Sunday, June 28, 2009

ဆရာလည်း ဆရာ၊ တပည့်လည်း တပည့်


(သုံး)

ရစ်နှင့် ဗိုင်းငင်သည်ကို ဆရာမုန်း ရုပ်ပုံထဲမှာသာ တွေ့ခဲ့ဖူးသည်။ ယခုသော် လက်တွေ့မြင်တွေ့ နေရလေပြီတည်း။ ဗိုင်းငင်နေသူသည် ဆရာမုန်းတပည့် ညွန့်ကြည်။ ဗိုင်းတောင့်ကို ဗယ်လက်မှာ ကိုင်၍ ညာလက်ဖြင့် ရစ်ကို လှည့်သည်။ ရစ်တံဝင်ရိုးဗူးတားကလေး အပြင်ဘက်တွင် ချည်များဖြစ်ကာ ရစ်ပတ်လာသည်။ ဝှီးကနဲ ဝှီးကနဲ မြန်လှသည်။ ကြည့်ကောင်းလှသည်။ ခဏအတွင်းမှာပင် ချည်ဝင်တလုံး ရလာသည်။

ညွန့်ကြည်၏ မမက ရက်ဖောက်ယောက်နေသည်။ မိခင်ဖြစ်သူက ယက်ကန်း ရက်နေသည်။ သူတို့ကိုင်ကြသည်က ဝါချည်ဖြူမဟုတ်။ ပင်နိဝါချည်ဖြစ်သည်။ ယက်ကန်းစင်တွင် ရက်နေဆဲ အထည်ပင်လျှင် ပင်နီစဖြစ်လေသည်။ ရိုးရိုးပင်နီဆင်မဟုတ်။ နိုင်ငံခြား ဖော့ကွက်ကို အတုခိုးထားသည့် အဆင်ဆန်း။ အဖုကလေးတွေ အပိန့်ကလေးတွေပေါ်အောင် ရက်နိုင်စွမ်း ရှိလေသည်။

သူတို့တွေအားလုံး အလုပ်ကိုယ်စီဖြင့် လှုပ်ရှားနေကြသည်။ ညွန့်ကြည်၏ ဖခင်ဖြစ်သူ ဦးရင်းနီသာလျှင် ဆရာမုန်းကို ဧည့်ခံ စကားပြောနိုင်တော့သည်။

"လသာတုန်း ဗိုင်းငင် ဆိုပေမယ့် ကျုပ်သမီး ညွန့်ကြည်ကတော့ လမသာလဲ မီးခွက်ထွန်းပြီး ဗိုင်းငင်ရတယ် ဆရာရဲ့။ အမြဲတမ်း သက်ကြီးခေါင်းချ ကြက်တွန်ချိန်မှ အိပ်ရတာချည်းပဲ။ ဒါတောင် 'မှာစ'တွေ ပြီးအောင် ဈေးတပတ်အတွင်း မနည်းကျုံးလုပ်ရတယ်။ ကမ္မဈေးမှာဆို ကျုပ်တို့ ပင်နီစက ဈေးအကောင်းဆုံး ရောင်းအတွင်ဆုံးပဲ ဆရာရယ်"

ဦးရင်းနီက သူတို့၏ မိသားစု လုပ်ငန်းအကြောင်းကို အားပါးတရ ပြောပြလေသည်။

"မညွန့်ကြည်ချည်းဘဲ ဗိုင်းငင်ရသလားဗျာ"

"တာဝန်ကိုယ်စီပေါ့ ဆရာရယ်။ ကျုပ်နဲ့ ကျုပ်သားနှစ်ယောက်က တောင်သူလုပ်ငန်းဘက်မှာ အလုံးစုံ တာဝန်ယူရတယ်လေ။ ပင်နီဝါတွေ စိုက်ပေးရတယ်။ ဝါကောက်တာကအစ အိမ်အရောက် ကျုပ်တို့တာဝန်ပဲ။ ညွန့်ကြည်ကတော့ ဗိုင်းငင်။ သူ့မမ ညွန့်ရီက ဝါကြိတ်၊ ဝါဖတ်၊ ချည်ချ။ ရက်ဖောက်ယောက်၊ ချည်စာနင်း၊ ချည်သေ့ ချည်ဘက်ဆိုင်ရာ အစုံ လုပ်ပေးရတယ်။ သူ့မအေကြီးက ယက်ကန်းဘက်တာဝန်"

"ညွန့်ကြည်က အလျဉ်မီအောင် ဗိုင်းငင်ပေးနိုင်ပါ့မလားဗျာ"

"မီတယ်ဆရာ။ ဆရာ့တပည့်က စိတ်ရှည်တယ်၊ သေသပ်တယ်၊ ဇွဲရှိတယ်၊ ပါရမီလည်းပါတယ် ဆိုနိုင်တယ်ဗျ။ ဒီရွာနဲ့ ပတ်ဝန်းကျင်မှာတော့ ဗိုင်းငင်ပညာမှာ သူ့ကို မမီကြဘူး။ ကုလားချည်ရှုံးအောင် ငင်နိုင်တယ် ဆရာ။ ချည်သေးတယ်။ ချောတယ်။ ခိုင်တယ်။ ပင်နီစ ဝယ်သူတွေက ညွန့်ကြည်ရဲ့ လက်ရာမှ ကြိုက်သတဲ့ ဆရာ။ ဒီတော့ သူ့မမတောင် ဗိုင်းဝင်ပြီး မငင်ရဲအောင် ဖြစ်နေတယ် ဆရာမုန်းရဲ့"

ဆရာမုန်းသည် မိမိတပည့်၏ စွမ်းရည်ကို ဂုဏ်ယူမိသော်လည်း ညွန့်ကြည်ကလေး ဆင်းရဲရှာပါတကားဟု သနားကရုဏာဖြစ်ရသည်။

"မှာစတွေကများ၊ အလုပ်ကလဲ မနိုင်မနင်းနဲ့မို့ ငါ့သမီးရယ် တတိယတန်းအောင်ပြီပဲ။ သေစာရှင်စာ ဖတ်တတ်ပေါ့၊ ကျောင်းထွက်ပါတော့၊ ဗိုင်းငင်တာကိုပဲ ဇောက်ချလုပ်ဖို့ ပြောတာလည်း မရဘူးဗျ။ ကျောင်းလည်းနေမယ် ဗိုင်းလဲငင်မယ်တဲ့။ ကျောင်းမသွားခင်နဲ့ ကျောင်းဆင်းချိန်မှာ မနေမနား ကြိုးစားငင်တော့တာပဲ"

ညွန့်ကြည်သည် အဘယ်ကြောင့် အိမ်စာမလုပ် စာမကျက်နိုင်သည့်အကြောင်း ဆရာမုန်း ကွင်းကွင်းကွက်ကွက် သိမြင် သဘောပေါက်ပါပြီတည်း။ ကျောင်းစာထက် အိမ်လုပ်ငန်းကို အဓိက ထားကြသော ကျေးလက်တောရွာ ကျောင်းသားမိဘများအကြောင်း တွေးမိတော့သည်။ အနာမသိလျှင် ဆေးမရှိ။ ယခု အနာကို သိရပြီ။ ဆေးရှိရတော့မည်ဖြစ်၏။ ညွန့်ကြည်တို့တတွေအား ကျောင်းအိပ်ကျောင်းစား ညကျောင်းသားတွေနှင့် တန်းတူသဘောထားကာ သင်ကြားခဲ့ခြင်းသည် ဆရာမုန်း၏ အမှား ဖြစ်လေသည်။

သူကလေးတို့တတွေ အိမ်တွင် အလုပ်ကိုယ်စီနှင့် မအားလပ်ကြရှာ။ မိသားစု စားဝတ်နေရေးအတွက် တာဝန်ကိုယ်စီ ထမ်းနေကြရရှာသည်။ အိမ်စာအလုပ်များများပေး၍ မဖြစ်ပြီ။ ကျောင်းတက်ချိန်၌ စာသင်ခန်းထဲမှာပင် သင်ခန်းစာ ဟူသမျှကို သိနားလည် သဘောပေါက်သည်အထိ အပြတ်သင်နိုင်အောင် ကြိုးစားရတော့မည်။ ကျောင်းသားများကို အမှီလိုက်နိုင်ရန်အတွက် ကျောင်းချိန်အတွင်းမှာပင် သူတို့ကို အပိုသီးခြား သင်ပေးရဦးမည်။

ညွန့်ကြည်တို့အိမ်မှ ထွက်လာသောအခါ ဆရာမုန်းသည် ပင်နီစ အဆင်ဆန်း ၁၀မျိုးမှ အစငယ်ကလေးများ တောင်းယူလာခဲ့သည်။ ကျောင်းစာသင်ခန်းထဲတွင် စာရွက်ကြီးတရွက်ပေါ်မှာ ကပ်ထားပြီး အမည်နှင့်တကွ ချိတ်ဆွဲပြနိုင်ရန် ဖြစ်လေသည်။ ထို့အပြင် 'ဝါပင်မှ အထည်စသို့' ဟူသော ပန်းချီကားတချပ်ကိုလည်း ရေးဆွဲနိုင်ရန် ဆရာမုန်း စိတ်ကူးပေါ်လာမိသည်။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)

2 comments:

နေဒေးသစ် said...

အပိုင်း ၃ ကနေ စဖတ်ဖြစ်ခဲ့ပါတယ် ...
သဘောကျလို့ အောက်ဘက်မှာ ကျော်လာခဲ့တဲ့ အပိုင်းလေးတွေ ဖတ်သွားပါဦးမယ် ...
နေဒေးသစ်။

ရွှန်းမီ said...

မနေမနား ကြိုးစားရိုက်ပေးထားတာ ကျေးဇူးတင်ပါတယ် အစ်မ.. ဖတ်နေပါတယ်..

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP