Tuesday, November 18, 2008

အမှတ်တရ အိမ်ရှင်မ(၁၀)


ခုတလော ထမင်းဘူးအတွက် ဘာချက်ရမှန်းမသိလို့ တရုတ်သူငယ်ချင်းကို တရုတ်ဟင်းချက်နည်းတွေ ပြောပြပါလားလို့ ဈေးအတူသွားဝယ်ရင်း စကားပြောမိတော့ ဟင်းချက်နည်းစာအုပ်ငှါးပေးလိုက်မယ်တဲ့။ တရုတ်လိုမှ မဖတ်တတ်တာဆိုတော့ ဂျပန်လိုရေးထားတဲ့စာအုပ်ကို သူ့senseiဆီက ရထားတာတဲ့။ ၂အုပ်ထဲက ကြိုက်တာတအုပ် ငှါးသွားလေဆိုတော့ လုပ်ရလွယ်မယ်ထင်တဲ့ တစ်အုပ်ကို မလာခဲ့တယ်။ ခုအဲဒီထဲက ရမ်းသမ်းcookကြည့်ထားတဲ့ ဝက်သားလိပ် ကြက်ဥဟင်းချက်နည်းကို တင်လိုက်ပါတယ်။

အသားက ဝက်သားရဲ့ သုံးထပ်သားနေရာကို ခပ်ပါးပါးလွှာလွှာလှီးထားတာကို သုံးပါတယ်။ ဒီမှာတော့ 豚バラ薄きり肉(buta bara usukiri niku)ဆိုပြီး အဆင်သင့်လှီးထားတာတွေ ရောင်းပါတယ်။ ပုံမှန်ဆို အဲဒါတွေကို အသီးအရွက်နဲ့ ရောကြော်ရုံ ချက်တာလောက် သိတာပါ။ သူ့ကို mainအနေနဲ့ စားလို့ရအောင် ချက်ရကောင်းမှန်းမသိပါဘူး။ စာအုပ်လှန်ကြည့်ချင်း အဲဒါကို သွားတွေ့ပြီး သွားရည်ကျနေတာ။ စာအုပ်ထဲမှာက အရောင်လှလှနဲ့ စားချင့်စဖွယ်လေး ပြင်ထားတာကိုး။ ကျမက အဲလောက်မတတ်တော့ ရသလောက်ပေါ့။ ဟင်းချက်နည်းက စာအုပ်ထဲကအတိုင်း ၂ယောက်စာ ပမာဏနဲ့ ရေးလိုက်တယ်။

ဝက်သားလိပ် ကြက်ဥဟင်း
လိုအပ်သော ပစ္စည်းများ (၂ယောက်စာ)


ဝက်သားပါးပါးအလွှာ __ ၄ချပ်(၁၅၀ ဂရမ်)
ကြက်ဥ __ ၂လုံး
ရှီအိတကဲမှိုခြောက် __ ၂ပွင့်
ဂျင်း __ အလွှာလိုက်သင့်ရုံ
Asparagus __ ၂ချောင်း
ဟင်းရည် [ရေ __ ၁ခွက်၊ ဟင်းချက်အရက် __ ခွက်တဝက်၊ သကြား __ ဇွန်းကြီး၁ဇွန်းခွဲ၊ Mirin __ ဇွန်းကြီး၁ဇွန်းခွဲ၊ ပဲငံပြာရည်အကျဲ __ ဇွန်းကြီး၃]
နာနတ်ပွင့် __ ၁ပွင့်
(ဇွန်းသေး = 5 cc / ဇွန်းကြီး = 15 cc / တစ်ခွက် = 200 cc)
(#Mirinဆိုတာ ဆန်ကနေထုတ်ထားတဲ့ ခပ်ချိုချို ဟင်းခတ်အရည်ပါ။)

(၁) ကြက်ဥကို ပြုတ်ပြီး အခွံခွါထားပါ။ ရှီအိတကဲမှိုခြောက်ကို ရေစိမ်ပြီး ပျော့လာအောင်လုပ်ပါ။ ရေထဲ သကြားနဲနဲလေးထည့်ပေးရင် ပိုမြန်မြန်နူးလွယ်ပါတယ်။ ရှီအိတကဲမှိုခြောက်ကို ရေစိမ်ပြီးပျော့အောင်လုပ်ပါ။ ရေထဲ သကြားနဲနဲထည့်ပေးရင် မှိုက ပိုမြန်မြန်ပျော့ပါတယ်။ ရှီအိတကဲမှိုခြောက်ကို မြန်မာမှာ "ရှီတာကီ"မှိုမွှေးလို့ ခေါ်တယ်ထင်ရဲ့။


(၂)ဝက်သားလွှာတွေကိုလိပ်ပြီး အဖျားမှာ သွားကြားထိုးတံနဲ့ထိုးပြီး ထိန်းထားပါ။



(၃) ဂျင်းကို အခွံသင်ပြီး အလွှာလိုက်လှီးပါ။ Asparagusကို ဆားရည်ပူထဲ ထည့်ပြုတ်ပြီး ၅စင်တီ အရှည်လောက်စီလှီးပါ။ (Asparagusကို မြန်မာလို ကညွတ်လို့ ခေါ်သလား မသိဘူး။ အိမ်မှာချက်တော့ Asparagus အဆင်သင့်ဝယ်ထားတာမရှိလို့ မုန်လာဥနီနဲ့ချက်လိုက်တယ်။ မုန်လာဥက သပ်သပ် ပြုတ်ချင်လည်း ရတယ်။ ကျမကတော့ ဝက်သားထည့်တုန်း ပေါင်းထည့်လိုက်တယ်။)



(၄) ဒယ်အိုးထဲ ဟင်းချက်အရက်ကို ဆူအောင်တည်ပြီး ကျန်ဟင်းခတ်အရည်တွေထည့်လို့ ဟင်းရည်ချက်ပါ။ ဆူလာရင် ဂျင်းအလွှာတွေထည့်ပါ။

(၅) ကြက်ဥပြုတ်ထည့်ပြီး ၁၀မိနစ်တည်ပါ။ ပြီးရင် ဝက်သား၊ ရှီအိတကဲမှိုနဲ့ နာနတ်ပွင့်တွေပေါင်းထည့်ပြီးတည်ပါ။

(၆) ဝက်သားနဲ့ မှိုကထွက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ရင်း မီးအားလျော့လျော့နဲ့ မိနစ်၂၀ခန့်လောက် ဝက်သားအဆီပြန်လာတဲ့အထိတည်ပါ။

ဓာတ်ပုံထဲတော့ သိပ်ဆီမပြန်ခင် ခပ်လာလို့ အရောင်မလှဘူး ဖြစ်သွားတယ်။ ညနေဘက်ပြန်တည်တော့မှ ဆီပြန်ပြီး ပိုအရောင်တက်လာတယ်။ Asparagus နဲ့ဆိုရင်တော့ ဟင်းကျက်လို့ ပန်းကန်ထဲခူးရင် ဘေးမှာစီလိုက်ရုံပါဘဲ။

ဟင်းက ချက်သာချက်ပြီး မြည်းမကြည့်ထားပါဘူး။ မနက်က သူ့အတွက်ဘဲ ထမင်းဘူးထည့်ပေးဖြစ်တာ၊ ကိုယ်တိုင်က အပြင်ရောက်နေတော့ ဘယ်လိုအရသာ ဖြစ်မှန်းမသိလို့ စိတ်တော့ အပူသား။ ညစာစားတဲ့အခါကျမှာ စားကြည့်တော့ တော်တော်မဆိုးဘူးဘဲ။ ခက်ခက်ခဲခဲလဲမဟုတ်ဘဲနဲ့ ဟင်းတခွက်ဖြစ်လာတယ်။ ဝက်သားကလည်း လိပ်ထားပြီးဆီပြန်အောင် မီးအားလျော့လျော့နဲ့ ချက်လို့လာမသိ ဝက်သားကောက်ညှင်းထုပ်ထဲက ဝက်သားလို စီးနေတာဘဲ။ ဝက်သားမှဝက်သားဖြစ်တဲ့ အိမ်ကြီးရှင်တို့ အကြိုက်ပေါ့။ စားကောင်းလို့ဆိုပြီး ဟင်းချက်နည်းလာမေးနေသေးတယ်။ စားကောင်းတဲ့ဟင်းဆို အမြဲတမ်းအဲလိုပါဘဲ၊ ပြီးတော့ ဘာမှလဲ မှတ်မိတာမဟုတ်၊ ချက်တာလဲမဟုတ်နဲ့။ ပြောပြပြီးသွားတော့ ဟင်! အဲဒီသွားကြားထိုးတံတွေရောတဲ့ ကြောက်အားလန့်အားနဲ့။ ဟောတော်~~ ဟင်းအေးတဲ့အချိန် ဖြုတ်လိုက်ပြီပေါ့၊ မဖြုတ်လို့ကတော့ မနက်က စားကတည်း လည်ပင်းစူးနေမှာပေါ့။ သွားကြားထိုးတံတွေပါ ဝက်သားဖြစ်သွားတယ်မှတ်နေသလားဘဲ။ အင်းးးးးးးး ရွှေဉာဏ်တော် ရွှေဉာဏ်တော်။

11 comments:

nu-san said...

ချက်စားကြည့်ရမယ်.. စားကောင်းမယ့်ပုံလေးနော်.. ညီမလေးလက်ရာကိုတော့ ယုံပြီးသား.. :D

ကြက်ဆီထမင်းလေးလည်း တင်ပါဦး.. ဆရာမ.. :)

May Moe said...

ဂလု စားချင်လိုက်တာ :(

ဇနိ said...

မဇနိ ကို အချက်ခိုင်းရမယ်.. နောက်မှပါ..း)

khin oo may said...

တယ်ဟုတ်နေပလား။

ရွှန်းမီ said...

ရှလွတ်.. ဂလု..
အိပ်မက်မက်နေလား အောက်မေ့တာ.. =)
စားစရာတွေ မြင်ပြီး အနံ့မရလို့ ..
ပုံကြည့်ပြီး ရေသောက်.. ပြန်အိပ်လိုက်ပါဦးမယ်.. :-)

မြရွက်ဝေ said...

မနု-စံ---> ညီမလက်ရာကို ယုံပြီးသားပေါ့လေ။ စားဖူးရင် လန့်သွားဦးမယ်။
ညီမမေမိုး---> လာလည်ရင် ချက်ကျွေးမှာနော်။
ကိုဇနိ---> ဝက်သားဆိုလို့ ကိုဇနိလည်း ခေါင်းထောင်လာတယ်ထင်ရဲ့။ :D
မkom---> အမြဲတမ်း ဒီအရသာကြီးဘဲ မစားနိုင်တဲ့ ညီမအကျင့်ကြောင့် လျှောက်ချက်ကြည့်နေတာ။
ညီမရွှန်းမီ---> တရုတ်မဆလာနံ့လေး မှန်းပြီး ဝက်သားကောက်ညှင်းထုပ်ထဲက ဝက်သားအရသာမျိုးလေးလို့ တွေးကြည့်နော်။

ThuHninSee said...

မှန်းချက်ကြည့်အုံးမှ.

A Linn Nyi said...

ဒီဟင်းချက်နည်း မတင်သေးဘူးမှတ်လို့ စောင့်ဖတ်မယ်လို့ ဟိုဘက်မှာ ရေးခဲ့သေးတယ်။ ဟင်းနည်းလေးမှတ်သွားတယ်မြရွက်ရေ..။ ဟင်းချက်အရက်က ဘယ်လိုဟာလဲ မသိဘူး။ မမြင်ဖူးဘူး။

ThuHninSee said...

ဟင်းထုပ်.. လုပ်နည်းတင်ပေးပါလား။

မလေးမေ said...

အမရေ .. ဒီနေ့ အဲဒီဟင်းစမ်းချက်ကြည့်တာ ၀က်သားက အသားတုံးကိုဝယ်ပြီး ပါးပါးလှီးချက်လို့ လားမသိဘူး ..တမျိုးပဲ .. ပုံထဲကဟာလောက် ကြည့်မကောင်း.. စားမကောင်းဘူး ..
အမပြောတဲ့ ၀က်သားက bacon အနေနဲ့ စားတဲ့ဝက်သား လိုမျိုးလား .. နောက်တခါ bacon နဲ့ တောင်ချက်ကြည့်ရမလိုပဲ :(

မြရွက်ဝေ said...

ဝက်ပေါင်သားကို ခပ်လွှာလွှာလှီးထားတာမျိုးပါ အမရေ။ ဂျပန်လိုတော့ "အူစုဂီရိ" လို့ရေးထားတယ်။ bacon က သပ်သပ်ပါ။ http://www.nutr.kobegakuin.ac.jp/~byouri/list/img/buta-momo-usugiri.jpg ဒီကလို အသားလွှာပါ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP