Saturday, June 27, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


(နှစ်)

"နင်တို့ ဘာအသုံးကျသလဲ။ အိမ်မှာတွက်ဖို့ ဂဏန်းတွေ ပေးလိုက်တယ်။ ပြီးအောင် မတွက်ခဲ့ကြဘူး။ အိမ်မှာကျက်ဖို့ ကျက်စာတွေ ပေးလိုက်တယ်။ ရအောင် မကျက်ခဲ့ကြဘူး။ စာတွေရေးဖို့ လေ့ကျင့်ခန်းတွေ ပေးလိုက်တယ်။ တယောက်မှ အပြီးသတ်အောင် မရေးခဲ့ကြဘူး။ တို့က အပတ်စဉ် သင်ရိုးမာတိကာအတိုင် သွားရမှာ။ မတွက်လို့ မရလို့ မရေးခဲ့လို့ဆိုပြီး စောင့်နေလို့မရဘူး။ ဒီအတိုင်း မဖြစ်တော့ဘူး။ ဒီလိုပုံနှင့် မိုးကြီးချုပ်လျှင် ကျန်ုပ်အိမ်သို့ မပြန်နိုင်ပါ ဆိုသလို စာမေးပွဲ ကျကြတော့မှာဘဲ။ အဲ... ကျောင်းနဲ့ဆရာ နာမည်အပျက်တော့ မခံနိုင်ဘူး။ နက်ဖြန်ခါကစပြီး ကြိမ်သုံးရတော့မယ်။ မနာချင်ယင် တွက်ခဲ့ကြ၊ ရေးခဲ့ကြ၊ ကျက်ခဲ့ကြ။ အားလုံး နားလည်ကြရဲ့လား"

"နားလည်ပါတယ် ဆရာ"

စောဥ၊ ကြည်ညွန့်၊ မိစန်း စတုတ္ထတန်းမှ မိန်းကလေး သုံးယောက်တို့သည် ဆရာမုန်း၏ရှေ့ဝယ် မတ်တပ်ရပ်လျက် ရှိကြ၏။ ဆရာ ဆူသမျှကို ငြိမ်ငြိမ်လေး ခံယူလျက် ရှိကြသည်။ ဝမ်းနည်းလွယ်တတ်သူ စောဥမှာ မျက်ရည်များ ဝေ့လျက် ရှိနေတော့၏။

"ဒီအထဲ တင်ထွေးဆိုတဲ့ကလေးမက ကျောင်းမလာတာ လေးငါးရက်ရှိသွားပြီ။ ဘာတွေများ အလုပ်ရှုပ်နေတယ် မသိဘူး။ ကျောင်းပျက်တာကို ခွင့်တိုင်ရကောင်းမှန်း မသိကြဘူး"

"တင်ထွေးက ကျောင်းထွက်ပြီတဲ့ ဆရာ"

"ဟေ"

စောဥက ဝင်ပြောလိုက်သည်တွင် ဆရာမုန်း ပါးစပ်အဟောင်းသားနှင့် တအံ့တဩ ဖြစ်သွားမိသည်။

"ဟင် ဒီလို ဘယ်ရမလဲ။ တို့ကျောင်းက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်ထွက်လို့ရတယ်များ ထင်နေကြသလား မသိဘူး။ နွားမခြံတောင် သူ့အချိန်အကန့်အသတ်နဲ့ဝင်ထွက်ရတာ။ အင်း နင်တို့ မိဘတွေဆီကို လာတွေ့ရဦးမယ်။ ကဲ ထိုင်ကြ"

စတုတ္ထတန်းတွင် ပြဿနာအဖြစ်များသည်က မိန်းကလေးများသာတည်း။ ယောက်ျားကလေးများက ကျောင်းအိပ်ကျောင်းစား ဖြစ်ရကား ဆရာမုန်းနှင့် ထာဝရ မကွဲမကွာ ရှိနေကြသည်။ စာကျက်ချိန်တွင် မကျက်မနေရ။ သင်္ချာတွက်ချိန်တွင် မတွက်မနေရ။ အိမ်စာလေ့ကျင့်ခန်း လုပ်ချိန်တွင် မလုပ်မနေရ။ ထိုအခါ သင်ခန်းစာ အလျဉ်မှီနေကြသည်။ အရှိန်ပါနေကြသည်။

မိန်းကလေး လေးဦးမှာမူကား အခြေအနေအရ အခွင့်မသာသဖြင့် ညကျောင်း မတတ်နိုင်ကြ။ ရွာနှင့် ကျောင်းကြားတွင် ချောင်းကျယ်ကြီး ခြားနေ၏။ ဘုန်းတော်ကြီးကျောင်းတွင် ညအခါ မိန်းကလေးများနှင့် မသင့်လျော်။ ထို့ကြောင့် သူတို့ကို အိမ်စာပေးလိုက်ရသည်။ ကျက်ရန်စာ၊ တွက်ရန်သင်္ချာ၊ ရေးသားဖြေဆိုရန် သင်ခန်းစာများကို နေ့စဉ် စီစဉ်ပေးရသည်။ သို့သော် မတွက်၊ မကျက်၊ မရေးခဲ့ကြသည်က များ၏။ သင်ခန်းစာ အလျင်မမှီ။ အရှိန်မပါ။ ထိုအခါ အညံ့စာရင်းသို့ အလိုလို ဝင်သွားလေတော့သည်။

မဖြစ်ချေပြီတည်း။ သူတို့မိဘများနှင့် တွေ့ဆုံ ဆွေးနွေးရမည်။ အိမ်မှာ စာကျက်ရန်၊ သင်္ချာတွက်ရန်၊ လေ့ကျင့်ခန်းလုပ်ရန် မိဘများက ကြပ်မကွပ်ကဲပေးကြရန် နှိုးဆော်ပေးရမည်။

အဖိတ်နေ့မှာပင် ဘုန်းတော်ကြီးကျောင်းမှ ရွာသို့ ထွက်လာခဲ့၏။ ရှေးဦးစွာ ကျောင်းထွက်ပြီဆိုသော တင်ထွေးတို့အိမ်သို့ မေးမြန်းဝင်ရသည်။ အိမ်ဟုဆိုသော်လည်း ထန်းတဲတခုသာ ဖြစ်၏။ ရွာအစွန် ထန်းတောထဲတွင် ဆောက်ထားလေသည်။

ကလေးငယ်ကို ခါးထစ်ခွါချီလျက် ထန်းပင်များအောက်တွင် ထန်းပလက်ခွါနှင့် ထန်းစစ်များ လိုက်လံရှာဖွေ ထင်းစုနေသော တင်ထွေးကို တွေ့ရလေသည်။

"ဟာ ဆရာ တဲထဲသွားနှင့်ဆရာ။ အမ ထန်းလျက်ချက်နေတယ်။ ကျွန်မလည်း လာခဲ့ပါ့မ ဆရာ"

တင်ထွေးမှာ မမျှော်လင့်ပဲ ဆရာမုန်းကို တွေ့လိုက်ရသဖြင့် ပျာပျာသလဲ ဖြစ်သွားလေသည်။

"မတင်ထွေး ကိုယ့်အလုပ်ကိုသာ ပြီးအောင်လုပ်ပါ။ ဆရာ့အတွက် အနှောက်အယှက် မဖြစ်ပါစေနဲ့"

ထန်းပင်ပေါ်တွင် ထန်းလှီးနေသူသည် သူ့ဖခင် ဖြစ်ဟန်တူသည်။ တဲထဲတွင် ထန်းလျက်ချက်နေသော သူ့မိခင်ကိုလည်း တွေ့ရသည်။ တင်ထွေးမိခင်က အသင့်ရှိနေသော ရေနွေးကြမ်း၊ ထန်းလျက်ဖြူဆုပ်တို့ဖြင့် ဧည့်ခံလေသည်။ ဖခင်ဖြစ်သူကလည်း ထန်းရည်ချိုတမြူကို ဆွဲလျက် ဝင်လာသည်။

"ကျုပ်ကိုတော့ ခွင့်ပြုပါဦးဆရာ။ ထန်းလှီးလက်စနဲ့မို့"

"သွားပါ သွားပါ ကျွန်တော်လာတာကလည်း အလည်သက်သက်ပါ။ ကိစ္စအထူးအထွေ မရှိပါဘူး"

တင်ထွေး၏ဖခင် ပြန်လည်ထွက်ခွါသွား၏။ ခေတ္တအကြာ ထန်းပင်ပေါ်သို့ ရောက်သွားကာ သီချင်းအော်ဆိုသည်ကို ကြားလိုက်ရသည်။

"ကျွန်တော်လာတာက မတင်ထွေး ကျောင်းလေးငါးရက် ဆက်ပျက်နေလို့ နေမကောင်းများ ဖြစ်နေသလားလို့ လာမေးတာပါ"

"ဪ တင်ထွေးကျောင်းပျက်တာလား။ ဘာမှမဖြစ်ပါဘူးဆရာ။ သူကပြောတော့ ကလေးပါခေါ်ပြီး ကျောင်းတက်မဖြစ်လို့တဲ့။ နေ့တိုင်းဘဲ ကျောင်းတက်ချင်နေတာ"

"ဖြစ်ရလေဗျာ"

ဆရာမုန်း ငြီးငြူမိသည်။

"ကျုပ်တို့လည်း သူ့ကို ကလေးအထိန်း မခိုင်းချင်ပါဘူး ဆရာ။ မဖြစ်လွန်းလို့ပါ။ ရှင်းရှင်းပြောပါရစေတော့။ ကျုပ်တို့မိသားစုမှာ အလုပ်မနိုင်လွန်းလို့ တင်ထွေးကို ကျောင်းထားနိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူ့အဖေက ထန်းတက်။ ကျုပ်က ထန်းလျက်ချက်။ ကလေးတွေက တင်ထွေးပါဆို လေးယောက်။ ရှေ့ဆင့် နောက်ဆင့်ဆိုတော့ သူဘဲ ဒိုင်ခံ ထိန်းကျောင်းရရှာတယ်။ အဲ တင်ထွေးက ကျောင်းနေချင်လွန်းလို့သာ ကလေးထိန်းရင်း ကျောင်းတက်ခွင့်ပြုရတာပါ။ ခုတော့ ကလေးအပို မခေါ်ရဘူးဆိုတော့ သူ့ခမျာ ကျောင်းမတက်ရဲတော့တာပါ ဆရာ။ နေမကောင်းမရှိပါဘူး"

ကျောင်းနေချင်လွန်းသည့် ကျောင်းသူတယောက် ဆုံးရှုံးတော့မည်မှာ လက်မတင်လေး လိုတော့သည်ဟု ဆရာမုန်း အထိတ်တလန့် ဖြစ်သွားမိသည်။ ယခင်က ကလေးတို့၏ အခြေအနေမှန်ကို မစူးစမ်းခဲ့မိတကားဟု နောင်တရမိသည်။ နဂိုကမူ ကလေးငယ်များ ခေါ်လာရခြင်းသည် အလိုစလိုက်၊ အလားစလိုက် အပျော်သက်သက် အကြောင်းမဲ့ခေါ်လာသည်ဟု ဆရာမုန်း အထင်မှားခဲ့မိ၏။ ယခုမှ မခေါ်မဖြစ်၍သာ ခေါ်လာရကြောင်း လက်တွေ့ သဘောပေါက်ရလေပြီ။

စာသင်ခန်းအတွင်း၌ ကလေးများ ဆူပူငိုယိုခြင်း ကိစ္စနှင့် ချေးသေးပြဿနာတို့သည် ကျောင်းနေချင်ပါလျက်နှင့် မနေရရှာပဲ ပညာရေး အညွန့်တုန်းရသည်ထက်စာလျှင် ဘာမျှမဟုတ်တော့ချေပြီ။ ပညာလိုသော ကလေးတိုင်း ပညာသင်ချိန်အရွယ်၌ ကျောင်းနေပိုင်ခွင့်ရှိရန် ဆရာမုန်း အတတ်နိုင်ဆုံး ကူညီတော့မည်ဟု သန္နိတ်ဋ္ဌာန်ချလိုက်မိသည်။

တင်ထွေးသည် ကလေးငယ်ကိုချီလျက် တဲထဲသို့ ဝင်လာသည်။

"တင်ထွေး နင် ကျောင်းတက်ပါ။ ကလေးပါ ခေါ်ခဲ့ပေတော့။ ဆရာ ခွင့်လွှတ်တယ်"

တင်ထွေး၏ အပြစ်ကင်းစင်သော မျက်နှာကလေး ဝင်းထိန်ရွှန်းလက်သွားသည်ကို ဆရာမုန်း တွေ့မြင်ပီတိဖြစ်ရလေတော့သည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

3 comments:

Mae said...

ဖတ်ဖူးတယ်ထင်ပါတယ်၊ ပြန်ဖတ်သွားတယ်၊ ဆက်တင်ပေးပါနော်၊း)

aye said...

ဆရာမုန်း ဘဝက အများကြီး မွန်မြတ်ပါတယ်။ ကျွန်မ ဆရာမုန်းထက် ဝင်ငွေများပေမယ့် ဒီလို တန်ဖိုးရှိတဲ့အလုပ် လုပ်ခွင့် မရဘူး။ ကံဆိုးတယ်လို့ ပြောချင်တယ်။
ဆရာမုန်း ဘဝကို အမြန်ဆုံးရဖို့ မျှော်လင့်အားကျနေဆဲပါ။

နေဒေးသစ် said...

ဆရာတစ်ယောက်ရဲ့ ဘဝ ....
မပြည့်စုံလှတဲ့ ကျေးလက်လူနေမှု ဘဝတွေပါလား ....
မွန်မြတ်သန့်စင်လွန်းတဲ့ စိတ်ဓာတ်နဲ့ ဆရာစိတ် အပြည့်အဝရှိတဲ့ဆရာ တစ်ယောက်ပါပဲ ...
နေဒေးသစ်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP