Sunday, September 14, 2008

ချစ်ခင်ရိုသေ


(လေး)

ဆရာမုန်း တရေးနိုးလာသည်။
လမိုက်ညဖြစ်၍ အမှောင်ထုက ကြီးစိုးနေသည်။ ဆောင်းတွင်း ကြောင်ရာသီဖြစ်၍ ကြောင်အော်သံများ ဆူညံနေဘိသည်။ ကလေးငိုသံလိုလို ဘာလိုလို၊ ကျောင်းဝိုင်းအတွင်း၌ သစ်ပင်ကြီးများ ပေါလေရာ ညဥ့်ငှက်တို့၏ အတောင်ခတ်သံများကလည်း ချောက်ချားဖွယ်ရာ ကောင်းနေတော့၏။ တခါ... တခါ ဂီးကနဲ ဂီးကနဲ ငှက်ပုပ်ခေါ် ငှက်ဆိုးထိုးသံများလည်း ကြားနေရသည်။ ခပ်လှမ်းလှမ်း ချောင်းပြင်ဆီမှ တီတီတူးအော်သံကိုလည်း ကြားရသေးသည်။
ဆရာမုန်းသည် အသံများကို နားစွင့်နေမိ၏။

ကိုရင် ကျောင်းသားများအိပ်နေသည့် နေရာဆီမှ တချွတ်ချွတ် လှုပ်ရှားသံကို ကြားလာရသည်။ တယောက်ယောက် အအိပ်ကြမ်း၍ ကန်ကျောက်လူးလှိမ့်သံ ဖြစ်ပေလိမ့်မည်။ သွားကြိတ်သံကိုလည်း ကြားရ၏။ ရုတ်တရက် သူတို့ဆီမှ မဝေခွဲနိုင်သော အသံတမျိုး ပေါ်ထွက်လာပြန်သည်။ သတ္တုခွက်ထဲသို့ လက်ဖက်ရည် ငှဲ့ချသံမျိုး။
"ဟဲ့.... ဟဲ့..... ဘာတုန်းဟ"
ဆရာမုန်း အံ့အားသင့်စွာ မေးလိုက်မိသည်။ အရေးထဲ လက်နှိပ်ဓာတ်မီးက လျှာကပ်နေ၍ ထိုးမရ။ ဓာတ်မီးခြစ်ကို စမ်းရှာသည်။ သတ်သတ်မှတ်မှတ် သတိနှင့် မထားခဲ့မိ၍ တော်တော်နှင့် ရှာမတွေ့။

ပထမ ကြားရသော အသံမျိုး ရုတ်တရက် ပျောက်ကွယ်သွားပြီးလျှင် တဂွတ်ဂွတ် ရေသောက်သံမျိုး ထပ်မံကြားလာရပြန်သည်။ ရေသောက်ခြင်းကာ လုံးဝမဖြစ်နိုင်။ သောက်ရေအိုးက ဆရာမုန်း၏ ခေါင်းရင်းမှာသာ ရှိသည်။ ရေသောက်လိုလျှင် ဆရာမုန်အနီးမှ ဖြတ်လာရပေမည်။ ကိုရင် ကျောင်းသားများအနီးတွင် သောက်စရာဟူ၍ ဘာမျှမရှိ။ မီးခြစ်ကိုညှိ၍ ဖယောင်းတိုင်မှာ ညှိလိုက်၏။ အလင်းရောင်ဖြင့် သူတို့ဆီသို့ စူးစမ်းလိုက်ရသည်။

"ဟင်...... ခင်မောင်စိုး။ မင်းဘာတွေသောက်နေသလဲ"
ဆရာမုန်းသည် ဖလားနှင့် မော့သောက်နေသော ခင်မောင်စိုးထံ ထသွား၍ ဖလားကို လုယူလိုက်ရသည်။ ကြောက်ရွံ့တုန်လှုပ်နေသော ခင်မောင်စိုးခမျာ မျက်နှာငယ်ကလေးနှင့် ဆောက်တည်ရာမရ ဖြစ်နေရှာသည်။
"ဟင်.... ခင်မောင်စိုး။ မင်း.... မင်း.... မင်း...."
"ဟုတ်ပါတယ်ဆရာ"
"ဖြစ်မှဖြစ်ရလေ ခင်မောင်စိုးရယ်။ မင်းကြောက်လို့ အောက်ကို မဆင်းဝံ့ရင်လည်း ဆရာ့ကို နှိုးပါလား။ ဆရာအဖော်လိုက်ခဲ့မှာပေါ့။ အန္တရာယ်ကို မလွယ်နိုင်တော့လို့ မထိန်းနိုင်ဘူးဆိုရင်လည်း ဖလားထဲမှာ ဒီအတိုင်း ထားလိုက်ပါလား။ နောက်မှ သွန်ပစ်ပေါ့။ ခုတော့.... ခုတော့...."
"ဆရာဆိုမှာ ကြောက်လို့ပါဆရာ"

ကိုရင်တွေကား တပါးမျှမနိုး။ မနိုးသည်က ကောင်းလှသည်။ သို့မဟုတ် ခင်မောင်စိုး၏ မကြားဝံ့မနာသာသောသတင်းသည် ကျောင်းသားအားလုံးထံ ပျံ့နှံ့သွားပေလိမ့်မည်။ ဆရာမုန်း စိတ်မကောင်းကြီးစွာ ဖြစ်ရလေသည်။ ခင်မောင်စိုးကိုလည်း သနားသွားမိသည်။ ကြောက်ရွံ့ခြင်းသည် မကောင်း။ အမှားကို ပြုမိတတ်ပေ၏။

"ဆရာ့ကို မကြောက်နဲ့ ခင်မောင်စိုး။ လုံးဝမကြောက်နဲ့။ နေရာတကာမှာ ကြောက်နေရင် ဒုက္ခတွေ့ရတတ်တယ်။ အဲ မကြောက်ရဘူးဆိုပြီး ထော်လော်ကန့်လန့်တော့ မလုပ်သင့်ဘူး။ ကျိုးကြောင်းပြသ ဆုံးမသွန်သင်တာကိုတော့ နားထောင်ရမယ်။ နာယူရမယ်"
"ဟုတ်ကဲ့ပါဆရာ"
"ကဲ အိပ်တော့"

ဖယောင်းတိုင်မီးရောင်အောက်တွင် ဆရာမုန်း တွေးနေမိသည်။ ငေးနေမိသည်။ ဆရာဖြစ်စ ညမှာပင် မကြုံစဖူး ထူးခြားသောဖြစ်ရပ်နှင့် ရင်ဆိုင်လိုက်ရသည်။ တရားခံကား ခင်မောင်စိုး၏ ကြောက်စိတ်ပင်တည်း။ တစ္ဆေသရဲကြောက်သည်ထက် ဆရာကို ကြောက်ခြင်းက ပိုမိုဆိုးရွားသည်။ သူပြုသောအမှုကို ဆရာသိမှာစိုးသည်။ ဆူမှာစိုးသည်။ အမာန်ခံရမှာစိုးသည်။ အရိုက်ခံရမှာစိုးသည်။ ထိုကြောက်စိတ်ကြောင့်ပင် မိမိပြုသောအမှုကို ဖုံးကွယ်ရန် မကြားစဖူးသော စွန့်စားမှုကို ပြုလိုက်ခြင်းပင်တည်း။

ဆရာတပည့် ဆက်ဆံရာတွင် တပည့်များက ဆရာအပေါ်တွင် ထားသင့်သော သဘောထား နှစ်မျိုးရှိသည်။ ဆရာမုန်း တခုခုကို ရွေးချယ်ရပေတော့မည်။ ယနေ့ည ဖြစ်ရပ်ကြောင့် ရွေးချယ်မှုတွင် တွေဝေမနေတော့ပေ။ ပြတ်သားတိကျစွာ ရွေးလိုက်နိုင်ပြီတည်း။
ကြောက်ချစ်ရိုသေကို ခံယူမည်လော။
ချစ်ခင်ရိုသေမှုကို ခံယူမည်လော။

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


3 comments:

nu-san said...

ညီမလေးရေ.. ဒီအပိုင်းလေးက သနားစရာပဲနော်.. အမငယ်ငယ်တုန်းကလည်း အမေ အရိုက်ခံရမှာ ကြောက်ခဲ့ရဖူးတယ်.. ဒီစာထဲမှာ ဖတ်ရတဲ့ကလေးတွေက ပိုဆိုးတယ်နော်.. ဒီစာအုပ်ထဲကအကြောင်းအရာတွေက ပညာသင်ကြားရေးစနစ်တခုကို မီးမောင်းထိုးပြထားသလိုပဲ။

Taungoo said...

မရိုသေ့စကား။ ကန်တော့ပါရဲ့။
အပြင်မှာ ကျင်ငယ်ရေကို ကျန်းမာရေးအတွက် သောက်တဲ့အကြောင်း ရေးထားတာ ဖတ်ဖူးတယ်။ ဘယ်လို အကျိုးသက်ရောက်မှုရှိလဲတော့ မမှတ်မိဘူး။ အဲဒီထဲမှာတော့ ရေးထားတယ်။

myatnoe said...

မြရွက်ကတော့ နောက်ပီ..
သူက စာအရေးကောင်းတဲ့ဟာကို
တကယ်ပြောတာနော်..။
တို့က အမှန်အတိုင်းပြောတာပါ။

အခုလဲစာရေးရမှာပျင်းလို့ ရိုက်ပီးတင်ပေးနေတာ မသိရင်ခက်မယ်နော်

စာရေးကောင်းသလို ဘာသာပြန်လဲကောင်းတဲ့ဟာ
ပုံပြင်လေးတွေ မျှော်နေမယ်နော်

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP