Saturday, September 13, 2008

တောင်တောင်အီအီအတွေး


ရာသီဥတုကလဲ ခုရက်ပိုင်း ဘယ်လိုဖြစ်နေပါလိမ့်။ ဂျပန်ကျောင်းလာတက်ရမယ့် ညီမလေးကို ခုဂျပန်မှာ အရမ်းပူတုန်းဘဲလို့ မေးလ်ပို့လိုက်ကာမှ နောက်ရက်ကျ ဆောင်းလေအေးတွေ အရမ်းတိုက်လာလို့ တခါးတောင် ပိတ်ထားရတယ်။ ဟော! ညီမရေ ဆောင်းဝင်လာပြီလို့ မေးလ်ထပ်ပို့လိုက်တော့ လေက ၂ ရက်ဘဲတိုက်ပြီး ရပ်သွားပြန်ရော။ အခုကျ နွေခေါင်ခေါင်အပူချိန် ပြန်ရောက်သွားပြန်ပေါ့။ နေ့ခင်းဘက်ကျ မှောင်ကျလာပြီး မိုးရွာချင် ရွာနေပြန်တယ်။ ရော်! ခက်ပြီ။ "ရန်ကုန်မိုးနဲ့ ရန်ကုန်သား အစိုးမရ" လို့ဘဲ ကြားဘူးတာ "ဂျပန်မိုးလေဝသ အစိုးမရ"လို့ ပေါင်းထည့်လိုက်ရမယ်။ ရန်ကုန်မိုးအစိုးမရတာ ရန်ကုန်မှာ တက္ကသိုလ်တက်တော့ သိလိုက်ရတယ်။

မနက်နိုးခါစ ကောင်းပြီးကောင်းရက်နဲ့ ကြည်လင်နေတဲ့ ရာသီဥတုက ၉နာရီထိုးလို့ ကျောင်းသွားမယ်ဆိုမှ ကောက်ရွာချတာ။ လေရော မိုးရော တော်တော်နဲ့ မစဲမယ့်ပုံဘဲ။ ကျောင်းနားမှာ နေပြီး ဝီရိယကောင်းကြတဲ့ မမတွေဆိုတော့ လက်ချာချိန်ကပ်မှ အဆောင်က ထွက်ကြတာလေ။ မိုးရွာလဲ စောင့်လို့မဖြစ်လို့ သွားကြရတယ်။ လယ်ကွင်းထဲက ကျောင်းဆိုတော့ လေတိုက်ချက်က အတော်ဆိုးတယ်။ ထီးဆောင်းလဲ မိုးအမှုန်တွေလွင့်လို့ ခေါင်းအထိ စိုကုန်ရော။ ကျောင်းအဝင်ဝရောက်တော့ မိုးက တဖြည်းဖြည်း စဲလာပြီ။ သုံးထပ်က စာသင်ခန်းပေါ် တက်လာရင်း မိုးတိတ်လို့ နေတောင်ပြူလာသေး။ ဟင်! ခုနက သူဘဲ သည်းသည်းမည်းမည်းရွာပြီး ခုကျ နေပူလို့။ အခန်းထဲရောက်တော့ ကြွက်စုတ်ဖြစ်နေတာ ဒီအဆောင်သူ၇ယောက်ဘဲ။ ကားရှိတဲ့ သူငယ်ချင်းက ရေစိုအဝတ်တွေလဲဖို့ အဆောင်ပြန်လိုက်ပို့ပေးရတယ်။ ဒါမျိုးက ခဏခဏကြုံနေကြ။ ဪ ရန်ကုန်မိုး ရန်ကုန်မိုး။ ရန်ကုန်သား အစိုးမရတာကတော့ ရည်းစားဖြစ်မှ သိသွားပြီ။ ရာသီဥတုလိုဘဲ၊ ခုနေသာ တော်ကြာ မိုးကောက်ရွာ၊ ခုတိမ်ကင်းစင် ခနနေ လငပုတ်ဖမ်း အတော်မြန်ပါ့။ တွေးရင်းတောရင်း အတင်းအုပ်တဲ့ဆီ ရောက်သွားပြီ။

ဒီမှာ ခုက နွေနဲ့ဆောင်း ကူးချင်ချင်ဆိုတော့ ပူတဲ့ရက်ပူ အေးတဲ့ရက်အေး။ ဖျားချင်စရာ ရာသီဥတုလေး။ ဖျားလို့မဖြစ်ပါဘူး။ တော်ကြာ "တောင်ဝှေးလဲတော့ ဖိုးသူတော် ထူနိုင်ပြီး ဖိုးသူတော်လဲတော့ တောင်ဝှေးမထူနိုင်"ဖြစ်နေမှာ။ အမြဲချူနာပါနာ ကိုယ်ခန္ဓာက နေ့တိုင်း ဟိုနားကိုက် ဒီနားနာတာကလွဲပြီး အဖျားမလွယ်လို့ တော်သေးတယ်။ အရင်ကဆို လတိုင်းနီးပါး ဖျားတာ၊ အမေနဲ့နေတော့ ဖျားရင် "အမေ့! အဟင့်!"ဆိုပြီး ဂျီလို့ရတယ်။ ဒီမှာဖျားလို့က "ယောက်ျား! အဟင့်"လုပ်နေလို့လဲ သူက အမေ့လို လူနာပြုစုတတ်တာမဟုတ်။ အချိန်တန် ရုံးသွားရပြီ။ ကိုယ့်တစ်ယောက်ထဲကျန်တော့ ကိုယ်လုပ်မှ ဖြစ်မှာတွေ လိုက်လုပ်ရတာပေါ့။ (အမေ့အိမ်ကိုဘဲ အမေ့သမီး လွမ်းပါသည်။ :D) အလုပ်ရှုပ်တဲ့နေ့ကျ ဘာတွေရှုပ်မှန်းမသိ မပြီးနိုင် မစီးနိုင်။ အိမ်အလုပ်က ကိုယ့်ဘာသာ ရပ်လိုက်မှ ပြီးတာ။ ဒီတော့ ဘလော့လိုက်လည်မည်၊ မနက်ပိုင်း အိမ်အလုပ်တွေ Stop!! အလည်လွန်ပြီး ညနေပိုင်းရောက်မှ ဈေးသွားဟင်းချက်ဖို့ ကမန်းကတန်း လုပ်ရပေါင်းလဲများပြီ။ (တော်တော်ကို အလုပ်တွေ များနေတာ)

တချို့ရက်ကျ အိမ်အလုပ်လဲ မယ်မယ်ရရ မလုပ်၊ ကွန်ပျူတာလဲ မဖွင့်နဲ့ မနက်ထမင်းဘူးထည့်ပေးပြီး ပြန်နှပ်နေတာ။ အဲဒီအခါကျ ပျင်းပိုးပါထပြီး ဘာမှလုပ်ချင်တော့ဘူး။ air con ဖွင့်ပြီး စောင်ချုံထဲ ကြွက်မင်းစည်းစိမ်တက်နေတော့တာ။ မိုးလေးပါ ရွာလို့ကတော့ ဘာပြောကောင်းမလဲ (ဘာမှ ပြောမကောင်းဘူး။) စာရေးမယ်ကြံတော့ ပူအိုက်လို့ အကြံမထွက်၊ မိုးရွာတော့ လွမ်းလွမ်းဆွေးဆွေးကြီးမို့ စာမရေးချင်၊ ဆောင်းကျ အေးလို့ ထချင်ဘူး။ ပျင်းရိခြင်းကလဲ ၆ပါးသာ ရှိပေလို့ဘဲ။ အားလုံး ကိုယ့်ဆီလာစုနေသလားမှတ်ရတယ်။ gtalk ရဲ့ custom massages မှာ "အေးသည်/ပူသည်/မိုးချုပ်သည်/စောသည်/ဆာသည်/ပြည့်အင့်သည် အင်းမ်... ၆ပါးဘဲရှိပေလို့သာပေါ့"လို့ ရေးတင်ထားမိတော့ အိမ်က အမက "ဘတ်စ်ကား ကြပ်သည်။ မိုးရွာသည်။ ရေကြီးသည်"လို့ လာထပ်ဖြည့်ပေးတယ်။

ပျင်းပြီး စာမရေးရင် ဘလော့လေး ခြောက်ကပ်နေမှာစိုးလို့ ဝတ္ထုကိုဘဲ ကြိုးစားပမ်းစား ရိုက်တင်နေတာ။ အတော်တော့ အခြေအနေကောင်းသား။ ကိုယ့်ဘာသာ ရေးချင်ရာရေးတုန်းက လူမလာသလောက် ဆရာမုန်းဝတ္ထုတိုတွေနဲ့ကျ လာဖတ်သူ အတော်များတယ်။ ပင်ကိုယ် အရေးအသား ဘယ်လောက်ကောင်းတယ်ဆိုတာ ကိုယ့်အခြေအနေ ကိုယ်သိပေါ့။ ဆရာမုန်းဝတ္ထုတိုဆိုလို့မှ သတိရတယ်။ ရှေ့ဆက်ရိုက်ရမယ့် အခန်းတွေ ဖတ်ကြည့်ရင်း "ငတက်ပြား"ဆိုတဲ့အခန်းက စာရွက်၂ရွက် ပြဲနေတယ်။ ဖတ်နေရင်း နောက်တမျက်နှာကူးမှ ဘယ့်နှယ့်ဖြစ်ပါလိမ့်လို့ စာရွက်နံပါတ်ကြည့်လိုက်မှ အရင်းကနေ အဖြဲခံရမှန်း သိတော့တယ်။ ဘယ်သူ လက်ဆော့ထားတယ်မသိ။ ဒီတော့ အဲဒီအခန်းကို ရိုက်ရကောင်းနိုး ဘယ်လိုလုပ်ရမှန်းမသိနဲ့ (အကြံပေးကြပါ)။ ဖတ်တဲ့သူတွေလဲ ကိုယ့်လို half-feel ကြီး ဖြစ်မှာစိုးရဲ့။ ပျောက်နေနဲ့စာတွေရဲ့ ရှေ့နဲ့နောက် စာမျက်နှာတွေကို ၂ခေါက် ၃ခေါက်လောက် ဖတ်ကြည့်လိုက်တော့ နဲနဲပါးပါး ဆက်စပ်မိလာတယ်။

ဆရာမုန်းဝတ္ထုတိုတွေနဲ့ အပါးခိုနေတာ မKOMက မြင်ပုံရတယ်။ "ခေတ်ဟောင်းစာလေး တွေ ဖတ်ရတာ ကောင်း သလို မြရွက်ဝေ ရဲံ့ ခံစားချက် ကလေး များ လို လည်.းဖတ် ချင်နေပါတယ်။ မရေးတာ ကြာပြီ။"လို့ လာပြောသွားတယ်။ ဧကန်တ မKOMဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိပုံဘဲ။ (ကျောင်းတုန်းက သူများတွေကို လိုက်နောက်တာ သွားသတိရတယ်။ ကိုယ့်ကို ခန့်မှန်းပြောတာတွေ မှန်တဲ့အခါ "ဟယ် မှန်လိုက်တာ၊ နင့်ဗိုက်ထဲ ပုဏ္ဏားလေးရှိပုံရတယ်" လို့ပြောလိုက်ရင် အပြောခံရသူက ပြုံးပြုံးကြီးရှိတုန်း "ပုဏ္ဏားကြီးနဲ့ ရတာထင်တယ်"လို့ ဆက်ပြောလိုက်တော့ ရှုံ့မဲ့သွားတာလေ။) မKOMကတော့ အကြားအမြင်ရတယ်လို့ဘဲ ပြောပါတော့မယ်။ တော်ကြာ လည်ပင်းလာညှစ်မှာ ကြောက်လို့။ မဟုတ်ရင် ဆေးထိုးအပ်ကြီး ကိုင်ပြီးလာရင် ဒွတ်ခ။ syringephobia ပါဆိုမှ။ ရေးတော့ရေးမယ် မKOMရေ၊ ဦးနှောက်ကို ညှစ်ကြည့်ဦးမယ်။

မနိကလည်း ဘလော့မှာ စားစရာတွေ တမျိုးပြီးတမျိုးတင်ပြီး နှိပ်စက်ပါ့။ မနက်စာအကြောင်းတင်တော့ အိမ်က ကိုယ်တော်က သူလဲ မနက်စာ ထမင်းစားချင်သတဲ့။ ကိုယ်က ထမင်းမစားတတ်သူမို့ ကော်ဖီ၊ မုန့် (သို့) ငှက်ပျောသီးစားရင် ပြီးရော။ အရင်က ကိုယ့်အကြိုက်လိုက်စားနေပြီးမှ ခုတော့ ထမင်းချင်ခြင်းတက်နေတယ်။ အပြေးအလွှား စဉ်းစားရပြီ။ ထမင်းဘူးပြင်ဖို့အပြင် မနက်စာပါ လုပ်ဖို့။ ဟင်းရည်ကတော့ "မီဆို"အနှစ်နဲ့ ချက်ရတာ မြန်တယ်။ စိတ်ကူးရသလို ကြက်ဥဟင်းရည်လေးချက်လိုက်၊ ပဲပြားဟင်းရည်လေးလုပ်လိုက်နဲ့ ဂျပန်စတိုင်တွေချည်းဘဲ။ အမှန်တော့ အချိန်ကုန် သက်သာလို့။ ထမင်းအတွက်ကဘဲ ခေါင်းခြောက်ရတာ။ ဘာတွေလုပ်ပေးမှန်းတော့မသိတော့ဘူး။ စဉ်းစားလို့ရတာ တခါက ပဲကြော်နဲ့ထမင်းဖြူနယ်တာ။ ဆီက မြေပဲဆီမရှိတော့ နှမ်းဆီနဲ့နယ်ရတယ်။ ပဲကြော်ကလဲ မုန့်ဟင်းခါးထဲ ထည့်စားရတဲ့ဟာကို ချေလိုက်တာ။ ကျန်တာ သိတော့ဘူး။ နောက်ကျ အလွယ်လုပ်လို့ရအောင် ဂျပန်မှာ ထမင်းဖြူနဲ့ နယ်စားရတဲ့ အမှုန့်တွေ သုံးမျိုးလောက် ဝယ်ထားလိုက်တယ်။ ဒီမနက် အဲဒါနဲ့ဘဲ နယ်ပေးလိုက်တယ်။ "ဘယ်လိုလဲ" စားကောင်းရဲ့လားလို့ မေးတော့ "အင်း.. ကောင်းပါတယ်"တဲ့။ "--ပါတယ်"ဆိုတော့ "ကောင်းတယ်"မဟုတ်ဘူးပေါ့လို့ အားငယ်သွားတယ်။ "အဲလိုဟုတ်ဘူးလေ မိန်းမလက်ရာ မဟုတ်လို့ ပြောတာ၊ စားကောင်းတာပေါ့"လို့ ထပ်ပြောမှ နဲနဲကျေနပ်သွားတယ်။ ဒါတောင် "ဟင်းရည်က မိန်းမ လက်ရာလေ"လို့ အထွန့်တက်လိုက်သေးတယ်။ "ဟင်းရည် အရမ်းကောင်းတယ်"လို့ ထပ်ပြောမှ သွားမစိနိုင် ဖြစ်သွားတယ်။ ဟင်းရည်က ဘာခက်တာလိုက်လို့။ ဟိုတခါ ဆရာမအိမ် သွားလည်တုန်းက မှတ်ထားတာ။ ပဲပြားကို သေးသေးတုန်း၊ ရေထဲ "ဒါရှိ-Dashi"ဆိုတဲ့ ငါးကထုတ်ထားတဲ့ ဂျပန်ဟင်းခတ်အမှုန့်ထည့်၊ ပဲငံပြာရည် နဲနဲနဲ့ "မီရင်း-mirin" ဆိုတဲ့ အချိုရည်ထည့်တည်၊ ဆူရင် မီးပိတ်။ ဟင်းရည်ခွက်ထဲထည့်ပြီး အပေါ်က "မိစွတ်ဘ"အရွက်လေးတင်လိုက်။ ပြီး၏ ပေါ့။


မနက်စာကို ဘာတွေများ စားချင်သတုန်းလို့မေးမိတော့ အင်းမ်... ထမင်းသုပ်တို့၊ မုန့်ဖတ်သုပ်တို့လိုမျိုးတွေပေါ့ဆိုတော့ မဇနိ ပို့စ်ကို အလွတ်ဖတ်ပြီး လာပြောနေသလား အောင့်မေ့ရတယ်။ မနက်အသုပ်သာ ထသုပ်ရလို့ကတော့ ထမင်းဘူးပါ လွတ်သွားမယ်ထင်ရဲ့။ ညကလည်း အိပ်ခါနီးမှ မဇနိရဲ့ "ထမင်းစားလို့သိပ်မကောင်းတဲ့အခါ"ဖတ်ပြီး သွားရည်ကျနေပြန်တယ်။ ပြီးတော့ "Royal-Myanmar"က "သက်သက်လွတ် ရှမ်းခေါက်ဆွဲ" ကို ဆက်ဖတ်နေလို့ "တော်တော့ အိပ်ခါနီး စားစရာလိုက်မကြည့်နေနဲ့။ ပိတ်"လို့ ဟန့်လိုက်ရတယ်။ မဟုတ်ရင် ရေခဲသေတ္တာဖွင့်လိုက်၊ မုန့်ခြင်းတောင်း နှိုက်လိုက်၊ မီးဖိုချောင်ထဲ သွားချောင်းလိုက် လုပ်လာတော့မှာ။ အဲဒီကျ ကိုယ်ဘဲ အလုပ်များတော့မယ်။ အိပ်ခါနီး စားတာ ကျန်းမာရေး ထိခိုက်မယ်၊ မကောင်းဘူးလို့ ပြောထားရတယ်။ (ကျမ အလုပ်ရှုပ်တာလဲ မကောင်းဘူးလေ။ )


11 comments:

ဇနိ said...

ိပို့စ်အသစ်မတင်ပါဘူးမှတ်တယ် ရာသီဥတုနဲ့ နှပ်နေတာကိုး။
ရန်ကုန်ထက်တောင် အပြောင်းအလဲ မြန်တယ်ထင်တယ်နော် ဒီက။
ဂရုစိုက်ညီမရေ ဖျားနေကြတယ် ရာသီဥတုအပြောင်းအလဲကြောင့်။
တောင်တောင်အီအီမတွေးပါနဲ့ ပျော်ပျော်ပါးပါး မနက်စာချက်ရင်း ဘလော့ဂ်ရေးပါအုံး။
မဇနိ

little moon said...

အခုရန်ကန်မှာကတော့ နွေခေါင်ခေါင်လို ကြွပ်နေအောင် ပူတာဗျိုး ... Aircon ဖွင့်မယ်ဆိုတော့လဲ မီးအားက 130 လောက်ပဲရှိတာ .... မိုးရွာမှာလေးပဲ မျှော်မျှော်နေရတယ်။

နာဂစ်မှာ သစ်ပင်တွေအများကြီးကုန်သွားလို့များ ဒီလိုပူလာလားမသိ.......

Anonymous said...

အော်...အပေါ်မှာတော့ တွေးချင်ရာတွေးပြီး လိုက်ရေးနေမယ်ထင်နေတာ အခုတော့ ဟင်းချက်ကျွေးနေတာကိုးးး) အစ်မကလည်းဗျ ကြွက်မင်းစည်းစိမ်တဲ့ ပေါက်ပေါက်ရှာရှာပြောတက်တယ် မောင်ရေ့ အဟင့် ဆိုတော့ အစ်ကိုက ငါ ရုံးသွားရအုံးမယ် အဲ့လိုပြောလိုက်ကောလားး ဟီးးးးး

megumi said...

ဟုတ်ပ၊ ဂျပန်ရာသီဥတု နှိပ်စက်လို့ ကျမလည်း ဖျားနေတယ်။
ဟင့် ဟင့် ၊
မမ ချက်ကျွေးတဲ့ဟင်းလေး လာစားချင်လိုက်တာ။ :P :P

ကလိုစေးထူး said...

ပို့စ်ထဲမှာ ရောသုံးတဲ့ အိုင်ကွန်လေးတွေက စာဖတ်ရတာ ပိုအရသာရှိစေတာပဲ။ ကျနော်လဲ လိုချင်လိုက်တာ။ :D

GreenGirl said...

မမရေ...မမ ဘလော့ခ်ကို လာဖတ်ပြီးရင်..မမလို အိမ်ရှင်မလုပ်ချင်စိတ်တွေ ပေါက်ပေါက်လာတယ်။ အဲ့လို ကုသိုလ်ကံလေးများ လိုချင်ပါ့...အဟင့် :(

ရွှန်းမီ said...

ခုမှပဲ အလွမ်းပြေစာတွေ ဖတ်ရတော့တယ်။
ဟင်းချက်နည်းရော အပျင်းတက်နည်းပါ ရောပေါင်းပြီး တင်သွားတာ ဖတ်ရတာ မပျင်းဘူးပေါ့ =)
မီဆိုဆု စားချင်လိုက်တာ။
ဆရာမုန်းဇာတ်လမ်းလည်း ဖတ်နေမယ်။
ပျော်ရွှင်ပါစေ =)

မြရွက်ဝေ said...

မနိ--> မနိလို စာကောင်းကောင်းမရေးတတ်လို့ပါ။(ဆင်ခြေ :D)

little moon--> အမေလည်း အရမ်းပူတယ်လို့ ပြောတယ်။ သစ်ပင်ကြီးတွေမရှိတော့တာ တော်တော်ဆိုးတယ်။

မောင်မျိုး--> အမက ကြာသာပတေးမို့လို့ ကြွက်မင်းစည်းစိမ်တက်နေတာ။ "မောင်ရေ့"လို့ ခေါ်ပါဘူး။ "လာဘာအုန်း လာဘာအုန်း"လို့ ခေါ်တယ်။ :D

megumi--> ဂရုစိုက်ပါညီမရေ။ အမရဲ့ ကြွက်သိုက်အိမ်ခန်းကို လာလည်ရင် ချက်ကျွေးမယ်နော်။

ကလိုစေးထူး--> အိုင်ကွန်ထည့်နည်း ပြောပြပေးလိုက်ပါတယ်။:)

GreenGirl--> တနေ့တော့ ဖြစ်လာမှပေါ့ ညီမရေ။ အပျိုကြီးဇာတာမပါဘူးဟုတ်!!?

ရွှန်းမီ--> ဖတ်ရတာ မပျင်းဘူးဆိုလို့ တော်သေးတာပေါ့။ အမ ဘလော့ဖတ်ပြီး အိပ်ပျော်နေမှာစိုးရိမ်လို့။:P

ဇနိ said...

မြရွက်ဝေရေ - ပြဲသွားတဲ့ စာရွက်တွေကို ဒီတိုင်းထားပြီး ရိုက်လည်း ကောင်းပါတယ်.. ဟက်ဖီးဆိုပေမယ့် - အားလုံးကို အမှတ်တရ ရိုက်ပြီးသား ဖြစ်တာပေါ့နော

nu-san said...

"တော်တော့ အိပ်ခါနီး စားစရာလိုက်မကြည့်နေနဲ့။ ပိတ်"လို့ ဟန့်လိုက်ရတယ်။

အဟိ.. ရီလိုက်ရတာ.. စာရေးထားတာတော်ပါတယ် ညီမလေးရယ်.. အမဆို မျက်စိထဲမှာ မြင်ယောင်လာတယ်.. :D ကိုစေးထူးပြောသလို icon လေးတွေကလည်း သုံးတတ်တော့ ပိုပြီးဖတ်လို့ကောင်းတယ်..

ဘယ်နားမှာ icon ထည့်နည်းပြောလိုက်တာလဲ.. အမလည်း အဲဒီလို လုပ်ကြည့်ချင်တာ.. အခုထိ မစမ်းဖြစ်သေးဘူး.. :P ပျင်းပိုးတက်နေတာ.. ဒီစကားလေးက အသစ်ပဲ.. မှတ်ထားလိုက်ပြီ။ ပျင်းပိုးတွေကတော့ များလွန်းလို့ ပြောရမှာတောင်ရှက်တယ်.. :D

GreenGirl said...

မမရေ..အပျိုကြီးဇာတာ ပါမပါတော့ ပြောတတ်ဖူးးးးးး လောလောဆယ်တော့ တရားရိပ်သာ သွားချင်နေပြီး(

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP