Friday, June 26, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


'အိမ်ပြောင်းပြီးကတည်းက ဆရာမုန်း စာအုပ်ကို ဆက်ရိုက်ဖို့ မေ့နေတာ ဒီနေ့မှ သတိတရ ပြန်ရိုက်ဖြစ်တော့တယ်။ မျှော်နေသူများရှိရင်လည်း "ဂေါ့မဲန်းနဲ~"။းD စာရိုက်ကလည်း နှေးပါတယ်။ အာရုံတွေကများသလို ဆင်ခြေလည်း များပါတယ်။ ဒါကြောင့် ဆရာမုန်း ဝတ္ထုတိုပေါင်းချုပ်ကို မုဒ်ဝင်ရင် ဝင်သလို ဆက်ရိုက်သွားပါမယ်လို့'

XXXXX


(တစ်)

အရေးကောင်း ဒိန်းဒေါင်းဖျက်ဟု ဆိုရပေမည်။

တတိယတန်းတွင် နေ့နှင့်ညဖြစ်ပေါ်ခြင်း သင်ခန်းစာကို ရှင်းလင်းပြောပြ သင်ကြားနေစဉ် မိကြည်ဝင်းနှင့်အတူပါလာသော နှစ်နှစ်သားကောင်လေးက ကျူကျူပါအောင် ထငိုလေတော့သည်။ မိကြည်ဝင်းသည် သူ့မောင်ငယ်လေးကို ချော့မော့သည်။ မရ။ ခြောက်လှန့်သည် မတိတ်။ ငိုသံကလည်း ကလေးအရွယ်နှင့် မလိုက်အောင်ပင် ကျယ်လောင် စူးရှလွန်းသည်။ ရှင်းလင်းပြောပြ သင်ကြားနေသော ဆရာမုန်း၏အသံကိုပင် ဖုံးလွှမ်းနိုင်စွမ်း ရှိပေသည်။ မိကြည်ဝင်းသည် ဆရာကို အားနာသော မျက်နှာငယ်ကလေးနှင့် ကြည့်နေရှာသည်။ သူ့ဆန္ဒအရမူ အပြင်လွတ်ရာသို့ ကလေးကို ခေါ်ထုတ်သွားလိုလှ၏။ သို့သော် သင်ခန်းစာ သင်နေဆဲဖြစ်သော ဆရာမုန်းကို ကြောက်နေသည်။ ဆရာက ခွင့်မပြုပဲ အပြင်သို့ ထွက်ခွင့်မရှိပေ။


သမိုင်းကို ဖတ်ရှုနေသော စတုတ္ထတန်း ကျောင်းသူကျောင်းသားများပင် ကလေးငိုသံကို အာရုံစူးစိုက်လာကြရကား စာဖတ်သံ တိတ်သွားသည်။ ဆရာမုန်း ဒေါသထွက်သွားမိသည်။ သင်ခန်းစာ အသင်ပျက်ရလေပြီ။

"မကြည်ဝင်း၊ နင့်မောင်ကလေးကို အပြင်ခေါ်ချော့စမ်း။ အငိုတိတ်မှ ပြန်ဝင်ခဲ့"

မိကြည်ဝင်းသည် ကလေးကို စာသင်ခန်းနှင့် ဝေးရာ အပြင်ဘက် ခက်လှမ်းလှမ်းသို့ ခေါ်သွားလေသည်။ ဤအခါကျမှ ဆရာမုန်းသည် သင်လက်စ သင်ခန်းစာကို ဆက်လက်သင်ကြားရတော့သည်။ သို့သော် အရှိန်ပျက်သွားချေပြီ။ ဆရာမုန်း အားမရတော့ပြီ။ ကလေးတို့၏ ပျံ့လွင့်နေသော စိတ်အာရုံကို ပြန်လည်စုစည်းရန် မနည်းကျိုးစားယူနေရတော့၏။

တတိယတန်း သိပ္ပံဘာသာရပ်ပါ နေ့နှင့်ည ဖြစ်ပေါ်လာပုံ သင်ခန်းစာသည် အလွန့်အလွန် အရေးကြီးသည်ဟု ခံယူထားသည်။ ထိုသင်ခန်းစာသည် ကမ္ဘာမြေကြီး လုံးကြောင်းနှင့် လည်ကြောင်းကို အခြေခံထားသည်။ ကမ္ဘာမြေကြီး လုံးကြောင်းနှင့် လည်ကြောင်းကို သိနားလည်ပါမှ နေ့နှင့်ည ဖြစ်ပေါ်ရခြင်းကို ဆက်လက်သင်ကြားဖြစ်နိုင်သည်။

ဆရာမုန်းတွင် ကိုယ်တွေ့ကြုံထားချက် များစွာရှိသည်။ ယနေ့ အသက်၄၀ကျော် လူကြီးအတော်များများက ကမ္ဘာမြေကြီး လုံးသည် လည်သည်ဆိုလျှင် ပျက်ရယ်ပြု ရယ်သွမ်းလိုကြပေသည်။ လကမ္ဘာပေါ်သို့ လူရောက်နိုင်ရန် ကြိုးပမ်းနေသည့်အပြင် စကြဝဠာအနှံ့ ဂြိုလ်များစွာတို့ကို သုတေသနပြုကာ အသစ်အသစ်သော သိပ္ပံပညာရပ်များ နေ့စဉ်နှင့်အမျှ ပေါ်ထွက်နေစဉ်တွင် ကျွန်ုပ်တို့က ဘာမျှ စူးစမ်းခြင်း မရှိပဲနှင့် ရသေ့ရှစ်သောင်း ဆရာကောင်းတို့ စကြဝဠာတံတိုင်းမှ ရေကူးခဲ့သည်ဆိုသော အာဒိကပ္ပကျမ်းလာ လေးကျွန်း တမြင့်မိုရ်နှင့် ဖွဲ့ထားသည့် ကမ္ဘာပြားကြီးဟု အငြင်းသံနေကြပါလျှင် အဘယ်မှာ သိပ္ပံနည်းကျတော့အံ့နည်း။ တိုးတက်နိုင်ပါအံ့နည်း။ ကမ္ဘာ့အလယ်တွင် ရှက်ဖွယ်လိလိရှိပေစွ။

ရှိစေတော့။ လူကြီးပိုင်းတွေအတွက် ဆရာမုန်းတာဝန်မဟုတ်ဟု ရှောင်တွေးလျှင် ဖြစ်နိုင်ပေ၏။ ကလေးများ မတွေဝေပဲ သိပ္ပံအသိရှိစေရန်ကား ဆရာမုန်းအတွက် မလွှဲရှောင်သာသော သမိုင်းပေးတာဝန်ပေတည်း။ သူကလေးတို့တတွေ အသိတရားမှန်မှ သိပ္ပံနည်းကျကျ စဉ်းစားတွေးခေါ်တတ်မှ သိပ္ပံအသိရှိကြမှ အနာဂတ် မြန်မာ့သမိုင်းသည် လှပချိမ့်မည်။ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ချိမ့်မည်။ စက်မှုနိုင်ငံဖြစ်နိုင်လိမ့်မည် မဟုတ်ပါလော။ အစကောင်းမှ အနှောင်းသေချာမည်။

ထို့ကြောင့် တတိယတန်း ကလေးတို့အား ကမ္ဘာမြေကြီး လုံးကြောင်းနှင့် လည်ပတ်ခြင်း နှစ်မျိုးကို သင်နည်း အထောက်အကူပစ္စည်း အပြည့်အစုံနှင့် ဥပမာ ဥပမေယျ အမျိုးမျိုး ထုတ်ဖော်သက်သေပြုကာ သဘာဝကျကျ သင်ကြားနေခဲ့သည်။ ကလေးထငိုလိုက်သံဖြင့် အရှိန်ပျက်သွားရသည်။ ဆရာမုန်း အားမလို အားမရ ဖြစ်ရသည်။ မနက်ဖြန်မှ ဆက်လက်သင်ကြားတော့မည်ဟု အချိန်ရွှေ့ဆိုင်းလိုက်ကာ ကမ္ဘာလုံးကြီးပုံ ဆွဲကြရန် တာဝန်ပေးခဲ့ရလေသည်။

စတုတ္ထတန်းသို့ သွားကာ သင်္ချာဘာသာ ဆက်လက်သင်ကြားရသည်။ တပည့်များ သင်္ချာတွက်ကောင်းနေဆဲတွင်

"ဟယ်!! ကလေး နောက်ဖေးတွေ သွားနေပြီ။ တင်ထွေး ညည့်ကလေးကြောင့် ငါ့လွယ်အိတ် ပေကုန်ပြီ။ ဟောတော့ စာအုပ်တွေရော လျော်ပေး တင်ထွေး လျော်ပေး"

ခင်မေထားက အထိတ်တလန့် ထအော်လိုက်သည်။ စတုတ္ထတန်း ကလေးများသည် ပြောင်းကြ ရွှေ့ကြနှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ သင်္ချာတွက် ပျက်သွားလေတော့၏။ ဆရာမုန်းသည် တင်ထွေး၏ ညီမလေးကို လှမ်းကြည့်လိုက်မိ၏။ တကိုယ်လုံး မစင်တွေပေကျံနေသည်။ ကြမ်းပြင်မှာရော ခုံတွေမှာပါ။ ကလေးလက်နှင့် ထိထားသော ခင်မေထား၏ လွယ်အိတ်နှင့် စာအုပ်များလည်း မလွတ်ပါချေ။ သာမန် သုတ်သင်ရှင်းလင်းရုံဖြင့် မရ။ ကလေးကို ရေချိုးပစ်ရမည်။ ကြမ်းပြင်နှင့် ခုံများကို ရေဆေးချရမည်။ ခင်မေထား၏ လွယ်အိပ်ကို လျှော်ပစ်ရမည်။ စာအုပ်များကိုကား ရေဆေး၍မဖြစ်။ အဝတ်နှင့် တတ်နိုင်သမျှ သုတ်ပစ်ရမည်။ စင်ကောင်းပါ၏ဟု မျှော်လင့်ရပေသည်။

"ဒုက္ခပါပဲဟာ။ တင်ထွေးက ကလေးကို ရေချိုးပေးချေ၊ ခင်မေထားရဲ့ လွယ်အိတ်ပါယူသွား။ ဆောင့်လျှော်ခဲ့။ ညွန့်ကြည်ပါ အဖော်လိုက်သွားစမ်းဟာ၊ တတ်နိုင်သလောက် ကူပေးလိုက်စမ်းပါ။ ကိုရင်စံမောင် နဲ့ ကိုရင်မောင်လတ်တို့က ရေတထမ်း သွားထမ်းကြ"

မတတ်နိုင်ပြီ။ ကိုရင်များဖြစ်သော်လည်း ခိုင်းရတော့သည်။ အကြီးဆုံး နိုင်နိုင်နင်းနင်းဟူ၍ သူတို့သာရှိချေသည် မဟုတ်ပါလော။ ကိုရင်နှစ်ပါးမှာ တင်ထွေး၏ ကလေးကြောင့် အကြောင်းမဲ့ ရေတထမ်း သွားထမ်းရမည်ဖြစ်သဖြင့် မျက်နှာ မသာယာလှချေ။ ခင်မေထားလည်း စာအုပ်များကို သုတ်သင် သန့်ရှင်းယင်း နှာခေါင်းတရှုံ့ရှုံ့ ရှိနေပေတော့သည်။

ရေတထမ်း ရောက်လာသောအခါ ဆရာမုန်းနှင့်တကွ စတုတ္ထတန်း ကျောင်းသူကျောင်းသားများ စုပေါင်းသန့်စင်ရေး ဝိုင်းဝန်းလုပ်ဆောင်ကြရ၏။ စာသင်ခန်းတခန်းလုံး ရေတွေ ရွှဲရွှဲစိုသွားတော့သည်။ နေ့လည်ပိုင်း သင်္ချာချိန် သင်ကြား၍ မဖြစ်နိုင်တော့ချေ။ ရေခြောက်အောင် စောင့်ရတော့မည် ဖြစ်သဖြင့် ခေတ္တအားလပ်ချိန် ပေးထားလိုက်ရတော့၏။

ဆရာမုန်းသည် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆင့်ထံသို့ သွား၍ ထိုပြဿနာကို တင်ပြဆွေးနွေးရတော့၏။

"ဆရာတော် သင်တုန်းကတော့ အပိုကလေး မခေါ်ခဲ့ရဘူး။ ဆရာရောက်လာတော့ ခေါ်နိုင်တယ်ထင်ပြီး ခေါ်လာကြတာ။ ဒီကိစ္စ ဆရာ့ကို မပြောမိဘူး။ ဆရာ သင့်သလိုသာ စီမံပါ ဆရာ။ ဆရာ့အတန်းသားတွေဘဲ။ ဆရာ့ သဘောတခု လွှဲပါတယ်"

ဆရာမုန်းသည် ညနေကျောင်းဆင်းခါနီးတွင် မိမိအတန်းသားများကို ကြေညာချက်တရပ် ထုတ်ပြန်လိုက်ရတော့၏။

"ကျောင်းသို့ စာရင်းမဝင်သေးသော ကလေးများကို လုံးဝခေါ်ခွင့်မပြု"

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

3 comments:

ရွှန်းမီ said...

ဟူး.. ခုမှပဲ ဆရာမုန်းကို ပြန်မြင်ရတော့တယ်..
=) ..
စောင့်တော့ဖတ်နေပါတယ်.. အားမှရိုက်ပါ မမြရွက်ဝေ ..
ပြီးတော့ တင်ပေးတဲ့အတွက် အများကြီး ကျေးဇူး..

Yu Ya said...

စာကောင်းလေး လာရောက်ဖတ်ရှုသွားပါတယ်။ လင့်လည်း ယူသွားတယ်နော်။ ရွှင်လန်းချမ်းမြေ့ပါစေ။
www.yuya2007.blogspot.com

ကျေးဇူးတင်စွာဖြင့်
yu ya

နေဒေးသစ် said...

အပိုင်း ( ၁ ) လေး ကနေ စပြီး အပိုင်း ( ၃ ) ထိ စွဲဆောင်အားကောင်းတဲ့ ဝတ္ထုလေးပါပဲ အစ်မရေ ...
နောက်အပိုင်းတွေလည်း စောင့်မျှော်နေပါတယ် ...
နေဒေးသစ်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP