Friday, September 5, 2008

ရွှေပေလွှာနဲ့ အကြွေးများ


ခရီးလေး တပတ်လောက်သွားပြီး ပြန်လာတော့ emailစစ်လိုက်တာ အာပါး! စာတွေအများကြီးရောက်နေပါလားပေါ့။ အရင်က နေ့တိုင်းစစ်နေတာ တနေ့တစ်စောင်တောင်မရောက်တဲ့ မေးလ်တွေက အခုအများကြီးရောက်နေတော့ ပျော်သွားတယ်။ သူငယ်ချင်းလဲမရှိတော့ ဘလော့ရယ် မေးလ်တွေရယ်နဲ့ အဖော်လုပ်နေရာတာ။ မေးလ်တွေ ဖတ်ရင်းနဲ့ အပျော်မျက်နှာက မဲ့ချင်လာတယ်။ ကိုယ့်ဆီရည်ရွယ်ပြီးပို့ထားတာ ၃စောင်ထဲရယ်။ ကျန်တာက forwardမေးလ် နဲ့ စပန်မေးလ်တွေ။ စပန်မေးလ်တွေကိုတော့ သိသလောက် report spamထဲရောက်အောင်လုပ်ထားတော့ တချို့မသိတာတွေလောက်ဘဲ Inbox ထဲ ရောက်နေတာပါ။ စိတ်ပျက်ရတာက forwardမေးလ်တွေကြောင့်။ သူငယ်ချင်း တစ်ယောက်က forwardမေးလ် အရမ်းပို့တယ်။ တချို့က တခါတလေမှ ပို့တာပါ။ မေးလ်ရောက်လို့ ကြည့်လိုက်တိုင်း forwardမေးလ်ဆိုရင် ဟွန့်!ဆိုပြီးဖြစ်ရတာထက် စိတ်ရှုပ်လာရတာက အဲဒီထဲက "ရွှေပေလွှာ"မေးလ်တွေကြောင့်။ forwardမေးလ်ထဲမှာက သံသရာအလည်ဆုံးက "ရွှေပေလွှာ"မေးလ်တွေ ဖြစ်မယ်ထင်ရဲ့။

"ရွှေပေလွှာ"လို့ သုံးလိုက်တာ အရင်က အပြင်မှာ ကြုံဖူးလို့ပါ။ နွေကျောင်းပိတ်လို့ ရန်ကုန်က အဖွားအိမ် သွားလည်တုန်းကပေါ့။ ခြံတခါးက ခေါင်းလောင်းမြည်လို့ ထွက်ကြည့်တော့ စာတစ်စောင် ညှပ်ထားတာ တွေ့တယ်။ တံဆိပ်ခေါင်းမပါ၊ ပို့သူလိပ်စာမပါနဲ့။ ရှေ့စာမျက်နှာမှာတော့ "ရွှေပေလွှာ"လို့ ရေးထားတယ်။ ဘာများလဲလို့ ဖွင့်ဖောက်လိုက်တော့ "တောင်ပုလုဆရာတော်အိပ်မက်" လို့ ခေါင်းစဉ်ချီပြီး လက်ရေးစာတစ်စောင် ထွက်လာတယ်။ အစပိုင်းမှာ ဒီနှစ်ထဲမှာ ဖြစ်ပျက်မှာကို ဘာတွေမြင်တယ်၊ ဘာတွေဖြစ်လိမ့်မယ် စတဲ့ ရှေ့ပြေးဟောစာတန်းလို ရေးထားတယ်။ နောက်ပိုင်းလဲ ရောက်လာရော "ဤစာကို ---စောင် ဝေပါ။ မဝေပါက သင် ကံဆိုးမှုများ ကျရောက်မည် ဘာဖြစ်မည် ညာဖြစ်မည်" စသဖြင့် ခြိမ်းခြောက်သံပါပါ ရေးလာပါတယ်။ နောက် "မ/မောင်--- က ---ဆောင် ဝေလိုက်တာ ထီသိန်းဆုပေါက်သွားပါတယ်။ အယုံကြည်မရှိလို့ မဝေတဲ့ မ/မောင်----ကတော့ ခြေကျိုးလက်ကျိုးဖြစ်သွားတယ်၊ ကားတိုက်ခံရပြီး သေသွားတယ်" စသဖြင့် ရေးထားပါတယ်။ တအိမ်လုံး စာကိုဖတ်ကြည့်ပြီး စိတ်တော့ရှုပ်ရတာ အမှန်ဘဲ။ အယုံကြည့်မရှိဘူးဆိုရင်လဲ စာထဲမှာပါတဲ့ ခြိမ်းခြောက်တဲ့အရေးအသားက စိတ်ထဲ စနောင့်စနင်း ဖြစ်ရတယ်။ နောက်တော့ အဒေါ်ကဘဲ မိတ္တူကူးပြီး စာတိုက်ပုံးထဲ ထည့်လိုက်သလားတော့ သေချာမမှတ်မိတော့ပါဘူး။ ကျမတို့ ကလေးတစ်သိုက်ကတော့ တောင်ပုလုဆရာတော်ဆိုတာ ဘယ်လိုပါလိမ့်၊ သမိန်ပေါသွပ်ကာတွန်းထဲမှာပါတဲ့ တောင်ပုလုမြို့က ဖြစ်မယ်ထင်ရဲ့လို့ဘဲ တွေးမိတယ်။

တခါလာပြီးလို့ ပြီးသွားပြီမှတ်တာ နောက်တပတ် နှစ်ပတ်ခြားပြီး အဲလို ခပ်ဆင်ဆင်စာတွေ ရောက်ပြန်တာဘဲ။ အလုပ်ရှုပ်တယ်ဆိုပြီး နောက်ပိုင်း ဖတ်ပြီးဒီလိုဘဲ ပစ်ထားလိုက်ကြတယ်။ ဘာမှလဲမဖြစ်သလို ဝေလိုက်လို့လဲ ဘာထီမှမပေါက်ပါဘူး။ သက်သက်အချိန်ကုန်တာ။ အခုကျတော့ အင်တာနက်ခေတ်ဆိုတော့ "ရွှေပေလွှာ"လဲ အဆင့်မြင့်ပြီး forwardမေးလ်ကနေ ရောက်လာတယ်။ မေးလ်ဆိုတော့ လက်နဲ့ရေးဖို့ ကော်ပီကူးဖို့မလိုဘဲ forward all နှိပ်လိုက်ပြီးသွားတာမို့ ရောက်လိုက်တဲ့ "ရွှေပေလွှာ" forwardမေးလ်တွေ အစောင်စောင်ဘဲ။ ဒီတစ်မျိုးထဲကိုဘဲ ၃ခါလောက် ပြန်ပြန်ရောက်လာတာလဲရှိတယ်။ ကျမကတော့ အစပိုင်း ဒီလိုဘဲထားလိုက်တယ်။ ဘယ်သူ့ဆီမှလဲ ပြန်forwardမလုပ်ပါဘူး။ အယုံအကြည်မရှိပေမယ့် ခဏခဏလာပါများတော့ စိတ်ရှုပ်လာတယ်။ နောက်ပိုင်း forwardမေးလ်ဆို အကြမ်းဖျဉ်း အပေါ်ကနေ အောက်အထိ ဆွဲချပြီး တချက်ကြည့်လိုက်တယ်။ ကာတွန်းလေးတွေလောက်ဆို ဒီလိုဘဲထားလိုက်ပါတယ်။ "ရွှေပေလွှာ"ဖြစ်လို့ကတော့လာထား ချက်ချင်း Deleteဘဲ။ ဒါပေမယ့်လဲ forwardမေးလ်တွေ လာလွန်းအားကြီးလွန်းလို့ ကြာတော့ စိတ်ပေါက်ပေါက်နဲ့ gtalkက custom massages မှာ ကောက်ရေးထားလိုက်တယ် "never read and always delete nonsense forward mails"လို့။

အဲလိုကျတော့ သူငယ်ချင်းက gtalk မှာ တွေ့တုန်း မေးလာတယ်။ နင်မဖတ်ဖူးလားတဲ့။ အေး၊ မဖတ်ဖူးလို့ပြောလိုက်တယ်။ ပြောနေရင်းနဲ့ forwardမေးလ်ပို့ပြန်ရော။ စိတ်ရှုပ်ရှုပ်နဲ့ ဖွင့်ကြည့်တော့ ဘာစာမှ မရှိဘူး။ download ဆိုပြီး နှိပ်စရာပေးထားလို့ "ဘာတုန်း?"လို့ပြန်မေးလိုက်တယ်။ ဖွင့်ကြည့်တဲ့။ စိတ်ချ! အဲလိုဟာမျိုး ဘယ်တော့မှ မနှိပ်ဘူး။ ဘာမှန်းမသိ ညာမှန်းမသိနဲ့ ငါ့စက်ထဲ virus ဝင်မှာ မကြိုက်ဘူးလို့ ပြောပစ်လိုက်တယ်။ စိတ်ဆိုးလဲ ဆိုးစေတော့။ ကျမစက်ကို အိမ်ကြီးရှင်က flashတွေ java scripts တွေ ပိတ်ပေးထားပေးတယ်။ အရင်ကဆို နားမလည်ဘဲ အကုန်လိုက်နှိပ်နေတာကိုး။ (အဲလို အနှိပ်ကောင်းလို့ စက်လဲ formatချလိုက်ရဘူးတယ်။) သူက flash file တွေက virus အဝင်ဆုံးလို့ပြောတော့ သူပြောတာနားထောင်ပေါ့။ အခုလိုပိတ်ထားတော့ ဘလော့တွေလည်ရင် သီချင်းတွေဖွင့်ထားတဲ့ဘလော့ဖြစ်ဖြစ် flashတွေ တင်ထားတာဆို ကိုယ်ckick နှိပ်မှ ပွင့်တာဆိုတော့ စက်လဲ မလေးတော့ဘူး။ တချို့ဘလော့တွေဆို တင်ထားတာများလို့ လေးလွန်းတယ်။ အဲလိုဆို ချက်ချင်း ကောက်ပိတ်ပစ်လိုက်ရော။ မဟုတ်ရင် ကိုယ့်စက်ပါ restart ပြန်လုပ်လိုက်ရလို့။ ၂ခါလောက်ကြုံဖူးပြီး မှတ်သွားတာ။ ပြောရင်း လမ်းချော်လာပြီ။ forwardမေးလ်ထဲက flashတွေ downloadခလုပ်တွေ အကြောင်းကနေ ရောက်သွားတာ။ နောက် အိမ်ကြီးရှင်ကိုပြောလိုက်တော့ သူက forwardမေးလ်အတွက် folder တစ်ခုတပ်ပေးတယ်။ လာသမျှ forwardမေးလ်တွေ အဲဒီထဲဂျောင်း!!။ ဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ အရင်လို Subject: ရဲ့ နေရာမှာ forwardကို ဖြုတ်ထားတယ်။ အဲဒီတော့ ဒီအတိုင်းဘဲ Inbox ထဲရောက်နေကြပြန်ရော။ ကဲ တတ်နိုင်တော့ဘူး။ ခေါင်းစဉ်ကြည့်ပြီး မသိချင်ရင် ချက်ချင်း delete လုပ်၊ ဒါဘဲတတ်နိုင်တော့တယ် "ရွှေပေလွှာ"ရေ။

အကြွေးဆိုတာက Reader ကိုဖွင့်လိုက်တော့ လားလား!!! တယ်များတဲ့ ပို့စ်အသစ်တွေပါလား။ ရာချီနေတယ်။ အတော်ဖတ်ယူရဦးမယ်။ ဖတ်နေရင်း အသစ်တွေထပ်တက်လာနဲ့ အိုးးးးး! အဖတ်သံသရာလည်နေပြန်ရော။ ဟင်းချက်ရင်းဖတ်၊ ထမင်းစားရင်းဖတ်၊ ဘယ်သူမှတာဝန်ပေးတာမဟုတ်လဲ ကိုယ့်ဘာသာကိုယ် အားကြိုးမာန်တက်ဖတ်။ ကွန့်မန့်တွေလဲ သွားမပွတ်နိုင်။ ကိုယ့်ဘလော့အတွက်လဲ ပို့စ်မတင်ဖြစ်။ ခရီးသွားပို့စ်ကလဲ သွားတာတွေများထားတော့ စဉ်းစားရေးရဦးမယ်။ မုဒ်ဝင်တဲ့အခါပေါ့။ ခရီးသွားတော့ မောင်မျိုးလေးက မုန့်ဝယ်ခဲ့ပါတဲ့။ အရုပ်ပဲ ပါလာတယ်။ သူ့အိမ်သွားလည်တော့ တခါးပိတ်ထားတယ်။ မနက်က O-wayမှာ ကိုဇနိရေးတာဖတ်ရင်းမှ ဆရာကြူရတာနာ မောင်မြကြိုင်ရဲ့ "ဆရာမုန်းရဲ့ ဝတ္ထုတိုများ"ကိုလဲ ဆက်ရိုက်ဖို့ သတိရတော့တယ်။ စာအုပ်က အထူကြီးရယ်၊ စာရိုက်တာကလဲ လိပ်ကလေး ကီးဘုတ်ပေါ်တက်ပြေးတာကမှ မြန်မယ်ဦးမယ်လေ။ ဒီတော့ မကြာမီ လာမည် မျှော်---ဟော်---ဟော်----




10 comments:

မောင်မျိုး said...

အယ်...မုန့်  မ၀ယ်ခဲ့ဘူးလား အစ်မ စားချင်ပါတယ်ဆိုး) မေလ်းတွေကပြောမနေနဲ့ တော့ဖွင့်ကိုမဖတ်တော့ဘူး delect ပဲ လုပ်တယ် ကိုယ့်ဆီ မေးလ် ပို့ တဲ့သူငယ်ချင်းကလည်းနည်းပါတယ် အွန်လိုင်းမှာတွေ့ နေကြတာ တစ်ခါခါ ပို့ သူလည်းမသိ ဘာတွေမှန်းမသိ အင်္ဂလိပ်လိုကလည်း မကျွမ်းဖတ်မနေတာပဲ ကောင်းတယ် ရွှေပေးလွှာ ကလည်း ကောင်းတာတော့ တစ်ခုမှမပါဘူးနော့် ဥပမာ မိန်းမ ချောချောလေးရမယ် ထီပေါက်မယ်ဆိုတော်သေး :P

ဇနိ said...

အဲဒီရွှေပေလွှာတွေ delete လုပ်ရတာကို ရှုပ်နေတာပဲနော်။။
အိမ်ရှေ့ရောက်နေတဲ့ ရွှေပေလွှာဆိုလို့ ရည်းစားစာအကြောင်းလားဆိုပြီး မျက်လုံးအရောင်တွေ လက်သွားသေးတာ။ ဟား ဟား။
ပြီးတော့ စာအုပ်ပုံကိုလဲ သေချာမကြည့်ဘဲ အိုဆာကာက မုန့်ဘူးလားဆိုပြီး အရင်ပြူးပြဲကြည့်မိသေး။ ငါ့နှယ်နော် ခက်တော့နေပါပြီ။
ကဲ လက်တွေကီးဘုတ်ပေါ်ရောက်မယ့်အချိန်ကို မျှော်လိုက်အုံးမယ်

myatnoe said...

ရွှေပေလွှာလာပါး တာလေ.
လက်ခံလှဲ့ပါ။

khin oo may said...

မျှော် ပါမယ် လေ. တို့တော့ ညီ မ စက်ချူပ်တဲ့ post ကို အကြိုက် ဆုံးဘဲ။
တို.လဲ ရွေပေလွှာ ကို ဘယ်တော့ မှ လက် ဆင့် မကမ်းဘူး တို.လက် ထဲ မှာ တင် ရပ် လိုက်တယ်။ ဖတ် သလား မေးရင် လဲ မဖတ်ဘူး လို့ ပြောလိုက်တယ်။

ဇနိ said...

မြရွက်ဝေရေ -
ဆရာဦးမြကြိုင်ကတော့ ဆုံးသွားရှာပြီ။ သူက အဖေ၊အမေတို့နဲ့ ရင်းနှီးတယ်။ သူ့ဇနီးက အခု ပခုက္ကူမှာ နေတယ်။ ဆရာ့ သားတွေ သမီးတွေလည်း ကြီးကုန်ကြပါပြီ။
**
ကြားဖူးတာရှိတယ်။ မဖတ်ဖူးဘူး။ ဆရာက ဗလဗရွာကျောင်းက အကြောင်းတွေကို ရေးတယ်တဲ့။ ဆရာတွေ ဆရာမတွေ နာမည်ကိုလည်း အရင်းအတိုင်းရေးတယ်ဆိုလားပဲ။
အဲဒီစာအုပ်ထဲမှာ ဗလဗရွာ စာသင်ကျောင်းက အကြောင်းတွေများပါရင် ဝေမျှပါဦး။ ဖတ်ဖူးချင်လို့ပါ။ အဖေတို့ အမေတို့ နာမည်တွေများ ပါနေမလားလို့လေ။

ဇင်ယော် said...

ကျနော်ကတော့ ပို့ တဲ့ သူဆီ လေးငါးခါလောက်
ပြန်ပို့ ပေးလိုက်တယ်။ ကိုယ့်စိတ်ထဲ ဘယ်လိုရှိမလဲ
ဆိုတာ ခံစားတတ်အောင်လို့ ။

ရွှန်းမီ said...

စာအုပ် အထူကြီးပါလား.. မမဝေရေ့  ..
ပြေးထား ပြေးထား =)
မီလဲ ပြေးပြီ.. ;-)

ဝါ၀ါခိုင်မင်း said...

ညီမ မြရွက်ဝေ ရေ..
ဟုတ်ပါ့နော်..အမလည်း forward mail တွေဆို အခု
delete လုပ်ပစ်နေတာ..စင်္ကာပူ က မောင်လေးက
ခဏခဏ ပို့လာတယ်..ဘာတွေမှန်းကိုမသိတော့ဘူး.
ကွန်ပြူတာကလည်းဖွင့်ရတာလေးလာတယ်..ပြီတော့
virus တွေဝင်ပြီး sound card ကပျက်သွားလို့...အခုပြန်
ပြင်ထားရတယ်လေ။ forward mail တွေကမဖွင့်တာ အကောင်းဆုံးပဲညီမလေးရေ...

nu-san said...

ရွှေပေလွှာလို့ခေါ်တယ်လား.. ညီမလေးရေ.. အစတုန်းကဆို အဲဒီလို မေးလ်မျိုးတွေ ရောက်လာရင် စိတ်ထဲက တမျိုးကြီးပဲ။ ထပ်ပြီး foward လည်း မလုပ်ချင်ဘူး။ မလုပ်ရင်လည်း ဘယ်လိုများဖြစ်မလဲဆိုပြီး ဝေခွဲမရဘူး.. နောက်ဆုံးတော့ ရှုတ်ပါတယ်ဟာဆိုပြီး ဘာမှ မဖတ်တော့ဘူး။ အရုပ်လှလှလေးတွေပါရင်တော့ ယူထားလိုက်သေးတယ်.. :P

ကလိုစေးထူး said...

forward မေးလ်တွေထဲမှာ ရွှေပေလွှာတွေက ဒီလောက် စိတ်အနှောက်အယှက်မပေးဘူး။ အဲဒီထက် စိတ်ညစ်ရတာတွေ ရှိသေးတယ်။ :(

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP