Tuesday, November 10, 2009

ရေနွေးစိမ်ခြင်း



(ပုံ---ဂူဂယ်မှ)

ဆောင်းဝင်ကာ အေးလာပြီမို့ အိမ်မှာရေနွေးပြန်စိမ်ဖြစ်တယ်။ တနွေလုံး မသုံးဖြစ်တာမို့ တလတခါမှ ဆေးဖြစ်တဲ့ Bathtubကို သေချာ ပြန်ပွတ်ဆေးတယ်။ ဆဲန်းဆေးကို မေးကြည့်တော့ ဂျပန်တွေက နွေဘက်လည်း ရေနွေးစိမ်တယ်၊ တနှစ်ပတ်လုံး စိမ်တယ် ပြောပါတယ်။ အပူချိန်ကိုတော့ နွေဘက်မှာ လျှော့စိမ်တယ်တဲ့။ ကိုယ်တိုင်ကျ နွေမှာ ဘယ်လိုမှ ရေနွေးမစိမ်နိုင်လို့ ဆောင်းကျမှ စိမ်တာ များပါတယ်။ ဒီရောက်ခါစက လုံးဝ ရေနွေးမစိမ်နိုင်ပါဘူး။

အရင်အိမ်က အခန်းကျဉ်းတာမို့ ရေချိုးခန်းလည်း ကျဉ်းပါတယ်။ Bathtub က ခြေထောက်ဆန့်မရပါဘူး။ နဲနဲဒူးကွေးထိုင်ရတဲ့ Bathtubကို မြင်ဖူးခါစက ဘယ့်နှယ့်ကြီးလဲလို့ ထင်မိတယ်။ အမြဲတမ်း Showerသာ သုံးဖြစ်ပါတယ်။ အရမ်းအေးလာတဲ့အခါကျ ရေနွေးနဲ့ ဘယ်လောက် လောင်းချိုးချိုး ရေရပ်လိုက်တဲ့အခါ ခိုက်ခိုက်တုန်တက်အောင် အေးလာတယ်။ ဒါနဲ့ဘဲ အိမ်ကြီးရှင်က ရေနွေးစိမ်ဖို့ တိုက်တွန်းတယ်။ အဲဒီအိမ်မှာ ရေပိုက်ခေါင်းတခုမှာ ရေဖွင့်ဖို့ ခေါင်း၂ခုရှိပါတယ်။ အနီရောင်ကို ဖွင့်ရင် အခန်းပြင်မှာရှိတဲ့ gasလိုက်ကိုဖြတ်ပြီး ရေပူထွက်ပါတယ်။ အပြာရောင်ကိုဖွင့်ရင် ပုံမှန်ရေအေး ထွက်တယ်။


ဒါကြောင့် ရေစပ်တိုင်း ရေပူကို အရင်ဖွင့်ချထားပြီး ကိုယ့်မှန်းချေလောက်ရောက်ရင် ရေအေးပြန်ဖွင့်ရတာမျိုးပါ။ အပူဖွင့်လိုက် အအေးဖွင့်လိုက်နဲ့ နဲနဲတော့ အလုပ်ရှုပ်ပါတယ်။ ကိုယ်ရှုပ်တာမဟုတ်ပါဘူး။ ရေနွေးစပ်တာ အိမ်ကြီးရှင်အလုပ်မို့ သူရှုပ်တာပါ။းD ဂျပန်မှာ ရေနွေးမစိမ်ခင် ဂျေးညှော်ကင်းအောင် အရင်ဆုံး သေချာရေချိုးရပါတယ်။ ရေနွေးစိမ်ကန်ထဲ စဝင်ခါမှာ ခြေထောက်ချရုံနဲ့ ပူလွန်းလို့ ထိုင်ဖို့ရာ တော်တော်နဲ့ မရဲခဲ့ဘူး။ အားယူရင်း တဖြည်းဖြည်းထိုင်ရတယ်။ ၂ခါ ၃ခါလောက် ဝင်ဖူးအပြီးမှာ ကျင့်သားရလာတယ်။ ရေနွေးစိမ်တာ ဘာထူးခြားလည်းဆို အကြောအချင်ပြေတယ် ပြောရမယ်။ တကိုယ်လုံး relaxဖြစ်ပြီး နေလို့အတော်ကောင်းပါတယ်။ ရေနွေးကန်က ထွက်ရင် အိပ်ချင်လာတာမို့ မအိပ်ခင် ရေနွေးစိမ်တာ အကောင်းဆုံးလို့ ထင်ပါတယ်။ နေလို့ကောင်းပေမယ့် ရေတွေက သွန်သွန်ပစ်ရတာမို့နှမြောမိတယ်။


ဒီဘက်အိမ်ရောက်လာတော့ အိမ်ခန်းက ကျယ်လာတာမို့ ရေချိုးခန်းလည်း ကျယ်တယ်ပြောရပါမယ်။ အဲဒါအပြင် ရေကိုပြန်နွှေးလို့ရတဲ့ Systemပါပါတယ်။ အရင်လို တခါသုံးပြီး အလဟဿမဖြစ်တော့ပါဘူး။ ဂျပန်တွေလည်း လူနည်းတဲ့ အိမ်ဆို ၃ခါလောက် ပြန်သုံးတယ်လို့ ဆဲန်းဆေးကပြောတယ်။ ပြန်နွှေးတဲ့စက်မပါရင်တော့ အဝတ်လျှော်စက်ထဲ ချိတ်တဲ့ ပိုက်နဲ့ ချိတ်ပြီး အဝတ်လျှော်ရာမှာ သုံးကြပါတယ်တဲ့။ အရင်အိမ်တုန်းက အဝတ်လျှော်စက်က ဝရန်တာမှာမို့ ပိုက်ချိတ်ဖို့ရာ ဘယ်လိုမှ အဆင်မပြေပါဘူး။ သွန်ရုံဘဲ ရှိပါတယ်။ ခုကျတော့ အဆင်ပြေသွားတယ်။


Bathtubရဲ့ ခေါင်းရင်းနားမှာ စက်ကလေးရှိပါတယ်။ အဲဒီမှာ Bathtubထဲ ဖြည့်တဲ့ ရေအပူချိန်နဲ့ ပမဏကို ကိုယ်လိုချင်တဲ့ settingထားထားပြီး "ဂျိဒိုး"自動 (Auto)ဆိုတာ နှိပ်လိုက်ရင် တီးလုံးသံနဲ့အတူ "ရေဖြည့်ပါမယ်" ဆိုတဲ့ အသံထွက်လာပြီး ရေဖြည့်နေပါတယ်။ ရေပြည့်ခါနီး ၅မိနစ်အလိုမှာ စက်က "နောက်၅မိနစ်မှာ နွေးရပါတော့မယ်"၊ ရေပြည့်တဲ့အခါမှာလဲ "ရေနွေးစိမ်လို့ရပါပြီ" (お風呂が沸きました)လို့ အသံထပ်ထွက်လာတယ်။ နောက်ရက်မှာ အဲဒီရေကို ပြန်သုံးချင်ရင် "အိုအိဒကိ" (おいだき) ဆိုတာနှိပ်ထားလိုက်ရင် အဲလိုဘဲ တီးလုံးသံနဲ့ အဆင့်ဆင့် ထွက်ပြီး အသိပေးပါတယ်။ ရေရပြီလားလို့ သတိထားပြီး သွားသွားချောင်းစရာ မလိုတော့ပါဘူး။ (ကိုယ်သိတာ အဲလောက်ပါဘဲ။ ခလုပ်ခုံအောက်ဘက်က အဖုံးထဲမှာ ဘာတွေမှန်းမသိတဲ့ ခလုပ်ပိစိကွေးတွေ အများကြီးရှိသေးတယ်။ အဲဒါက သူ့အလုပ်ဆိုပြီး တခါမှ မနှိပ်ကြည့်ဘူးပါ။)


ရေချိုးခန်းမှာအပြင် ဟင်းချက်ရင်း ရေဖြည့်လို့ရအောင် မီးဖိုနားမှာပါ ခလုပ်ခုံအသေးလေးတခု ထပ်ထားထားပေးပါတယ်။ ရေနွေးစိမ်ရင် အရေးကြီးတာက လေဝင်လေထွက်ကောင်းဖို့ပါ။ မဟုတ်ရင် ရေနွေးငွေ့တွေလုံနေတဲ့အခန်းထဲ မွမ်းပြီး နေလို့မကောင်းတတ်ပါဘူး။ လေစုပ်ပန်ကာဖြစ်ဖြစ် လေပေးစက်ဖြစ်ဖြစ် ဖွင့်ထားရပါမယ်။ ရေနွေးစိမ်ကန်ထဲက ထွက်ရင် ရေအေးအေးနဲ့ ဘက်ခြေကနေ ညာလက်/ ညာခြေကနေ ဘယ်လက် အောက်ကနေ အပေါ်ကို ခဏလောင်းချိုးပေးရပါတယ်။ ပြီးရင်တော့ ရေလေးတခွက်သောက်ပြီး သက်တောင့်သက်သာ နေဖို့ပါ။ ရေနွေးစိမ်ကန်က ထွက်ရင် ရေအေးနဲ့ ပြန်လောင်းချိုးပါစေ ချွေးနဲနဲထွက်တာမို့ တချို့က airconလေနဲ့ အအေးခံကြတယ်။ အဲဒီအကျင့်က မကောင်းပါဘူးတဲ့။ ပုံမှန်ဘဲ ချွေးခြောက်အောင် နေသင့်ပါတယ်။

ကိုယ့်အိမ်မှာကိုယ်တော့ ရေနွေးစိမ်တတ်သွားပေမယ့် အများနဲ့တော့ မစိမ်ဖြစ်ပါဘူး။ မနှစ်က ဂျပန်စာအတန်းကနေ ရေပူစမ်းကို နေ့ချင်းပြန် ခရီးသွားရာမှာလည်း သူငယ်ချင်းက ဘယ်လောက်အဖော်စပ်ပါစေ မဝင်ပါဘူး။ ခြေထောက်သာစိမ်ရတဲ့ ကန်ဘက်ကိုဘဲ လိုက်သွားတယ်။ ရေနွေးစိမ်တာမှာ ကိုယ့်အိမ်မှာကိုယ် Bathtubထဲစိမ်တာကို "အိုဖုရို" (お風呂)ဝင်တယ်လို့ ပြောကြတယ်။ ပိုက်ဆံပေးပြီးဝင်ရတဲ့ နေရာတွေကိုတော့ ရေပူစမ်း "အွန်းစမ်း"(温泉)လို့ ပြောကြပါတယ်။ "အွန်းစမ်း"မှာတောင် အမိုးအကာအောက်မှာ လုံလုံခြုံခြုံကာရံထားတာမျိုးဆို "အွန်းစန်း / အိုဖုရို"လို့သာခေါ်ပြီး အမိုးအကာမရှိတဲ့နေရာကို "ရို့တဲန်းဘုရို" (露天風呂)လို့ ပြောကြတယ်။ "ရို့တဲန်းဘုရို"က မြေကြီးကို ကန်ပုံဖြစ်အောင်တူးပြီး ဂျပန်စတိုင် ပန်းခြံနဲ့ သဘာဝလိုဖြစ်အောင် လုပ်ထားတာမျိုး ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ကို လှမ်းမြင်ရတာမျိုးပါ။ ရေနွေးစိမ်ကန်တွေကို အများအားဖြင့် အမျိုးသား အမျိုးသမီး သီးသန့်ခွဲထားကြပြီး မခွဲထားတဲ့ "ကွန်းရော့ကု" (混浴)ဆိုတဲ့ ဘုံရေနွေးစိမ်ကန်တွေလဲ ရှိပါတယ်။

ရေပူစမ်းတွေမှာ ရေထဲဘာဓာတ်ပါတဲ့ ရေပူစမ်း ညာဓာတ်ပါတဲ့ ရေပူစမ်း စသဖြင့် အမျိုးမျိုးစွဲဆောင်ကြပါတယ်။ တခါက တီဗီမှာ ဝိုင်အရက်နဲ့စိမ်တာတွေ ချော့ကလက်ကန်ကြီးထဲ စိမ်နေကြတာတွေ ပြပါတယ်။ ရေနွေးစိမ်ကန်ထဲဝင်ရင် တကယ်က ဘာအဝတ်မှ ဝတ်လို့မရပါဘူး။ တီဗီမှာ ကြော်ငြာဖို့အတွက်ဆိုရင်သာ bath towelပတ်ပြီး ဝင်ခွင့်ပေးပါတယ်။ ဒါကိုကျင့်သားမရတဲ့ နိုင်ငံခြားသားအချို့က ရေကူးဝတ်စုံနဲ့ဝင်လို့ သူတို့ယဉ်ကျေးမှုကို ဖျက်တယ်လို့ မြင်ကြတယ်။ တချို့က ကိုယ်တည်းတဲ့ ဂျပန်စတိုင် တည်းခိုခန်းရဲ့ "အိုဖုရို"ထဲ ဆပ်ပြာအမြှုပ်တွေလုပ်လိုလုပ်မို့ ပိုင်ရှင်တွေ စိတ်ရှုပ်ကြရပါတယ်တဲ့။

အများနဲ့ရေနွေးစိမ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ အားကစားရုံမှာလည်း Shower Room ထဲမှာ ရေနွေးစိမ်ကန် အကြီးကြီးနဲ့ ချွေးထုတ်ခန်းရှိပါတယ်။ ခက်တာက တခါမှ အဲလိုမဝင်ဘူးတော့ Showerပြီးတာနဲ့ Locker room ထဲ အမြန်သွားတော့တာပါ။ အားကစားရုံထဲမှာ အနံ့အသက်ကင်းအောင် အားကောင်းတဲ့ လေအေးပေးစက်တွေ တပ်ထားတာမို့ ငြိမ်ငြိမ်သက်သက်နားနေရင် ခဏတဖြုတ်နဲ့ အေးလာပါတယ်။ Shower Roomကနေ Locker roomကို အသွား စက္ကန့်ပိုင်းက အတောမသတ်နိုင်အောင် ချမ်းတုန်တက်တာပါ။ ဒါနဲ့ဘဲ တရုတ်သူငယ်ချင်းက တိုက်တွန်းတာနဲ့ ကြိုးစားပြီး ရေနွေးစိမ်ကန်ထဲဝင်ဖြစ်တော့တယ်။ အားကစားရုံရဲ့ ရေနွေးစိမ်ကန်က အတော်အသင့်ကြီးပါတယ်။ Staffတွေက အချိန်အလိုက် test stripလေးနဲ့ ကန်ထဲလာတို့တာ တွေ့ရတယ်။ ရေသန့်မသန့်စစ်တယ် ထင်တာဘဲ။ ကန်ရဲ့ အလယ်မရှိတရှိတနေရာမှာ အောက်ဘက်ကနေ သံပြားကို အပေါက်သေးသေးလေးတွေဖောက်ထားပြီး လေထွက်အောင်လုပ်ထားတာမို့ အဲဒီနေရာက ရေပွက်သလို ပွက်နေပါတယ်။ အဲဒီနေရာသွားနေရင် အရှိန်နဲ့ပွက်နေတဲ့ရေကြောင့် နှိပ်ပေးသလိုခံစားရတယ်။

အဲဒီနေရာက ဇိမ်ကျတာမို့ အတော်များများက ရေပွက်တဲ့နေရာကို ကြိုက်ကြတယ်။ ကိုယ်တိုင်လဲ လူသိပ်မများရင် သွားထိုင်ပါတယ်။ ရေနွေးစိမ်က ၄၂ဒီဂရီ နီးနီး အပူချိန်ထားထားပါတယ်။ ပြင်ပ ရာသီဥတုပေါ်မူတည်ပြီး အပူချိန် မြှင့်တာ နှိမ့်တာတွေလုပ်ပါတယ်။ ကန်ရေပြင်ရဲ့ ကျန်တဲ့နေရာတွေထက် ရေပွက်တဲ့နေရာက ရေနွေးငွေ့ပိုရိုက်တယ်လို့ ခံစားရတယ်။ ရေပွက်ထဲ ဇိမ်ကျရင်း တခါတလေ အတွေးခေါင်မိတယ်။ ငရဲအိုးထဲကျတာဆိုရင် ခုလိုဘဲ ပူလောင်ပြီး ပွက်ပွက်ထနေမှာထင်တယ်လို့။ အဲ့အခါကျရင် အားလုံးလဲ ခုလို ဇိမ်လေးနဲ့ ငြိမ့်နေနိုင်ကြမယ် မထင်ဘူး။ ရေနွေးစိမ်ရင်း ဒီလို ပေါက်တီးပေါက်ရှာ လျှောက်တွေးနေတာ ကိုယ်တယောက်ထဲများလားလေ။

10 comments:

စူးနွယ်လေး said...

ရေပြန်နွှေးလို့ရတယ်ဆိုတော့ အလဟသမဖြစ်တော့ဘူးပေါ့။ ဒီမှာတော့ ရေပူပူကို ဆပ်ပြာမြှုပ် ထည့်ပြီးစိမ်ကြတယ်။ ဒါမှမဟုတ် Sauna သွားကြတယ်။

ThuHninSee said...

လူကလဲ မျောက်ဘ၀က လာလားမသိဘူး။ ငြိမ်ငြိမ်လေး ရေနွေးကန်ထဲ ထိုင်နေရရင် ပျင်းလို့..ခနပဲစိမ်နိုင်တယ်။ အခုတော့ bathtubကို ဖြုတ်ပြီး ရေချိုးခန်းကျယ်အောင်လုပ်လိုက်လို့ မစိမ်ရတော့ဘူး။

nu-san said...

အမလည်း ပထမတစ်ခါ ၂ ခါလောက် ရေနွေးစိမ်တော့ ရေအေးနဲ့ ပြန်မလောင်းလို့လား မသိဘူး.. လူက တမျိုးကြီးပဲ ငြီးစီစီကြီးနဲ့.. အိမ်မှာတော့ တစ်ခါမှ မစိမ်ဖြစ်ဘူး.. :)
အရင်တုန်းက ဆောက်ထားတဲ့ အခန်းတွေက ရေပြန်နွေးဖို့ စက်တွေ ဘာတွေ မရှိတော့ ရေတွေ သွန်ပစ်ရတာ နှမြောစရာနော်.. အခုလို ပြန်သုံးလို့ရတယ်ဆိုတော့ တော်သေးတယ်.. :)

Moe Cho Thinn said...

ဗဟုသုတ ရပါတယ် ညီမရေ.. ဂျပန်မှာ ရေနွေးစိမ်တာ လူတိုင်း လုပ်နေကျ အလုပ်လိုပဲနော်။ အမက ရိုးရိုး ရေနွေးပဲ စိမ်ဖူးလို့ပါ။ အဲဒီရေက စပယ်ရှယ် လုပ်ထားတဲ့ ရေမို့လား ညီမ။ ဘာဖြစ်လို့ စိမ်ပြီးသားရေကို ပြန်သုံးတာလဲဟင်။ ၃ခါလောက် သုံးရတယ် ဆိုလို့ပါ။ မသိလို့မေးတာ စိတ်မရှိပါနဲ့နော်။

မြရွက်ဝေ said...

မစူးနွယ်---> ဒီမှာက သေချာ ရေချိုးပြီးမှ ရေနွေးစိမ်တာပါ။ မိသားစု ကြီးစဉ်ငယ်လိုက် ဝင်ကြတာများတာမို့ ရေတခါဖြည့် မလုပ်ပါဘူး။

မသုနှင်းဆီ---> ပြောမယ့်သာ ပြောတာ၊ ညီမလည်း ၁၀မိနစ်ထက်ပိုပြီး မစိမ်နိုင်ဘူး။

မနုစံ---> ရေအေးပြန်မလောင်းရင် အဲလိုဖြစ်တတ်တယ်အမ။ ချွေးတွေ တအားထွက်ပြီး pressureထိုးကျတတ်တယ်။ အဲဒါကြောင့် ရေအေးလောင်းပြီး ရေနွေးကြောင့် ကျယ်နေနဲ့ ချွေးပေါက်တွေ ပုံမှန်ပြန်ဖြစ်အောင်လုပ်တာပါ။

မမိုးချိုသင်း ---> အိမ်တွေမှာက ရိုးရိုးရေနွေးဘဲစိမ်တာပါ အမ။ ပိုက်ဆံပေးဝင်ရတဲ့နေရာတွေမှာတော့ သံဓာတ်ပါတာတွေ အရေပြားလှစေတဲ့ဓာတ်ပါတာတွေ ပါတဲ့ရေလို့ ကြော်ငြာတာတွေ ရှိပါတယ်။ တယောက်ထဲသမား (သို့) မိသားစုနဲတဲ့အိမ်တွေမှာ ရေကို ပြန်သုံးပါတယ်။ အရင်က စိမ်ပြီးသားရေကို ပြန်သုံးရင် ညစ်ပတ်တယ် ထင်ဘူးတယ်။ ဒါပေမယ့် သေချာရေချိုးပြီးမှ ဝင်တာမို့ တခါသာစိမ်ထားတဲ့ရေက သန့်နေပါသေးတယ်။ ဒီအတိုင်း ရေတွေသွန်ပစ်ရတာ ဖြုန်းတီးရာရောက်တယ်ဆိုတာရယ် သဘာဝသယံဇာတာကို ချွေတာသင့်တယ်ဆိုတာရယ်ကြောင့် ပြန်သုံးတဲ့ syatemတွေ တပ်ထားပြီး ပြန်နွှေးသုံးတာပါ။ အားကစားရုံက ရေနွေးကန်လည်း အချိန်တိုင်း အပူပေးထားပေမယ့် နေ့တိုင်း ရေမလဲဘူးလို့ သိရတယ်။

ကျော်နှင်းဆီလွင် said...

ဂျပန်မှာကရေနွေးစိမ်မှကျန်းမာတာဆိုပဲ။
ဟုတ်မယ်ထင်တယ်နော်။စိမ်ပြီးရင်တအားလူကပေါ့သွားတာလေ။အွန်ဆန်းလည်းသွားဖူးချင်တယ်။သွားဖူးဘူး။သို့ငြားအဖော်ကောင်းမှဖြစ်မယ်လို့...အဲလိုနဲ့ရောက်ဖြစ်ပြန်ဘူး ;)

လုလု said...

ရေနွေးစိမ်တာကို စစချင်းတုန်းက မကြိုက်ခဲ့မိဘူး။
အရမ်းပူတယ်လို့ ခံစားခဲ့ရတာလေ။ ရွက်ဝေပြောသလိုပဲ ခြေထောက်ကို ရေကန်ထဲ ထည့်ပြီးမှ ပြန်ပြန်ထုတ်မိတယ်။ နောက်ပိုင်းကျတော့ ရေနွေးစိမ်ရတာကို အရမ်းကြိုက်သွားတာ။ အခု မြန်မာရောက်တော့ ရေနွေးစိမ်နိုင်ဖို့ အခွင့်မသာတော့ပါဘူးလေ။
တစ်ခါတလေ ကိုယ်လက်တွေနာကျင်ကိုက်ခဲတဲ့အခါမျိုးဆို ရေနွေးကန်ထဲသာ ဗွမ်းကနဲ ၀င်စိမ်လိုက်ချင်တော့တာ။ အခုတော့ ရေနွေးကန်ကို ဝေးဝေးကသာ လွမ်းပါမည် ဖြစ်နေရတဲ့ ဘ၀ :P

Steve Evergreen said...

"မမိုးချိုသင်း ---> အိမ်တွေမှာက ရိုးရိုးရေနွေးဘဲစိမ်တာပါ အမ။ ပိုက်ဆံပေးဝင်ရတဲ့နေရာတွေမှာတော့ သံဓာတ်ပါတာတွေ အရေပြားလှစေတဲ့ဓာတ်ပါတာတွေ ပါတဲ့ရေလို့ ကြော်ငြာတာတွေ ရှိပါတယ်။ တယောက်ထဲသမား (သို့) မိသားစုနဲတဲ့အိမ်တွေမှာ ရေကို ပြန်သုံးပါတယ်။ အရင်က စိမ်ပြီးသားရေကို ပြန်သုံးရင် ညစ်ပတ်တယ် ထင်ဘူးတယ်။ ဒါပေမယ့် သေချာရေချိုးပြီးမှ ဝင်တာမို့ တခါသာစိမ်ထားတဲ့ရေက သန့်နေပါသေးတယ်။ ဒီအတိုင်း ရေတွေသွန်ပစ်ရတာ ဖြုန်းတီးရာရောက်တယ်ဆိုတာရယ် သဘာဝသယံဇာတာကို ချွေတာသင့်တယ်ဆိုတာရယ်ကြောင့် ပြန်သုံးတဲ့ syatem တွေ တပ်ထားပြီး ပြန်နွှေးသုံးတာပါ။ အားကစားရုံက ရေနွေးကန်လည်း အချိန်တိုင်း အပူပေးထားပေမယ့် နေ့တိုင်း ရေမလဲဘူးလို့ သိရတယ်။"

ဂျပန်ပြည်ကဆန်းကျယ်သားပဲ.

ဒါပေမဲ့နားလယ်တာက လူရဲ့ အရေပြားတွေက အချိန်နဲ့အမျှကွာထွက်နေတာဆိုတော့ အဲဒီရေတွေထဲမှာ....

Steve Evergreen said...

ဒီမှာတော့တကခါချိုးပြီးတခါ drain လုပ်လိုက်တာပါပဲ

နေ့အိပ်မက် said...

ဂျပန်မှာက သယံဇာတမပြုန်းတီးအောင် ရည်ရွယ်လို့ ပြန်သုံးကြတာနေမှာနော် မမ.. မြန်မာပြည်မှာ ရေနွေးစိမ်တဲ့ အကျင့်ရှိလို့ကတော့ တစ်ခါစိမ်ပြီးတာနဲ့ သွားရော့လဟယ်ပဲနေမှာ :)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP