း၏ ဆွဲကြိုးကို နောက်မှနေ၍ ခဲတံချွန်စက်ဓားကလေးဖြင့် ဖြတ်ခိုးခြင်းဖြစ်သည်။ ဆွဲကျိုးမရှိမှ မိသိန်းသိသည်။ ထိုအခါကျမှ ပစ္စည်းပျောက်ကြောင်းကို ဆရာမုန်းထံလာတိုင်သည်။ တတန်းလုံး ပိုက်စိတ်တိုက်၍ ရှာသော်လည်းမတွေ့ ပတ်ဝန်းကျင်မှာလည်း လုံးဝရှာမရ နောက်ဆုံးလက်ရှော့ရမည့် ဆဲဆဲတွင် သူငယ်တန်းမှ ကလေး တယောက်နှင့် ဒုတိယတန်း မိန်းကလေး တစ်ယောက်တို့က လှိုင်ဝင်းဆွဲကြိုးဖြတ်နေသည်ကို မြင်မိကြောင်း လာတိုင်ကြသည်။ ထိုအခါကျမှ လှိုင်ဝင်းကိုမဲ၍ စစ်ဆေးရတော့သည်။ လှိုင်ဝင်းသည် သူ့အင်္ကျီအောက်ခြေအနားပတ်ထဲမှ ဆွဲကြိုးကို ထုတ်ပေးလေသည်။

ဆရာမုန်းသည် ဒေါသဖြစ်ဖြစ်နှင့် ကြိမ်လုံးဖြင့် ငါးချက်တိတိ ရိုက်နှက် ဆုံးမမိလေသည်။ ဆယ်နှစ်သားလှိုင်ဝင်းသည် မငြီးမညူ မျက်ရည်မကျ မငို ရှောင်တိမ်းတွန့်လိမ်ခြင်းမရှိ ဣနြေ္ဒမပျက်၊ အံကြိတ်၍ အံနေသည်။

ဆရာမုန်း နားလည်လိုက်ပါပြီ။ လှိုင်ဝင်းသည် ရိုက်နှက်ဆုံးမခြင်း၊ ဆူပူကြိမ်းမောင်းခြင်း ခံရရုံဖြင့် သူ၏ဉာဉ်ဆိုးကို ဖျောက်လိမ့်မည်မဟုတ်ချေ။ ဆရာမကြီးက ကျောင်းထုတ်သင့်ပြီဟု ပြောလာ၏ ။

ဆရာမုန်းနှမြောသည်။ သူကို ကျောင်းထုတ်ပစ်လိုက်လျှင် ကျောင်းမှာက သူနှင့် ဆိုင်ရာ ပြဿနာ အေးသွားပေလိမ့်မသည်။ သို့သော် လှိုင်ဝင်း၏ ဘဝသည် ရေစုံမြောပေတော့မည်။ ရွာထဲ၌ လှိုင်ဝင်းကို မည်သူ ဆုံးမ ပြုပြင် ပါအံ့နည်း၊ ဆရာတော်လို၊ ဆရာမကြီးလို၊ မိမိလို၊ မည်သူမျှ ဂရုတစိုက် ဆုံးမလိမ့်မည် မဟုတ်ချေ။ ထိုအခါ လှိုင်ဝင်းမှာ ငတက်ပြားကြီးအစစ် ဖြစ်သွားတော့မည်မှာ ၉ဝ ရာခိုင်နှုန်းသေချာလေသည်။

ဆရာမုန်းသည် ရလိုရခြား အချိန်ယူ စမ်းသပ် ပြုပြင် ကြည့်လိုသေး၏။

"ကျနော် ကြိုးစားပြုပြင်ကြည့်ပါဦးမယ် မမဆင့်"

.................................................................
(ဒီနေရာမှာ စာရွက်တစ်ရွက် ပြဲနေပါတယ်။ ဒါကြောင့် ဖတ်ဖူးတာရယ်၊ ဖြစ်နိုင်ခြေရှိတာအရ စဉ်းစားကြည့်တာအရ_____ လှိုင်ဝင်းကို သူခိုးဘဝကနေ လွတ်အောင် ကြိုးစားဖို့အတွက် ဆရာမုန်းက လှိုင်ဝင်းရဲ့အုပ်ထိမ်းသူ သူ့အဘကို သွားတွေ့ပြောဆိုရာက အဘက သူလည်းအခု နောင်တရနေတဲ့ အကြောင်းနဲ့ သူခိုးဘဝက ကျွတ်ခဲ့ပုံကို နောက်ကြောင်းပြန် ပြောပြပါတယ်။ သူလည်း အရင်က အမြဲတမ်း ခိုးဆိုးနေခဲ့ပါတယ်။ တရက်မှာ မူးမူးနဲ့ အိမ်တအိမ်ကို ဝင်ခိုးပါတယ်။ အဲဒီအိမ်မှာ သတ်ရဲဖြတ်ရဲ ခပ်မိုက်မိုက်ဆိုးဆိုး သားယောက်ျားလေးတွေရှိပါတယ်။ လှိုင်ဝင်းအဘက ဝင်ခိုးရင်း အမူးလွန်ပြီးအိပ်ပျော်သွားပါတယ်။ အဲဒီအချိန်မှာ အိမ်ရှင်အဘိုးကြီးနိုးလာပြီး လှိုင်ဝင်းအဘကို မြင်သွားပါတယ်။)


ဆရာမုန်းလည်း အဘ၏ စကားမှာ မျောပါနေမိတော့သည်။ လျှို့ဝှက်သဲဖို ဝတ္ထုတပုဒ်ကို ဖတ်ရသည်နှယ့်ပင်တည်း။

"အဘိုးကြီးက တိုးတိုးကလေးပြောတယ်။ ထ............ ထ........... ထ.......... တဲ့"

"ခင်ဗျာ"

"ငါ့သားတွေနိုးရင် မင်းသေတော့မှာပဲတဲ့။ မင်း အပြင်ကိုရောက်ဖိုသင့်နေပြီတဲ့။ ကျုပ်လဲ မထနိုင်တော့ဘူးဗျာလို့ ပြောတော့ အဘိုးကြီးကိုယ်တိုင်ပဲ တွဲထူပြီး ခြံစည်းရိုးအပြင်ကို ပို့ပေးခဲ့တယ်"

"ဟောဗျား"

ဆရာမုန်း အထူးအံ့အားသင့်မိလေသည်။ တခါတရံ၌ တကယ့်ဖြစ်ရပ်များသည် စိတ်ကူးယင် ဝတ္ထုဇာတ်လမ်းများထက် ပိုမို ဆန်းကြယ်တတ်သည်ဟု ဆိုကြသည်။
အိမ်ရှင်အဘိုးကြီး၏ သနားဂရုနာစိတ်သည် မယုံကြည်နိုင်စရာ ဖြစ်နေတော့၏။

"ကျုပ်လဲ အဲဒီအခါကျမှ နောင်တရတော့တယ်။ ဪ ငါကသာ သူတကာတွေ အကျိုးမဲ့ အောင် ဖန်တီးနေတယ်။ ခံရသူတွေထဲမှတောင် ငါ့အပေါ် သနားဂရုနာ ရှိကြပါသေးလားလို့ တွေးမိတယ်။ သူတို့သာ သတ်ရင် ငါသေပြီ။ သူခိုးဇာတ်သိမ်းသွားပြီ။ ခုငါဘဝသစ်ကို ပြန်စတော့ မယ်လို့ အကျွတ်တရား ရတော့ တာပဲ ဆရာရယ်။ ဒါပေမယ့် ကျုပ်နောင်တရတော့ ကျုပ်မြေးကောင်းကောင်းကြီး ခိုးတတ်နေပြီ။ တစ်ချိန်က ဆုံးမကွပ်ညှပ်ရမယ့် အစား အားပေးအားမြောက် ပြုခဲ့တာကိုး။ သူတပါးက သူခိုးလို့ ယိုးစွပ်လာချိန်မှာ ကျုပ်က ကာဆီးကာဆီးနဲ့ အကာအကွယ်ပေးခဲ့မိတာကိုး။ ပြင်မရတော့ ပါဘူး ဆရာရယ်။ အနာအကျင် ရိုက်နှက်ဆုံးမပြီးမှ မြေးကွယ်ရာမှာ မျက်ရည်ကျခဲ့ရတဲ့ အကြိမ်လဲ မနည်းပါဘူး။ ငါရိုက်တာက မြေးသံယောဇဉ်နဲ့ ညှာနေမိမလားလို့ တွေးမိတယ်။ နောက်ဆုံးတော့ အရိုက်ကြမ်းတဲ့ ဦးဇင်းဆီအပ်ပြီး စာပါသင်ခိုင်းရတော့တယ်။ ကျုပ်မြေးကလေးကို ဆုံးမပြုပြင်ပေးပါနော် ဆရာ။ ကြီးဝင် သူခိုးမဖြစ်စေချင်လို့ပါ ဆရာရယ်"

လှိုင်ဝင်းအား မည်သို့ဆုံးမ ပဲ့ပြင်ရမည်ကို သိသလိုလိုက ရှိလာသည်။ သို့သော် ဆရာမုန်း၏ အသိမှာ မရှင်းလင်းလှချေ။

"အဘမြေးက ရိုက်နှက် ဆုံးမလို့ မရလောက်ဘူးဗျ။"

"ဗျာ ဒါဖြင့် ဘယ်လိုဆုံးမရမလဲ"

"ကျနော် အဲတာကို စဉ်းစားနေတာပဲ အဘ။ လှိုင်ဝင်းကို အဘလဲ ရိုက်နှက်ဆုံးမခဲ့ပြီ။ ဦးဇင်းလဲ မညှာဘူး။ ကျွန်တော် လဲရိုက်ဖူးပြီ။ ဒီကောင်က သတ္တိမခေဘူးဗျ။ နွားကန်မနာ တဲ့ နွားလို ဖြစ်နေပြီ။ တခြား တနည်း တလမ်းတော့ ရှာမှဖြစ်မယ်။"

"အေးပါဗျာ။ ဘယ်လိုဆုံးမ ဆုံးမ ကျုပ်မြေးကလေး သူခိုးမဖြစ်ယင် ကျေနပ်ပါပြီ။ သူ့ဘဝကို ဆရာ့ဆီမှာပဲ ပုံအပ်ပါတယ်။"


XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

ဤပို့စ်အား ရိုက်ပေးသောသူ့အား ကျေးဇူးတင်ပါသည်။

2 comments:

ရွှန်းမီ said...

ဆရာမုန်းရဲ့ စွန့်စားခန်းတွေ စောင့်နေတယ် =)

nu-san said...

ညီမလေး မျက်လုံးကိုက်နေတယ် နေမကောင်းဘူးဆို မရိုက်နဲ့နော်.. သူ့ကိုများများရိုက်ခိုင်းသိလား.. ဆရာမုန်း ၀တ္ထုပြောပါတယ်.. :D

ဤပို့စ်အား ရိုက်ပေးသော သူ့ကိုလည်း အမက ကျေးဇူးတင်ပါတယ်လို့.. နောင်လည်း များများရိုက်ပေးပါလို့.. :P

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP