Thursday, February 12, 2009

ဗယ်လင်တိုင်းချော့ကို (バレンタインチョコ)


(image form Rakuten shop)


ဗယ်လင်တိုင်းဒေးနဲ့ ချော့ကလက်က ဘယ်လိုပတ်သက်မှန်း လုံးဝမသိတာ အမှန်ပါ။ ဝီကီမှာ ကြည့်တော့လည်း ချစ်သူများနေ့နဲ့ ဘာမှလဲ မသက်ဆိုင်သလိုဘဲ။ လူညီလို့ "ဤ"ကနေ "ကျွဲ"ဖြစ်သွားသလားတော့ မသိပါ။ ဆိုင်တာမဆိုင်တာ ထားပါလေ၊ ဖေဖော်ဝါရီ ၁၄အတွက် ဒီမှာတော့ ချော့ကလက်တွေ အပြိုင်အဆိုင်ရောင်းနေကြတာ။ သတင်းမှာလဲ ချော့ကလက်ရောင်းအား ကောင်းတာတွေ လွှင့်လို့၊ "ဂင်းဇ"က ဆိုင်တွေမှာ အမျိုးသမီး ကြီးကြီးငယ်ငယ်တွေ အုံလို့ခဲလို့။ ဂျပန်မှာ ဗယ်လင်တိုင်းဒေးဆိုတာ မိန်းကလေးတွေကစပြီး ချစ်ရေးဆိုဖို့ အခွင့်အရေးနေ့လိုပါဘဲ။

ချော့ကလက်မှာတောင် ကိုယ့်ဘာသာ စားဖို့အတွက်က "ဂျိဘွန်းချော့ကို" (自分チョコ)၊ လုပ်ဖော်ကိုင်ဖက် / အထက်လူကြီးတွေကို ပေးဖို့ "ဂီရိချော့ကို" (義理チョコ)၊ ကိုယ့်ရဲ့ တဦးတည်းသောသူအတွက်က "ဟွန်းမဲအိချော့ကို" (本命チョコ) ဆိုပြီး ခွဲဝယ်ကြတယ်။ ကိုယ့်အတွက်နဲ့ လုပ်ဖော်ကိုင်ဖက် / အထက်လူကြီးတွေကိုပေးဖို့ ချော့ကလက်ကတော့ ဈေးအတော်အသင့်ကို ဝယ်ကြတာ များတယ်။ "ဂီရိချော့ကို"ဆိုလို့ ဒီရောက်စက အဲလိုမျိုးတွေ ကြားရမြင်ရတာ ကိုယ့်မှာတော့ အံ့ဩပြီး ပါးစပ်အဟောင်းသားနဲ့ပေါ့။ ကိုယ့်နိုင်ငံမှာက ယောက်ျားလေးကသာ မိန်းကလေးကိုပေးတာလေ။ မိန်းကလေးကလည်း လက်ဆောင်ပြန်ပေးတာ ရှိချင်ရှိမယ်။ ဒါတောင် ချစ်သူချင်းပေါ့။ ချစ်သူမဟုတ်တဲ့ သူကို ချော့ကလက်ပေးလို့ကတော့ အထင်သေးခံလိုက်ရမယ့်ဖြစ်ခြင်း။ ကိုယ်နဲ့ ဘာမှလဲ မသက်ဆိုင်တဲ့ ရုံးက လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေ အထက်လူကြီးတွေကို ချော့ကလက်ပေးတာတော့ ကြားကြားဘူးပေါင်။

ဒီမှာတော့ "ဂီရိချော့ကို" အလေ့အထက အကျင့်ကြီးလိုဖြစ်လို့။ အပေးခံရတဲ့အမျိုးသားတွေ ဘယ့်နှယ့်ခံစားရသလဲဆိုတာ အင်တာလိုက်ဗျူးတာ ကြည့်ရတော့ စိတ်ဖိစီးမှုလည်းဖြစ်ကြတယ်။ ဘာလို့လဲဆို နောက်လ ၁၄ရက်ကျရင် white day ဆိုပြီး သူတို့က လက်ဆောင် ပြန်ပေးရမယ်လေ။ ကိုယ့်ကို ချော့ကလက် ပေးတဲ့သူတွေကို မှတ်ထားရတယ်။ ပြီးတော့ ပြန်ပေးရရင်လည်း ကိုယ့်ကိုပေးတာထက် တန်ဖိုးများတာမျိုး ပေးရတာဆိုတော့လေ။ ချော့ကလက်ရလို့ ရင်ခုန်ရတာထက် ပြန်ပေးရမယ့် စရိတ်တွေ တွေးပြီး ရင်ခံရသပေါ့။ အဲ ရင်ခုန်ကြသူတွေလဲ မနည်းပါဘူး။ ကိုယ့်လက်အောက်ဝန်ထမ်း ငယ်ငယ်ချောချောလေးဆီက ချော့ကလက်ရတယ်ဆိုတော့ကာ "ဂီရိချော့ကို"မှန်း သိရက်နဲ့လည်း ကိုယ့်ကိုများ တကယ်သဘောကျနေသလားမသိ ဆိုတဲ့ တဖက်သတ် အတွေးနဲ့ ကြည်နူးကြတယ်လေ။

"ဂျိဘွန်းချော့ကို"ကတော့ ကိုယ်စားချင်တာလေးတွေ ဝယ်စားကြတာ။ ဂျပန်ပျိုပျိုအိုအိုတို့ ပိုက်ဆံများများအကုန်ခံတာက "ဟွန်းမဲအိချော့ကို"။ ကိုယ့်ရဲ့ တဦးတည်းသောသူ အတွက်ဆိုတော့လည်း ပိုက်ပိုက်အကုန်အကျ များလည်း ဝယ်တယ်။ ချော့ကလက်မှာတောင် ဗယ်လင်တိုင်း အတွက် ရည်ရွယ်ထုတ်လုပ်ပြီး ရောင်းတဲ့ ချော့ကလက်တွေရဲ့ ဈေးက မသေးလှဘူးရယ်။ ပုံမှန်ဆို ချော့ကလက်တွေက ယန်းတရာဆိုင်မှာ မျိုးစုံရှိပါတယ်။ တရာနဲ့ စားပါလေ့။ ခုကျတော့ ဈေးတွေက ပျံလို့။ ချော့ကလက်တဗူးမှာ တလက်မပတ်လည် အရွယ်သာသာ ၃/၄တုံးလောက် ပါကြတာပါ။ ဒါကို ယန်းနှစ်ထောင်ကျော်ပါတယ်။ ဈေးကြီးမှ ဝယ်ချင်သူတွေအတွေ အတွက်လည်း အထူးရှယ် ချော့ကလက်တွေလည်းရှိတယ်။ ခပ်သေးသေး တတုံးထဲကိုတင် ယန်းလေးထောင်ကျော်တာလဲ ရှိတယ်။ ဈေးကြီးကြီး ချော့ကလက်ရတဲ့ အမျိုးသားများ ဝမ်းမြောက်ဖွယ်လား မျက်ခုံးလှုပ်ဖွယ်လားတော့ မပြောတတ်ပါဘူး။

ဒီနှစ်မှာ "ဂရကုချော့ကို" (逆チョコ) ဆိုတာကို လုပ်လာကြတယ်။ "ဂရကုချော့ကို"ဆိုတာ ယောက်ျားလေး ဘက်ကနေ မိန်းကလေးကို ပေးတာပါ။ ဂျပန်တွေအတွက် အဆန်းစထွင်သလို ဖြစ်ပြီး ထူးနေသလားတော့ မသိပါဘူး။ ကိုယ့်ဆီမှာက ပုံမှန်ဘဲမို့ အဆန်းလို့ မထင်မိဘူး။ "ဂရကုချော့ကို"ကမှ ပိုအဆင်ပြေတယ်လို့ တွေးမိတယ်။ မိန်းကလေးတွေက အချိုပိုကြိုက်ကြတယ်လို့ ထင်မိလို့ပါ။ ကိုယ့်ကိုယ်ကို ကြည့်ပြီး ပြောကြည့်တာပါ။ ဆိုင်ရောက်ရင် ချော့ကလက်တွေဆီ မျက်လုံးက ရောက်ပြီးသား။ ဈေးဝယ်ခြင်းထဲ ထည့်ဖို့မေ့လာရင်လည်း စိတ်ပူစရာမလို၊ ငွေရှင်းကောင်တာတွေအနားမှာ ထပ်ရှိတယ်လေ။ ချော့ကလက် အစားများရင် ခန္ဓာကိုယ်အတွက် မကောင်းမှန်းသိပေမယ့်လည်း ကြိုက်တာဘဲ။ မနေ့ညကတောင် ချော့ကလက် တတောင့်ဖောက်ပြီး နဲနဲဘဲစားမယ်ဆိုတာ ဘလော့လည်ရင်း တီဗီကြည့်ရင်းနဲ့ စားမိလိုက်တာ ကုန်ရော။ စားပြီးမှသာ အဲ~ စားတာ လွန်သွားပြီဆိုပြီး ကြောက်တာ။ မစားဖြစ်အောင်ဆို မဝယ်မှဘဲ ရမယ်။ (မထင် ငင်~~ ငင်~~ ငင်~~)

သူ့ဆီက ချော့ကလက်ကတော့ အရင်ကဆို ၁၄ ရက်နေ့တိုင်း ပါလာတယ်လေ။ ပြက္ခဒိန်မှာ တနှစ်မှ တခါ ဗယ်လင်တိုင်းတာ၊ တို့များတော့ လတိုင်း ဗယ်လင်တိုင်းပါတယ်။ အဲဒါက အရင်ကလေ အရင်က။ ဒီရောက်ပြီး စောစောပိုင်း အချိန်တွေအထိ ၁၄ရက်နေ့တိုင်း ချော့ကလက်ပါလာတယ်။ နောက်များလဲကြာရော့ မေ့မေ့လာပါရောလား။ အလုပ်တွေများလို့ ခေါင်းရှုပ်ပြီး မေ့သွားတာကတော့ တတ်နိုင်ဘူးပေါ့လေ။ ခဏခဏ မေ့လာတာကတော့ အသက်ကြီးလို့ မှတ်ဉာဏ်မကောင်းချင်လို့များလား??? မခင်ဦးမေပြောသလို ပါးဖောင်းတာလေး ကျလာလို့များလား??? လား??? လား??? အင်းမ်... မမေ့သေးဘူး ဆိုရင်တော့ ၁၄ရက် အမှတ်တရ ချော့ကလက်လေးတွေ အမြဲ လိုချင်ပါသေးတယ်။ တန်ဖိုးနဲတာ များတာက အဓိကမဟုတ်ပါဘူး။ ရင်ထဲကပါရင် ပြီးတာပါဘဲ။ တွေးကြည့်တော့ ၇နှစ်နဲ့ ၇လ တင်းတင်းပြည့်တော့မှာပါလား။ မနေ့တနေ့ကလို ထင်နေတုန်းဘဲလေ။

10 comments:

ဇနိ said...

ဒီနေ့ကျောင်းရောက်တော့ စားပွဲပေါ်မှာ ချောကလက်အထုပ်လေးတွေ့တယ်။ ပန်းရောင် အဖြူ ရောင်စုံနဲ့ဆိုတော့ ဟယ် ငါ့ကို ဘယ်သူပေးသွားတာလဲလို့ ရင်ခုန်သွားသေးတာ။ နောက်မှ စားပွဲတိုင်းမှာ အထုပ်လေးတွေ တွေ့ရော။ ဆရာ့အတွင်းရေးမှူးမလေးက အားလုံးကို ပေးတာပါ။ ငှဲ ငှဲ။ ဒါတောင် ဂျပန်လေးတွေက စ နေတာ ကြားတယ်။ အတွင်းရေးမှူးလေးက အားလုံးကိုကြိုက်တာထင်တယ်တဲ့။ ကွိ ကွိ။
ဗယ်လင်တိုင်းချော့ကိုတော့ ကိုဇနိဆီက မရ။ သူပြန်လာလို့ပါလာရင်လည်း ကြွပ်ကြွပ်အိတ်ကြီးနဲ့ လုံးထွေးပေးတာ။ ရင်ခုန်စရာမကောင်း။
ချောကလက်က ဝတယ်တဲ့နော် လျှော့စားအုံးညီမရေ။
အခု ၁၄ အတွက်က ညီမက ပေးရမှာဆိုတော့ ဝယ်ထားတော့လေ။
နိနိ

subuueain said...

valentine မှာအဖြေပြန်ပေးခဲ့တာလား ဟီးဟီး

မြရွက်ဝေ said...

မနိ---> အဟီး ညီမက မြန်မာက ဗယ်လင်တိုင်း ထုံးစံကို လိုက်နာပါတယ်။ 逆チョコဘဲ ယူမှာ။ ;) အိမ်ကြီးရှင်ရဲ့ ဗယ်လင်တိုင်း ချော့ကလက်ကလည်း ရင်ခုန်ဖို့ မကောင်းပါဘူး မနိရယ်။ ဆိုင်က ဝယ်လာတဲ့ ကြွပ်ကြွပ်အိပ်အတိုင်း ရော့ အင့်ဆိုပြီး ပေးတာလေ။ 全然ロマンティックじゃないよ。

စုဘူးအိမ်---> valentine မှာ ဟုတ်ပါဘူး။ ၁၄ ရက်တော့ ၁၄ ရက်ပါဘဲ။

မီယာ said...

ချောကလက်တော့ ဘယ်အချိန်ပေးပေး မငြင်းနိုင်ပါဘူး။ သူတို့ ဓလေ့တွေကလည်း ဆန်းသား... ပိုက်ပိုက်တော့ ကုန်ကြရှာမယ်။ တို့တော့ သတင်း ရထား ပြီးပြီ.. အပတ်စဉ် ဈေးဝယ်တဲ့ အခါ စားချင်တဲ့ ချောကလက် ၀ယ်ခဲ့ပါ တဲ့။

nu-san said...

အဟီး.. အမကတော့ ချော့ကလက် မကြိုက်.. အလကားရလည်း မကြိုက် ၀ယ်စားဖို့ဆို ၀ယ်လာဝေးပဲ.. စားတော့ စားတယ်.. ဒါပေမယ့် ကြိုက်လှချည်တော့ မဟုတ်ဘူး.. ၁ ခု ၂ ခုလောက်ပေါ့.. :)

ဒီရောက်ကတည်းက ဗယ်လင်တိုင်းဒေးအတွက် ချော့ကလက်ကို ဘယ်သူ့ကိုမှ မ၀ယ်ပေးဘူး.. အမျိုးသားတောင် မ၀ယ်ပေးဘူး.. မန်နေဂျာလည်း မပေးဘူး.. ဒါရိုက်တာကိုလည်း မပေးဘူး.. သူတို့က ကိုယ့်ကို ပေးရင်တော့ ရူးချင်ယောင် ဆောင်ပြီး ယူထားလိုက်တယ်.. :D (အကျင့်မကောင်းတာလေ.. :P) ဒီက ဂျပန်မလေးတွေ ကဲကဲလှုပ်တာ ကြည့်မရလို့.. :)

မနှစ်ကတော့ စာသင်ပေးတဲ့ ဆရာ ၂ ယောက်ကို ၁ ယောက် ၁ ဗူး ၅၀၀ တန်လေးတွေ ၀ယ်ပေးလိုက်သေးတယ်.. ဒီနှစ်တော့ စာသင်တာလည်း မရှိတော့ဘူးဆိုတော့ ဘယ်သူမှ ၀ယ်ပေးစရာ မလိုတော့ဘူး.. :D

ညီမလေး ပြောပြမှပဲ ချောကလက် အမျိုးအစား အများကြီးရှိတယ်ဆိုတာ သိရတယ်.. ချောကလက်ဈေးကြီးတာဆို ၀ယ်စားရမှာ နှမြောတယ်။ လက်ဆောင်ပေးရမယ်ဆိုရင်တော့ သင့်တင့်တာကို ၀ယ်ပေးရတာပေါ့နော်.. သူတို့ ထုံးစံကလည်း ရှုတ်ပါတယ်.. အခုအတိုင်းဆို မြန်မာထုံးစံကပဲ ပိုကောင်းသလိုလိုပဲ.. နော့လေ.. :D

khin oo may said...

လိုချင်ရင် ကြိုပြောထားပေါ့ညီမလေးရယ် အဲဒါဆိုဘယ်မေ့ပါ့မလဲ။
(ခင်လို့ လှီူ့ဝှုက်နည်းကိုသင်ပေးသွားသည်။)

ရွှန်းမီ said...

:-) chocolate ရော လျှို့ ဝှက်နည်းရော ကောက်ရသွားပါသည်။ ကြုံရင် အသုံးချဖို့ သိမ်းထားမယ်။
;-P

sumyat said...

ဟုတ်တယ်အမရေ မနေ့က ရုံးက အထက်အရာရှိဂျပန်ကို ဂီရိချော့ကိုဝယ်ပေးလိုက်တယ်။ ဂျပန်မလေးကလည်း ပေးပြီးသွားပြီဆိုတော့ ကိုယ်လည်းလိုက်ပေးရတာပေါ့။ မျက်နှာပူလိုက်တာ။ respect သဘောထားပြီး ပေးရတာပေါ့။ မိန်းကလေးကို ပန်းပေးရတယ်ဆိုတာ မကြားဘူးပေါင်တဲ့။ ၀ှိုက်ဒေးကျမှသာ ကိုယ်ကြိုက်တဲ့ကောင်မလေး ပြန်ပေးရတာတဲ့။

ကိုရင်ညိန်း said...

အိုး မိုင် ဗုဒ္ဓ.. မရောက်တာကြာလို့ (တော်တော့်ကိုကြာပါပြီ) ရောက်လာတော့ ။
အမျိုးသမီးတွေ စုပြီး ချော့ကလက်ကို လက်ဘက်သုပ် လိုစားနေကြတာကလား ။ :P ကွန်မန့်ရမှာတောင် ခပ်လန့်လန့် ။
ကျားဆို ကိုယ်တစ်ကောင်တည်းရှိတယ် ။
(တော်ကြာဟောက်လွှတ်နေမှ အခက် :P )
အိမ်က အစ်မတွေကလည်း သူတို့စကားဝိုင်း နားကပ်လာရင် ဇွတ်အော်လွှတ်တာ
Blogger အစ်မတွေကတော့ ဘယ်လိုနေမလဲ မသိဘူး :Dnဒါနဲ့ပဲ ခပ်မဆိတ်လေးပြန်သွားတယ် ။
ဒန့်..တန့်..တန့် .. အဟေးဟေး :P

(မရောက်ဖြစ်တာအတော်ကြာလို့ စာလာဖတ်ရင်း နှုတ်ဆက်တာ အစ်မရေ ။ အဆင်ပြေပါစ )

Steve Evergreen said...

thanks for sharing Valentine day in Japan. In London i noticed more people going night out.

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP