Monday, September 22, 2008

သုံးလွန်းတင်နှင့် ဟင်းလေး


(နှစ်)

"ဒကာဆရာမုန်းက သုံးလွန်းတင်ထမင်းနဲ့ ဟင်းလေးကို မစားဖူးလို့ အထူးတဆန်း သရေစာသဘောမျိုး စားချင်တာလား။ ဒါမှမဟုတ် ကြိုက်နှစ်သက်လို့လား။ ထာဝရ စားနိုင်ပါ့မလား"
လက်ဖက်ရည်ပွဲတွင် ဦးဓမ္မက ပြုံး၍ မေးတော်မူသည်။ ဆရာမုန်း စဉ်းစဉ်းစားစားပင် လျှောက်ထားရလေသည်။
"တပည့်တော်က နဂိုကတည်းက ပဲကို သိပ်ကြိုက်ခဲ့တာဘုရာ့။ စားတော်ပဲ၊ စွန်တာနီ၊ ပဲပြုတ်နဲ့ဆိုယင် တခြားဟင်း မလိုတော့ဘူး။ ကုလားပဲဟင်းချက်ယင်လည်း ခေါင်းမဖော်တမ်းပဲ။ ခု သုံးလွန်းတင် ထမင်းမှာလည်း ပဲနောက်စိမ်း၊ ပဲလွန်း၊ ပဲယဉ်း ပဲတမျိုးမျိုးတော့ ပါနေကြမို့ တပည့်တော်အကြိုက်နဲ့ တိုးနေတော့တာပေါ့ဘုရာ့"

"ဒါဖြင့် ဟင်းလေးကကော"
"ဟင်းလေးမှာလည်း တပည့်တော်စားဖူးခဲ့သမျှ ဟင်းတွေနဲ့ မတူတဲ့ ထူးထူးခြားခြား အရသာတခု တွေ့ရတယ်ဘုရာ့။ လေးလေးပင်ပင်အရသာ ဆိုရမလား မသိဘူး။ လေးတာက ကငန်တာကို မဆိုလိုဘူးဘုရာ့။ ဒီတော့ တပည့်တော်ရဲ့ ဆန္ဒအလိုတော့ သုံးလွန်းတင်ထမင်းနဲ့ ဟင်းလေးသာဆိုယင် ထာဝရ စားနိုင်လောက်ပါတယ် ဘုရာ့"
ဆရာမုန်း၏ လျှောက်ထားချက်ကို ဦးဓမ္မက ခေါင်းတညိမ့်ညိမ့်နှင့် နားထောင်ကာ ပြုံးတော်မူ၏။

"တော်ကြာ ရွှေချဉ်ပေါင်တုန်းခါမှ မောင်ဖုန်းပြန်ခဲ့မယ် အဖြစ်မျိုး ရောက်နေဦးမယ်နော် ဆရာမုန်း။ စဉ်းစဉ်းစားစားလည်ပြော။ အစားကိုသာ အကုန်စား။ စကားအကုန်မပြောနဲ့လို့ အဆိုရှိတယ်"
ဦးပဉ္စင်းလေး ဦးသောဘိတ၏ မိန့်တော်မူချက်ကြောင့် ဆရာမုန်းနှင့် ဦးပဉ္စင်းများ ပြုံးမိကြလေသည်။

"တပည့်တော် ရွှေချဉ်ပေါင်ကိုယ်တော်လိုတော့ မဖြစ်လောက်ပါဘူးဘုရား"
"ဆရာမုန်းပြောတာ ဖြစ်နိုင်လောက်တယ်။ ချဉ်ပေါင်ဟင်းနဲ့ ဟင်းလေး တူတာမှ မဟုတ်ပဲ။ ချဉ်ပေါင်က အရသာ တသမတ်တည်း ရှိတယ်။ ကြာကြာစားတော့ ရိုးနိုင်တာပေါ့။ ဟင်းလေးကတော့ တနေ့တမျိုး မရိုးနိုင်အောင် အရသာပြောင်းတယ်။ တအိုးနဲ့တအိုးလည်း အရသာမတူပေဘူး။ လေးလေးပင်ပင်ရှိတာကိုက ဟင်းလေးရဲ့ အရသာတမျိုး"
ကျောင်းထိုင်ဆရာတော် ဦးဥက္ကံသက မှတ်ချက်ချတော်မူသည်။

"သုံးလွန်းတင်ထမင်းကိုသာ နေ့တိုင်းစားမယ်ဆိုရင် ဆရာမုန်း လက်ခမောင်းခတ်ပေတော့"
"တပည့်တော် သဘောမပေါက်ဘူး ဘုရာ့"
ဦးဓမ္မ၏ မိန့်တော်မူချက်ကို ဆရာမုန်း သဘောမပေါက်ချေ။
"ဒီပတ်ဝန်းကျင်ရွာတွေဟာ ခေတ်တွေ၊ စနစ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မြန်မာ့ရိုးရာ ကျေးလက်ဓလေ့ကိုတော့ မဖျောက်ကြဘူး။ သုံးလွန်းတင်ထမင်းကို ဘယ်တော့မှ လက်မလွှတ်ကြဘူး။ ရှေးကလဲ စားခဲ့တယ်။ အခုလည်း စားဆဲပဲ။ နောင်လည်း စားကြဦးမှာပဲ။ မရှိဆင်းရဲလို့ စားကြတာမဟုတ်ဘူးနော်..... ဆရာမုန်း။ ကြိုက်နှစ်သက်လို့ ဇယားကိုက်လို့ စားကြတာ။ ရိုးရာဓလေ့ အစဉ်အလာကြီးကို ဖြစ်လို့"
"မှန်ပါ့ ဘုရား"

"ဒကာမောင်မုန်း လေ့လာမိပါလိမ့်မယ်။ ကိုရင်ကျောင်းသားတွေ ဆွမ်းခံပြန်ချိန်မှာ သပိတ်တွေထဲ လိုက်ကြည့်။ အားလုံးလိုလို သုံးလွန်းတင်ထမင်းကို တွေ့ရလိမ့်မယ်။ ဆွမ်းလောင်းတဲ့ ဒကာ၊ ဒကာမတွေဟာ မရှိဆင်းရဲလို့ မဟုတ်ဘူးဗျ။ အုန်းခြံပိုင်ရှင်၊ ကွမ်းခြံပိုင်ရှင်၊ ဂွမ်းဖတ်စက်ပိုင်ရှင်၊ ကားပိုင်ရှင်တွေပါတယ်။ တနှစ်မှာ နှမ်း၊ မြေပဲ တင်းတရာကျော် နှစ်ရာရတဲ့ တောင်သူကြီးတွေပါတယ်။ အဲ.... တနေ့လုပ်မှ တနေ့စားရတဲ့ လူမွဲတွေလည်း ပါတာပေါ့။ ဒါပေမယ့် သုံးလွန်းတင်ထမင်းကိုပဲ စားကြတယ်။ စားစရှိတော့ ကောက်ကြီးဆန်ထက် ပိုလေးသတဲ့။ ကျန်းမာရေးနဲ့ ပြည့်စုံကြတာလည်း လက်တွေ့"
"တင်ပါ့"

ဦးဓမ္မသည် သုံးလွန်းတင်ထမင်းအကြောင်း စိတ်ရှည်လက်ရှည်ပင် ရှင်းလင်းပြောပြတော်မူလေသည်။
"ဆန်ဈေး ဘယ်လိုဘဲဖြစ်ဖြစ် ပေါပေါရှားရှား ဒီဒေသကတော့ သုံးလွန်းတင်ထမင်းကို လက်မလွှတ်ကြဘူး။ ပြောင်းဆန်နဲ့ပဲဟာ ဆန်ရဲ့ ညီငယ်နဲ့နှမငယ်ပဲ။ ဘယ်တော့မှ ဆန်ဈေးကို မကျော်လွန်ကြဘူး။ ထာဝရ သစ္စာရှိတယ် ဆိုရမယ်။ ဒီတော့ မချွေတာသော်လည်း ချွေတာရာရောက်နေတယ် ဆရာမုန်းရဲ့"
"မှန်ပါ့ ဘုရား"

"ဆရာမုန်း ကျောင်းပိတ်ရက်မှာ ရွာတွေလည်ပြီး လေ့လာကြည့်စေချင်တယ်။ ဒီရွာနဲ့ ပတ်ဝန်းကျင်ရွာက လူတွေဟာ စားဝတ်နေရေးမှာ ရောင့်ရဲလွယ်ကြတယ်။ ရှားတိုင်ထူ ထန်းသားပျဉ်နဲ့ ထန်းပလက်မိုးပြီး နေကြတယ်။ ယာထွက်လက်ဖြစ် ဗမာချည် အဝတ်ကို ဝတ်ကြတယ်။ သုံးလွန်းတင်ထမင်းနဲ့ ဟင်းလေးကို မဲပြီးစားကြတယ်။ ထန်းလျက်ကို သရေစာလုပ်ကြတယ်။ ဒါပေမယ့် အထင်မသေးနဲ့ ကျောင်းဆရာရေ့။ သူတို့မှာ ချွေတာစုဆောင်းပြီးသား ဖြစ်နေကြတယ်။ အရေးကြုံယင် လူနဲ့အတူ သူနဲ့အမျှ သုံးနိုင်ကြတယ်။ အမြဲတမ်း စိတ်ချမ်းသာနေတော့တာပဲ။ ဒါဟာ ဘဝပီတိပဲ ဆရာမုန်းရဲ့။ ဆရာမုန်းသာ ဒီဒေသရဲ့ စရိုက်ကို လိုက်လျောညီထွေ ကျင့်သုံးတတ်မယ်ဆိုယင် တနေ့ သဌေးလေး ဖြစ်ရစေ့မယ်"
"တပည့်တော် ကြိုးစားကျင့်သုံးပါ့မယ် ဘုရား"

XXXXX


(၁၉၇၉ ခုနှစ် စာပေဗိမာန်စာမူဆုရ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရ စာရေးဆရာ ကြူရတနာ မောင်မြကြိုင်၏ ဆရာမုန်း ဝတ္ထုတိုများ စာအုပ်မှ ဝတ္ထုတိုများကို နှစ်သက်သောကြောင့် ကူးယူဖော်ပြပါသည်။)


7 comments:

Taungoo said...

အမ
သုံးလွန်းတင်က ဆန်နာမည်လား။ ဆန်သုံးမျိုးရောထားတာကို ခေါ်တာလား။ စာအုပ်ထဲမှာ ရှင်းပြထားတာ ပါလားအမ။

မြရွက်ဝေ said...

နောက်တစ်ပိုင်းမှာ ပါလိမ့်မယ် ကိုတောင်ငူရေ။ စောင့်ပါဦးနော်။ မရိုက်ရသေးလို့။ အဲဒီထဲမှာ ဟင်းလေးအကြောင်းရော သုံးလွန်းတင်ထမင်းအကြောင်းပါ သေချာရှင်းထားတယ်။ ကျမလည်း အဲဒါဖတ်မှ ဟင်းလေးလို့ခေါ်ပုံအကြောင်း သိရတာ။

ဇနိ said...

သုံးလွန်းတင်ထမင်းဆိုတာ ထမင်းနဲ့ပဲနဲ့ရောချက်တာကို ပြောတာထင်တယ်...ပြောင်းဆန်ရောပါတယ်ထင်တယ်
ကျနော်တို့ငယ်ငယ်က ရွာမှာတော့ ပြောင်းဆန်တော့မပါဘူး..ထမင်းကို ပဲနဲ့ရောချက်တာ..
စားလို့ကောင်းတာပဲ......
အပင်ပန်းခံ စာရိုက်ပေးတဲ့ မြရွက်ဝေကို ကျေးဇူးတင်ပါတယ်.....
း)

nu-san said...

ပထမဖတ်စတုန်းကတော့ ဘာလို့ သုံးလွန်းတင်လို့ ခေါ်တာလည်း ဆိုတာ စဉ်းစားမရဘူးရယ်.. နောက်ပိုင်းဖတ်ရင်းနဲ့တော့ သိလာမယ်ထင်တယ်နော်... အဟီး.. နောက်အပိုင်းတွေလည်း စောင့်မျှော်နေပါတယ်.. :)

sin dan lar said...

Thank u for sharing this story.

thawna said...

နေ့တိုင်း လာလာပြီး ဆရာမုန်း အသစ်များ တင်ဦးမလားလို့ မျှော်ပါတယ်။ များများ ဖတ်ရအောင် နေ့တိုင်း များများလေး တင်ပေးပါ။ ဒီလို အဖိုးတန် စာကောင်းတခု ဖတ်ရလို့ ကျေးဇူးအထူးပါ

ရွှန်းမီ said...

မဝေရေ..
စောင့်ကြည့် အားပေးနေပါတယ် =)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP