Friday, January 11, 2008

အထွေထွေဗဟုသုတပြိုင်ပွဲ


ရုပ်မြင်သံကြားမှာ ကြည့်မိတဲ့ အထွေထွေဗဟုသုတပြိုင်ပွဲက မေးခွန်းတချို့ကို မျှဝေလိုက်ပါတယ်။ အဖြေတွေကိုတော့ ခေါက်ထားတဲ့အထဲ ထည့်ထားပါတယ်။ ကျွန်မတော့ ဗဟုသုတပြိုင်ပွဲဆို မသိသေးတဲ့ အကြောင်းအရာလေးတွေသိရလို့ သဘောကျတယ်။ မေးခွန်းအများစုက ဂျပန်နဲ့သက်ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒီထဲက မှတ်မိတဲ့ နိုင်ငံတကာ ဗဟုသုတ မေးခွန်းတချို့နဲ့ ဂျပန်ဆိုင်ရာအကြောင်းအရာတချို့ကို တင်လိုက်ပါတယ်။

မေးခွန်း***

၁။ အေးတဲ့အချိန်မှာ စကားပြောရင် ပါးစပ်က အငွေ့တွေ ထွက်ပါတယ်။ ဒါပေမယ့် အရမ်းအေးတဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာ စကားပြောရင် ပါးစပ်က အငွေ့မထွက်တာ ဘာကြောင့်ပါလဲ?

၂။ မီးပွိုင့်မီးတွေက အလျှားလိုက်ရှိရာက တချို့နေရာတွေမှာ ဒေါင်လိုက်မီးပွိုင့်မီးတွေ တွေ့ရပါတယ်။ အဲလို ဒေါင်လိုက်မီးပွိုင့်မီးကို သုံးရတဲ့အကြောင်းအရင်းက ဘာပါလဲ?

၃။ အခု ကမ္ဘာတလွှားမှာ လူကြိုက်များတဲ့ jigsaw puzzle ကစားနည်းက 1760ခုနှစ် ပတ်ဝန်းကျင်လောက်မှာ ဥရောပမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ အဲဒီကာလမှာ jigsaw puzzleကို တီထွင်သူက ရည်ရွယ်ချက်တခုအတွက် jigsaw puzzleကို မူကြိုကျောင်းသုံးအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်က ဘာပါလဲ?

၎။ အမျိုးသမီးလေးတွေ ဖြစ်ချင်ကြတဲ့ လေယာဉ်မယ်က 1930ခုနှစ်လောက်မှာ အနောက်နိုင်ငံက စတင်ခဲ့ပါတယ်။ အဲဒီအချိန်က လေယာဉ်မယ်ဖြစ်ဖို့အတွက် အရည်အချင်းတွေက (၁) အသက် ၂၅နှစ်အောက်လူလွတ်ဖြစ်ရပါမယ်။ (၂) ကိုယ်အလေးချိန် ၅၂ကီလိုအောက် ရှိရပါမယ်။ (၃) အရပ်အမြင့် ၁၆၀စင်တီမီတာအထက် ရှိရမယ့်အပြင် နောက်အရေးကြီးတဲ့ တစ်ချက်ကျန်ပါတယ်။ အဲဒါဘာပါလဲ? (ခုနောက်ပိုင်းတော့ အဲဒီကန့်သတ်မှုမရှိတော့ပါဘူး။)

၅။ လူသားတွေရဲ့ ဆံပင်က အဖိုးတန်ပစ္စည်းတစ်မျိုးထွက်ပါတယ်။ အဲဒါဘာပါလဲ?

၆။ pet bottle ဆိုတဲ့ (ရေသန့်ပုလင်းလိုမျိုး) ပလတ်စတစ်ပုလင်းရဲ့ ပုလင်းအဖုံးတွေမှာ အဖုံးဖွင့်ပြီးရင် ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းက ကျန်ခဲ့ပါတယ်။ အဲဒီကော်အကွင်းထားရခြင်းရဲ့ အကြောင်းက ဘာပါလဲ?

၇။ pet bottle နဲ့ ပတ်သက်တဲ့ နောက်မေးခွန်းတစ်ခုပါ။ pet bottle တွေရဲ့ ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းတွေ ရှိပါတယ်။ ဘာကြောင့်ပါလဲ?

၈။ ရေခဲခြစ်ဗူး (ဒီမှာ မြန်မာပြည်မှာလို ရေခဲခြစ်ရတယ်။ ရေခဲကိုခြစ်၊ အချိုရည်ဆမ်းပြီးသား ready madeဗူး) မှာ တခြားဗူးတွေနဲ့မတူတာက ပလတ်စတစ်ဗူးဘေးပတ်ချာလည်မှာ အတွန့်လေးတွေပါနေတာပါ။ ဘာကြောင့် အတွန့်တွေထည့်ထားရတာပါလဲ?

၉။ ဂျပန်နိုင်ငံရဲ့ ကျွန်းပိစိကွေးတွေက ရွာတွေတိုင်းမှာ မီးပွိုင့်တစ်ခု အမြဲရှိပါတယ်။ ဒီလိုကျွန်းရွာမျိုး ဂျပန်မှာ ၅၀ကျော် ရှိပါတယ်။ ဒီလို ခေါင်ဖျားတဲ့ ကျွန်းရွာတွေမှာ ယာဉ်သွားယာဉ်လာ သိပ်မရှိပါဘဲ မီးပွိုင့်တစ်ခုရှိတာ ဘာကြောင့်ပါလဲ?

၁၀။ မမတွေ ညီမတွေ ပဲများပြီးစီးကြတဲ့ pencil heel လို ဒေါက်မြင့်ဖိနပ်တွေ ပေါ်လာရခြင်း အကြောင်းက ဘာပါလဲ?

အဖြေ***

၁။ အေးတဲ့အချိန်မှာ စကားပြောရင်ပါးစပ်က အငွေ့ထွက်တာမြင်ရတာက ကိုယ့်ခံတွင်းက ထွက်လာတဲ့လေပူနဲ့ အေးမြတဲ့ ပတ်ဝန်းကျင်လေထုထဲမှာလွင့်နေတဲ့ ဖုန်အမှုန်တွေနဲ့ရောသွားတာကြောင့်ပါ။ မြောက်ဝင်ရိုးစွန်းဒေသက လေထုက သန့်စင်တာကြောင့် အမှုန်တွေရှိမနေပါဘူး။ ဒါကြောင့် မြောက်ဝင်ရိုးစွန်းမှာ စကားပြောရင် ပါးစပ်က အငွေ့မမြင်ရတာပါ။

၂။ ဒေါင်လိုက်မီးပွိုင့်မီးတွေကို နှင်းကျတဲ့နေရာတွေမှာ အသုံးများပါတယ်။ အလျှားလိုက်မီးပွိုင့်က နှင်းအရမ်းကျရင် နီ၊ဝါ၊စိမ်း မီးအားလုံး နှင်းဖတ်တွေနဲ့ဖုံးကုန်လို့ အချက်ပြမီး ဘာအရောင်ဆိုတာ မမြင်ရတော့ပါဘူး။ ဒေါင်လိုက်မီးပွိုင့်မီးက နှင်းကျရင်တောင် အပေါ်ဆုံး မီးအနီရဲ့ ခေါင်မိုးပေါ်မှာသာ အများဆုံးဖုံးတာမို့ မီးတွေကို ကောင်းကောင်းမြင်နိုင်ပါတယ်။ ဒါကြောင့် နှင်းကျတဲ့ဒေသမှာ ယာဉ်တိုက်မှုက ကာကွယ်ဖို့အတွက် ဒေါင်လိုက်မီးပွိုင့်မီးတွေကို သုံးပါတယ်။

၃။ jigsaw puzzle တီထွင်တဲ့ရည်ရွယ်ချက်က ကလေးတွေကို ကိုယ့်တိုင်းပြည်ရဲ့ ပုံသဏ္ဍာန်နဲ့ နယ်နိမိတ်ကို သိစေဖို့ပါ။ ဒီအတိုင်းသင်တာထက် ပုံတွေနဲ့ ဉာဏ်စမ်းလုပ်ပြီးသင်တော့ ကလေးတွေ စိတ်ဝင်စားမှုပိုရလို့ပါ။ နောက်ပိုင်း လူကြိုက်များလာပြီး ပြင်ပအထိ ကျယ်ပြန့်သွားခဲ့တာပါ။

၎။ အဲဒီခေတ်က လေယာဉ်နဲ့ခရီးသွားသူတွေ လေထုဖိအား အပြောင်းအလဲကြောင့် နေထိုင်မကောင်းဖြစ်ရင် ပြုစုဖို့အတွက် လေယာဉ်မယ်တွေကို မေးခွန်းပါ အချက်(၃)ချက်အပြင် အဓိကအနေနဲ့ သူနာပြုဖြစ်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ပါတယ်။

၅။ လူသားတွေရဲ့ ဆံပင်မှာ စိန်မှာအဓိကပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါပါတယ်။ ဆံပင်ကို တခြား chemical တွေနဲ့ ရောပြီး ဓာတ်ပြုလိုက်ရင် ဆံပင် တစ်ဂရမ်ကို စိန်တစ်ကာရက် ရပါတယ်။ ဒါပေမယ့် ဓာတ်ပြုမှု အဆင့်ဆင့် ပြုလုပ်ရတာကြောင့်ရယ် အချိန်ကြာတာကြောင့်ရယ် လက်ရှိမှာတော့ တွင်တွင်ကျယ်ကျယ် မပြုလုပ်ကြပါဘူး။ (လွယ်များလွယ်လွယ် လုပ်လို့ရရင်ဖြင့် မတွေးရဲစရာ။)

၆။ pet bottle ဆိုတဲ့ ပလတ်စတစ်ပုလင်းရဲ့ ပုလင်းအဖုံးတွေမှာ အဖုံးဖွင့်ပြီးရင် ပုလင်းလည်ပင်းအခြေမှာ ကော်အကွင်းကျန်အောင်လုပ်ထားတာက တကယ်လို့ ပုလင်းကို ဖွင့်ထားပြီးသားဆိုရင် ဖွင့်ပြီးကြောင်း သိစေရန်ပါ။ ဒီအတိုင်းဆို ဖွင့်ထားမှန်း၊ အသစ်မှန်း မသိနိုင်တဲ့အတွက် စားသုံးသူတွေ အနောက်အပြောင်ခံရခြင်းမှ (အတွင်းက ပစ္စည်းကို ခိုးသုံးထားခြင်းမှ) ကာကွယ်ရန်အတွက်ပါ။

၇။ ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းရှိတဲ့ pet bottle နဲ့ မရှိတဲ့ pet bottle ကို စမ်းသပ်ပြပါတယ်။ pepsi cola လို ဂတ်စ်တွေပါတဲ့ ပုလင်းကိုဖွင့်ရင် ဒေါင်လိုက်လိုင်းရှိတဲ့ pet bottleက ဖွင့်နေရင်းနဲ့ လိုင်းကြားကနေ ဂတ်စ်က ဖြည်းဖြည်းချင်းစိမ့်ထွက်လို့ ပုလင်းဖွင့်ပြီးသွားရင် အမြှုပ်တွေ တအားမှောက်မကျပါဘူး။ ဒေါင်လိုက်လိုင်းမရှိတဲ့ pet bottleက ပုလင်းအဖုံးအားလုံးဖွင့်ပြီးမှ အထဲက ဂတ်စ်က အရှိန်နဲ့ကန်ထွက်လို့ အမြှုပ်တွေ အများကြီး မှောက်ကျပါတယ်။ ဒါကြောင့် ပုလင်းအတွင်း ဖိအားများနေရင် ဖွင့်နေရင်းအရှိန်နဲ့ ကန်မထွက်အောင်၊ ဖိအားကို စိမ့်ထွက်စေခြင်းဖြင့် ဖြည်းဖြည်းခြင်းလျှော့ချရန်အတွက် ပုလင်းလည်ပင်းအရစ်ကြားမှာ ပြတ်တောက်ပြတ်တောက် ဒေါင်လိုက်လိုင်းထည့်တာပါ။

၈။ ရေခဲခြစ်စားရင် စားမကုန်ခင် ဘေးပတ်ချာလည်က တဖြည်းဖြည်း အရည်ပျော်လာပါတယ်။ ဗြောင်ဘူးကိုသုံးရင် အလယ်က ရေခဲခြစ်က ခပ်တိုင်းချာချာလည်နေလို့ ခပ်ရခက်ပါတယ်။ ဘေးပတ်ချာလည်မှာ အတွန့်တွေပါရင် အတွန့်တွေကြား ရေခဲခြစ်က ထစ်ပြီး ဗြောင်ဗူးလို သိပ်မလည်တဲ့အတွက်ကြောင့်ပါ။

၉။ ယာဉ်သွားယာဉ်လာ သိပ်မရှိတဲ့ ခေါင်ဖျားဖျားရွာတွေမှာ မီးပွိုင့်တစ်ခုရှိရခြင်းက ကလေးသူငယ်တွေ ငယ်ငယ်ကတည်းက မီးပွိုင့်ဆိုတာ ရင်းနှီးအောင်ပါ။ တော်ကြာ မီးပွိုင့်ကိုမမြင်ဖူးတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနားမလည်ဘဲ မြို့ပေါ်ရောက်လာရင် ဒုက္ခတွေ့မှာစိုးလို့ပါ။ (ဒေါ်ဂွက်ထော်နဲ့ ကလေးနှစ်ယောက် မြို့ရောက်သလို)

၁၀။ ဥရောပလိုနိုင်ငံ (နိုင်ငံအသေချာမမှတ်မိပါ)မှာ ဟိုးအရင်က ခွေးလေခွေးလွင့်တွေ အရမ်းများပါတယ်။ လမ်းပေါ်မှာ ခွေးအီအီးတွေ သိပ်ပေါပါတယ်။ လမ်းက ချိုင့်ခွက်တွေနဲ့ ရေအိုင်တွေလည်း များတယ်။ အဲဒီခေတ်က ကြိမ်ခွေနဲ့ ဂါဝန်ဖားဖားကြီးတွေ ဝတ်ကြတာဆိုတော့ လမ်းသွားလို့ ရေအိုင်ရှောင်ရင်း ခွေးအီအီးတွေ ဂါဝန်အဖျားမှာ ပေကုန်တယ်။ ချေဖျားထောက်သွားရင် လွတ်တာမို့ ဖိနပ်ကို မြင့်သထက်မြင့်အောင် တီထွင်ကြရင်း pencil heelလို ဒေါက်မြင့်ဖိနပ်တွေ ပေါ်လာတာပါ။


11 comments:

မာ့ခ် said...

なるほどねぇ。

pandora said...

အာလားလား နံပါတ် ၉ နဲ့ ၁၀ ကိုတော့ လက်လန်သွားတယ်

thamudayanwe said...

ဟီးဟီး..မိုက်တယ်

gentain said...

မမရေ စိတ်ဝင်စားစရာမေးခွန်းလေးတွေက ဗဟုသုတ အရမ်းရလို့ ကျေးဇူးတင်ပါတယ်။

NwayLeL said...

a thit tin par ohn daw mothlay .. d post ka kyar hla pye.

ရွှန်းမီ said...

စိတ်ဝင်စားစရာတွေပဲ .. ကျေးဇူးပါ မမဝေ.. ဗဟုသုတကို မြတ်နိုးတယ်..

နှင်းပွင့်ဖြူ said...

အဖြေလေးတွေတော့ မှတ်သားစရာပါ..
သိုင်းကျူး.. အစ်မ

Layma said...

တော်ပါသေးရဲ့ အဖြေဖြေပြထားလို့..။ နု့မို့ အရှက်ကွဲဦးမှာ..။

nu-san said...

တကယ်သာ ဗဟုသုတပြိုင်ပွဲကို ၀င်ပြိုင်ရင် အမတော့ တစ်ခုမှ ဖြေနိုင်မှာ မဟုတ်ဘူး.. အဲဒီလောက် observation ကောင်းတာ.. ပို့စ်ကို စဖတ်တုန်းက ဖြေနိုင်လို ဖြေနိုင်ငြား ဖတ်ကြည့်ပြီး အဆုံးလည်း ရောက်ရော ဘာမှ မဖြေနိုင်ပါဘူး.. တော်တော်ကို ညံ့သေးတယ်ဆိုတာ လက်တွေ့ကျကျ သိလိုက်ရတယ်ညီမလေးရေ.. ဘယ်ရမလဲ.. အဖြေဖွင့်ကြည့်လိုက်တာပေါ့.. :D :D

Anonymous said...

ဗဟုသုတရတယ် အစ်မရေ။ မေးခွန်းတွေကတကယ်မှတ်သားစရာတွေပါပဲ။ ဝေမျှပေးတာကျေးဇူးပါနော်။

ကိုရင်နော်ခင်လေးငယ် said...

သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ Forward Mail တစ်ခုကို ဖတ်နေတာ.. ဖတ်လို့အရမ်းကောင်းတယ်.. စိတ်ဝင်စားစရာပေါ့နော်.. ဖတ်ပြီးတော့ Blog Link လေးပေးထားလို့ ဝင်ကြည့်လိုက်တော့မှ “ကိုယ့်အမ” ရေးထားတဲ့ ဒီပိုစ့်လေး ဖြစ်နေတာ..
ပိုစ့် အဟောင်းလေးတွေ အကုန်လိုက်ဖတ်ဦးမှ.. :)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP