အိမ်တွင်းပုန်း လုပ်နေတာ ကြာပြီ။ ဆောင်းအေးအေးမှာ မိုးကလဲ နေ့တိုင်းနီးနီးရွာတော့ အပြင်မထွက်ချင်ပါ။ ထမင်းဘူးလည်း ထည့်ပေးတရက် မထည့်ပေးတရက် ဖြစ်နေပါတယ်။ သူကတော့ သဘောကောင်းစွာ ကိတ်စနမရှိဘူးဆိုပေမယ့် အပြစ်မကင်းသလို ခံစားရတယ်။ အပြင်မသွားလို့ အိမ်ထဲမှာ လှုပ်လှုပ်ရှားရှားနေလားဆိုတော့လဲ မဟုတ်။ စာလည်း သေချာမဖတ်၊ ခွေခေါက်ပြီးသာ နေနေတော့တာ။ ဒီတနေ့တော့ နေသာတာနဲ့ ဈေးထွက်ဝယ်ဖို့ စိတ်ကူးတယ်။ အိမ်နားက စူပါမဟုတ်ဘဲ နဲနဲဝေးတဲ့နေရာဘက် သွားတယ်။ ထုံးစံအတိုင်း အွန်ဖွတ်(on foot)။ စက်ဘီးက ဝယ်ထားပြီး တခါသာစီးတယ်၊ ကြောက်လို့ ဒီအတိုင်းထားထားတာ သံချေးတောင်တက်လို့။ လမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီတယ်လို့ ကိုယ့်ဘာသာ အားပေးပြီး လျှောက်၊ သိပ်မဝေးပါဘူး ခပ်သွက်သွက်လျှောက်ရင် မိနစ်၂၀လောက်။
ကြုံတုန်း ယန်းတရာဆိုင်ထဲဝင် ဟိုကြည့်ဒီကြည့်။ တရာ-တရာနဲ့ ဝယ်မိတာ များပြီ။ မီးဖိုချောင်ပစ္စည်းအားလုံးနီးပါးက ယန်းတရာဆိုင်က ဝယ်ထားတာတွေချည်း။ ယန်းတရာဆိုင်ဆိုပေမယ့် ဆိုင်ပေါ်မူတည်ပြီး ရှိတာတွေကလဲ မတူတတ်ဘူး။ Lawsonယန်းတရာဆိုင်၊ Daisoယန်းတရာဆိုင်၊ Can-doယန်းတရာဆိုင် စုံလို့။ ဒါတောင် အရင်အိမ်နားမှာတုန်းက ၉၉ယန်းဆိုင် ရှိတယ်။ ချစ်စရာကောင်းတာလေးတွေများရင် ဝယ်မိပြီ။ တကယ်ဝယ်စရာရှိလဲဝင် မရှိလဲဝင်၊ ထွက်လာရင်တော့ ပစ္စည်းသုံး/လေးခု ပါလာတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတာလဲ အမြဲမဟုတ်။ တခါတလေ စီးတဲ့ရေ တဗြန်းဗြန်းလုပ်။ တော်သေးတယ် တလစီ အသုံးစရိတ် သပ်သပ်ပေးထားလို့။ လက်ထဲရှိသမျှ အားလုံးဝယ်တာမဟုတ်ပေမယ့် စိတ်ညစ်ရင် ဈေးလျှောက်ဝယ်တတ်တဲ့ အကျင့်ကြောင့် စုဗူးထဲလဲ ရောက်တဲ့အခါရောက် မရောက်တဲ့အခါ မရောက်။
ယန်းတရာဆိုင်ကထွက်တော့ အနွေးထည်ရောင်းတဲ့ အတန်းဘက် ပတ်လိုက်တယ်။ ခဏတဖြုတ် မျက်စိအစာကျွေးပြီးသကာလ အသားလက်ကားရောင်းတဲ့ဆိုင်ဘက် ခြေဆန့်။ အသားတွေ ဈေးတော်တာမို့ ဟိုဟာလည်း ဝယ်ချင် ဒီဟာလည်း ဝယ်ချင်၊ သယ်နိုင်တဲ့ နှုန်းကို စဉ်းစားပြီး ဝယ်တာတောင် ကြက်သားဖော့ဗန်း၂ဗန်း၊ ဝက်သား ၂ဗန်း၊ အမဲသား တဗန်း အားလုံးပေါင်း ၅ဗန်း လက်ကားဆိုင်မို့ အားလုံးက ဗန်းအကြီးတွေ။ ဒီကြားထဲ ခရုဆီပုလင်းကြီးတွေ့တာနဲ့ ဝယ်လိုက်တယ်။ ပုလင်းကလဲ ဖန်ပုလင်းနဲ့မို့ လေးသားများဘဲ။ ဆွဲပေတော့ တနင့်တပိုး။
ဒီဘက်ရောက်မှတော့ အသီးအရွက်ကုန်စုံဆိုင်ဘက် သွားရမယ်လေ။ အဲဒီမှာ ကန်စွန်းရွက်ရတယ်။ တခြားအသီးအရွက်တွေလဲ စူပါထက် ဈေးသက်သာတယ်။ ဆောင်းဝင်လို့ ထင်တယ် ကန်စွန်းရွက်တထုပ် ၁၅၀ယန်း ဖြစ်နေပြီ။ မကြာခင် ၂၀၀ဖြစ်တော့မယ်။ ဘာဖြစ်ဖြစ် ဝယ်မရတာနဲ့စာရင် တော်ပါသေးတယ်လေ။ ကြက်သားကာလသားဟင်း ချက်ချင်လို့ ဗူးသီးအစား ချက်နေကြ "ရှိရို့အူရိ-白瓜"ကို ရှာတာ မရှိ။ ပိုက်ဆံရှင်းခါနီးမှ ဂေါ်ဖီပန်းတွေ့တာနဲ့ တထုပ် ထပ်ထည့်လိုက်တယ်။ ဘယ်လက်ပြောင်းသယ် ညာလက်ပြောင်းသယ်နဲ့ လျှောက်ရင်း အိမ်ပြန်ရောက်လာပါတယ်။
မွန်းလွဲတောင် အတော်ကျော်နေပြီမို့ နေ့လည်စာစားပြီး ခဏနား။ ၄နာရီကျော်ဘဲရှိသေးတယ် နေရောင်ပျောက်သွားပြီ။ ဟိုလှည့်ဒီလှည့်နဲ့ ဆေးခန်းသွားဖို့ ပြန်ထွက်ရပြန်။ ဆေးဝယ်ရုံဆိုတော့ အကြာကြီး မစောင့်လိုက်ရပါဘူး။ ဆေးထုတ်တဲ့နေရာသွားတော့ ထုတ်ပေးတဲ့ဆေးတွေကြည့်ပြီး 'ငါများ ဆေးအရေအတွက် မှားရေးမိလိုက်လား'လို့ တွေးမိတယ်။ ဆေးဝယ်တဲ့ formမှာ လိုချင်တဲ့ အရေအတွက်ကို ကွက်လပ်ပေးထားပြီး အနောက်မှာ "~ခု"ဆိုတဲ့ သဘောမျိုး "ခို-個" လို့ ရေးထားတာမို့ ဖြည့်လိုက်တာ။ သူ့ရဲ့ "ခို-個"က ဂရမ်နဲ့ တွက်ပေးတာမို့ အများကြီးဖြစ်သွားတယ်။ နောက်ဆိုသတိထားမှ။
အပြန်မှာ အိမ်နားက စူပါထပ်ဝင်တယ်။ ဟင်! ဝယ်ပြန်ပြီလားလို့ ထင်ကြမယ်။ မနက်စာ ပေါင်မုန့်ကုန်နေလို့ပါ။ နွားနို့တဗူးပါထည့်ပြီး အသားရောင်းတဲ့အတန်းဘက် သွားစပ်စုလိုက်တယ်။ မနက်က ဝယ်ခဲ့တာနဲ့ ဈေးဘယ်လောက်ကွာလဲ သိချင်လို့။ အတော်ကွာတယ်ဆို ငါကွ!လို့ စိတ်ထဲမှာ ကြိတ်ပျော်၊ ဪ အိမ်ရှင်မ အိမ်ရှင်မ ဘာရယ်မဟုတ်တာလေးကိုဘဲ အရေးလုပ်နေတယ်။ ကြည့်ရင်းနဲ့ ဝက်နံရိုးတွေ ဈေးကျတာတွေ့တာနဲ့ ဝက်နံရိုးကြိုက်တဲ့ အိမ်ကြီးရှင်မျက်နှာကို မြင်ယောင်ပြီး ဝယ်လာလိုက်တယ် ၂ဗန်း။ ဒီလောက်အများကြီးဝယ်ပြီး ဘာလုပ်မှာလဲမေးရင် ချက်သင့်တာချက် ခဲသင့်တာ ခဲထားပြီး ဖြည်းဖြည်းချင်းစားပါမည်။ ခုထိတော့ ဘာမှမကိုင်ရသေးပါ၊ ကွန်ပြူတာရှေ့ ရောက်နေပါသည်။ ပို့စ်တင်ပြီးရင်တော့ ဟင်းသွားချက်တော့မည်။ ဒီည အရည်သောက်က ကန်စွန်းရွက်ချဉ်ရည်ဟင်းဖြစ်ပါသည်။ (ကြွားတာ)
5 comments:
အိမ်ရှင်မလုပ်ရတာလည်းမလွယ်ဘူးနော်..
လုပ်ရင်လုပ်သလိုမောတာပါပဲလား
အတော်ကွာတယ်ဆို ငါကွ!လို့ စိတ်ထဲမှာ ကြိတ်ပျော်၊ ဪ အိမ်ရှင်မ အိမ်ရှင်မ ဘာရယ်မဟုတ်တာလေးကိုဘဲ အရေးလုပ်နေတယ်။
(အရေးအသားလေးကို အတော် သဘောကျ)
=)
ရွက်ဝေရေ့ 
မနည်းတိုးဝင်လာပြီး ဖတ်ရတာ
မျက်စိထဲလည်း မြင်ယောင်မိတယ်
အထုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ဖြစ်နေမှာလို့လေ
အနားမှာရှိရင် ကူဆွဲပေးပါတယ်
အိမ်ရှင်မ ချက်တဲ့ဟင်းတွေ စားချင်လို့ :P
ဟွန့်.. သူများတောင် ကန်စွန်းရွက် အချဉ်ဟင်း စားချင်လာပြီ... အပေါ်က အရုပ်လေးကို ကြိုက်ပါတယ်ကွယ်..... ;)
ကန်စွန်းရွက် ချဉ်ရည်ဟင်းကို လွမ်းတယ်... အိမ်ရှင်မ အလုပ်က တကယ် မလွယ်ပါနော်
Post a Comment