ဒီနေ့ ဂျပန်မှာ "စဲစွတ်ဘွန်း" (節分/せつぶん)နေ့တဲ့။ "စဲစွတ်ဘွန်း"ဆိုတာ ဂျပန်ရာသီဥတုလေးခုဖြစ်တဲ့ "နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း" မတိုင်ခင် ရှေ့ရက်တွေပါ။ ရာသီဥတုတွေကို ခွဲခြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ "စဲစွတ်ဘွန်း"လို့ပြောရင် တခြားရာသီဥတု မစခင်ရက်တွေထက် နွေဦးမတိုင်ခင်ရက်ကို ရည်ရွယ်တာများပါတယ်။ နှစ်တိုင်းရဲ့ ၂လပိုင်း ၃ရက်နေ့ဖြစ်ပြီး ရက်ထပ်နှစ်ဆိုရင်တော့ ၂လပိုင်း ၄ရက်နေ့ဖြစ်သွားပါတယ်။ ဒီနေ့ "စဲစွတ်ဘွန်း"နေ့ဆိုတော့ မနက်ဖြန်မှာ နွေဦးစပါပြီ။
မနက်က သတင်းမှာတော့ "စဲစွတ်ဘွန်း"နဲ့ ပတ်သက်တဲ့အကြောင်းတွေ လွှင့်သွားတယ်။ တရုတ်ယဉ်ကျေးမှုကနေ ရောက်ရှိလာတဲ့ အယူအဆရက်ပါတဲ့။ ဒီနေ့ရဲ့ ထင်ရှားတဲ့ ဓလေ့က "မမဲ့မကိ" (豆撒き/まめまき) လို့ခေါ်တဲ့ ပဲစေ့ပေါက်ပွဲပါ။ "မမဲ့မကိ"ဘယ်ကစဆိုတာ ဂျပန်သမိုင်းပညာရှင်တွေတောင် မသိဘူးလို့ ဆိုပါတယ်။ နောက်ဆုံး "အာစာကူစာ" (浅草/あさくさ)က "စဲန်းစိုးဂျိ" (浅草寺) ဆိုတဲ့ ဘုံကျောင်းက ပန်းချီကားချပ်မှာပါတဲ့ ပုံတကွက်ကနေ ဖြစ်နိုင်ချေကို စဉ်းစားကြပါတယ်။ ပုံထဲမှာ ကျောင်းဆောင်ပေါ်ကနေ ပိုက်ဆံတွေ ကျဲနေတာပါ။ နောက်တော့ အဲလိုလုပ်တာ လုကြယက်ကြနဲ့ အန္တရာယ်များတယ်လို့ သတ်မှတ်ပြီး ပိုက်ဆံကျဲတဲ့ ဓလေ့ကို ရပ်တန့်ခိုင်းခံရပါတယ်။ အဲဒီကနေ ပိုက်ဆံကျဲတာနဲ့ အသံထွက်ဆင်တဲ့ ပဲစေ့ကျဲတာအဖြစ် အဆင့်ဆင့်ပြောင်းသွားပြီး ခုတော့ "စဲစွတ်ဘွန်း"ဆိုတာနဲ့ ပဲစေ့ပေါက်ပွဲကို လုပ်ကြပါတယ်။
ဘုံကျောင်းတွေမှာ လုပ်ကြသလို ကိုယ့်အိမ်နဲ့ကိုယ်လဲ လုပ်ကြတယ်။ ဘုံကျောင်းပေါ်ကနေဆို ဘုန်းတော်ကြီးတွေ၊ ဖိတ်ထားတဲ့ ဧည့်သည်တွေက အောက်ဘက်မှာ စောင့်နေတဲ့ လူတွေအပေါ်ကျဲတာပါ။ အိမ်မှာလုပ်တာမျိုးကျ တယောက်ယောက်က ဘီလူးမျက်နှာဖုံး စွတ်ထားပြီး အဲဒီဘီလူးကို ပဲစေ့နဲ့ပေါက်တာပါ။ ဒီနေ့အတွက် ဆိုင်တွေမှာ ပဲစေ့နဲ့ စက္ကူမျက်နှာဖုံးတွဲရက် အထုပ်လေးတွေ ရောင်းနေတာ တွေ့ရတယ်။ ပဲစေ့အထုပ်ထဲက ကိုယ့်ရဲ့ သက်စေ့ ပဲစေ့ကို စားပြီး ကျန်တာနဲ့ ဘီလူးကို ပေါက်တာပါ။ ပေါက်ရင်းနဲ့ ပါးစပ်က "အိုနိ ဝါ စိုးတို၊ ဖုကု ဝါ နကာ" (鬼は外、福は内) "ဘီလူးက အိမ်ပြင်သွား ကံကောင်းခြင်းတွေ အိမ်ထဲလာ" လို့ အော်ကြတာများပါတယ်။ ဘုံကျောင်းတခုက ထူးခြားပြီး ပြောင်းပြန် "အိုနိ ဝါ နကာ၊ ဖုကု ဝါ စိုးတို" (鬼は内、福は外) လို့အော်ပါတယ်။ လူတွေကို ဒုက္ခပေးတဲ့ ဘီလူးကို ဘုရားရှေ့မှာ ဆုံးမပြီး လူတွေကို ကံကောင်းခြင်းတွေ ရောက်စေဆိုတဲ့ ရည်ရွယ်ချက်နဲ့လို့ ပြောပါတယ်။ တချို့ဒေသမှာတော့ "အိုနိ ဝါ နကာ၊ ဖုကု ဝါ နကာ"လို့ (鬼は内、福は内) အော်ပါတယ်တဲ့။ ကိုယ့်ဒေသရဲ့ ယုံကြည်ရာ ယုံကြည်ရာနဲ့ အော်ပြီး ပစ်ကြပါတယ်။
နောက်ဓလေ့တခုက တထွာသာသာ ရေညှိထမင်းလိပ်ခပ်ကြီးကြီး "မာကီ စူရှိ" (巻き寿司)ကို စားတာပါ။ ဂျပန်အယူအဆအရ "တိုရှိတိုကုဂျင်း" (歳徳神/としとくじん、とんどさん) နတ်မင်းရှိတဲ့အရပ်ကို မျက်နှာမူ မျက်စေ့မှိတ်ပြီး ထမင်းလိပ်ကို မနားတမ်းစားရတာပါ။ စားနေတုန်းမှာ လုံးဝ စကားမပြောရပါဘူးတဲ့။ စကားပြောလိုက်ရင် နက်မင်းက သွားကြားက ထွက်ပြေးသွားမှာမို့ပါတဲ့။ ထမင်းလိပ်ထဲမှာ "ရှိချိဖုကုဂျင်း" (七福神/しちふくじん)လို့ ဂျပန်တွေရုံကြည်တဲ့ ကံကောင်းမှုပေးတဲ့ နတ်မင်း ၇ပါးကို ရည်ရွယ်ပြီး "ကန်ပျောဆိုတဲ့ ဘူးသီးတမျိုးကို အခြောက်ခံထားတဲ့ အမျှင်၊ သခွါးသီး၊ ရှီအိတကဲမှို၊ ကြက်ဥလိပ်၊ ငါးရှဥ့်၊ အသားမှုန့်၊ ပဲ" စတဲ့ ၇မျိုးကို ထည့်လိပ်ထားပါတယ်။ ဒေသအလိုက် ထည့်တာ သိပ်မတူတာ ရှိပါတယ်။ ဒီဓလေ့က အိုဆာကာဘက်ကနေ ပျံ့နှံ့လာတာလို့ ဆိုပါတယ်။ ဘယ်လိုကနေ ဘယ်လို ရေညှိလိပ်စားတဲ့ ဓလေ့ပေါ်လာရတာလဲ ဆိုတာ ရှာဖွေရင်း သိလိုက်ရတဲ့ အကြောင်းအရင်းက ဟိုက်ရှားဘားလို့တောင် ဖြစ်သွားရတယ်။ ဟိုးနှစ်၁၀၀နီးပါးမှာ အိုဆာကာဘက်က စားသောက်ဆိုင်တွေကနေ စခဲ့တာပါတဲ့။ စားသောက်ဆိုင်ဆိုတာ မိန်းကလေးတွေ ဧည့်ခံတဲ့ ဂျပန်အရက်ဆိုင်မျိုးပါ။ ဆိုင်တွေက ဧည့်သည်စည်ကားအောင် ရည်ရွယ်ချက်နဲ့ လုပ်တဲ့ပွဲမှာ မိန်းကလေးတွေက ရေညှိလိပ်ကို စားပြတာပါတဲ့။ ဘာကိုဆိုလိုချင်သလဲဆိုတာတော့ ရေညှိလိပ်ကို မြင်ယောင်ပြီး စဉ်းစားကြပါကုန်။ သိရင်လည်း သိတယ်မှတ်ပါ၊ မသိရင်လည်း မသိသလိုထားလိုက်ပါ။ ဒီသတင်းကြည့်ပြီးတော့ လူတွေ ချဲ့ကားကြရာက နဂိုကနေ သွေဖယ်သွားတဲ့ အရာတွေက မလွယ်ပါလားလို့ တွေးမိလိုက်တယ်။
photo source: Google
7 comments:
鬼は外、福は内
ဆုတောင်းသွားပါတယ်.. :)
ဗဟုသုတဝေမျှလို့ ကျေးဇူးတင်ပါတယ်
ဖတ်နေရင်းနဲ့ နောက်နားရောက်တော့ ဟိုက်ရှာလပတ်ရည် ဆိုပြီး ..
း)
ပျော်ရွှင်ပါစေ..
နွေဦးရောက်ပြီလား..
ဗဟုသုတ ဖတ်သွားတယ်..
ဓလေ့ရိုးရာတွေကလည်း ထူးဆန်းလိုက်တာ..
း-)
အမလည်း Life မှာ ပြီးခဲ့တဲ့တပတ်ကျော်ကတည်းက ပဲစေ့နဲ့ မျက်နှာဖုံးတွေရောင်းတာ တွေ့မိတယ်.. ပဲကိုတော့ သူတို့လို ပစ်ပြီး မစားချင်ဘူး... ပဲကြီးလှော်နဲ့ ဆင်တူရင် ကောင်းမယ်လို့ ပဲတွေ ကြည့်ရင်းတွေးလိုက်မိသေးတယ်... နွေဦးလို့သာ ဆိုတယ်နော်.. အေးလိုက်တာတော့ သုညဖြစ်တော့မယ်... :)
ရေညှိလိပ်ပုံကို ရှာဖွေလိုက်တာကြည့်လိုက်တာ..နည်းနည်း သဘောပေါက်သွားသလို ရှိ၏။ သိပ်မထုံသေးပါလား။
ကံကောင်းပါစေ...
ရေညှိလိပ်ထဲ ထည့်တဲ့အစာတွေကလည်း အစုံပဲ
နွေဦးတောင်ရောက်တော့မှာလား.. ကျင်းပတဲ့ ပွဲတော်တွေရဲ့ ကျင်းပရခြင်းအကြောင်းတွေ သိရတာ စိတ်ဝင်စားစရာ ကောင်းတယ်နော်။
ရေညှိလိပ်လား.... အဟဲ... ဓလေ့ရိုးရာတွေကလည်း အမျိုးမျိုးပါပဲ...
မရောက်တာကြာသွားတယ်.. မမြရွက်ဝေရေ.....
အခု လာဖတ်သွားပြီ..... :)
အဆင်ပြေပါစေ
Post a Comment