Thursday, October 9, 2008

မုန့်ဆီကြော်လေးများ


မုန့်ဆီကြော် ကြော်နည်းပြောဖို့ မဟုတ်ပါဘူး။ မရှိသေးတဲ့ မုန့်ဆီကြော်ကို နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားတွေးနေမိတာပါ။ မသုနှင်းဆီစီမှာ ဘေဘီဆိုတဲ့ ပို့စ်လေးဖတ်ပြီး အမပြောတာ ဟုတ်တယ်လို့ ကိုယ့်ဘာသာ ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံနေတာ။ ရည်းစားဘဝတုန်းကလဲ ဘယ်တော့ယူကြမှာလဲ မယူကြသေးဘူးလားနဲ့ ခနခန မေးခံရတယ်။ ဪ ဒွတ်ခ ဒွတ်ခ။ ကိုယ့်အကြောင်းနဲ့ ကိုယ်ကို။ ယူပြီးတော့ရော မေးခွန်းတွေ ရပ်မသွားပြန်ဘူး။ ကလေးမယူကြသေးဘူးလားတဲ့။ တစ်ယောက်မွေးပြီးရင်ကော နောက်ထပ်မမွေးဘူးလားလို့ ထပ်မေးကြမယ်ထင်ရဲ့။

ကလေးဆိုတာ အိမ်ထောင်ရဲ့ နှောင်ကြိုးလေးပါဘဲ။ ဒါပေမယ့် ကလေးရှိတိုင်း သာယာမယ်လို့တော့ တထစ်ချ မပြောနိုင်ပါဘူး။ ကလေးမရဘဲ သေတပန်သက်တဆုံး ချစ်ချစ်ခင်ခင် ပေါင်းသင်းသွားကြတာ ရှိတာဘဲ။ ကလေးတွေအများကြီးရှိရက်နဲ့ ဖောက်ပြားသူတွေလဲရှိတာပါဘဲ။ အရင်က ကလေးယူ/မယူကို အဲလောက်ထိလဲ မတွေးမိခဲ့ပါဘူး။ မတွေးသေးတာဆို ပိုမှန်မယ်။ ဒီမှာ တရုတ်သူငယ်ချင်းတွေကလဲ အိမ်ထောင်သည်တွေ ကိုယ်နဲ့ အသက်မတိန်းမယိန်းတွေမို့ စိတ်ကူးရရင် သူတို့ကိုလဲ မေးကြည့်တယ်။ သူတို့ကတော့ ကလေးယူဖို့ ငယ်သေးတယ်တဲ့။ ဟုတ်မှာပေါ့လေ။ ဒီကအမြင်နဲ့ မြန်မာကအမြင်နဲ့က လုံးဝမှ မတူတာ။ မြန်မာမှာတော့ "သမီးကညာ အခါမလင့်စေနှင့်" တို့ "နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် တဆိတ်ဟိုင်း" တို့စုံလို့ဘဲ။

ပြီးတော့ရှိသေးတယ်။ "အသက်အစိတ်မှ ပုခက်မချိတ်ရင် တသက်မနိပ်ဘူး" တဲ့။ ဒါဆို အသက်အစိတ်ကို နှစ်နှစ်ကျော်လာတဲ့ ကိုယ်တိုင်တော့ ပုခက်မချိတ်နိုင်သေးလို့ တသက်မနိပ်ရတော့မှာကျနေပြီ။ ကလေးဆိုတာကလဲ ကိုယ်နဲ့ ထိုက်ဦးမှ။ ဆေးခန်းမှာ လုပ်တုန်းက မြင်ဖူးတာဆိုရင် ပြည့်ပြည့်စုံစုံထားနိုင်တဲ့အိမ်ထောင်တွေမှာ ကလေးတော်တော်နဲ့ မရကြပြန်ဘူး။ ဆေးစစ်ရလိုက် ဆေးသောက်ရလိုက်နဲ့ စုံနေတာဘဲ။ ကျမတို့ groupထဲက အမကြီးလဲ အဲလိုဘဲ။ အသက် သုံးဆယ်ကျော်လာတဲ့အထိ ကလေးမရသေးတာမို့ စိတ်ပူပြီး ဆရာဝန် ပြနေရတယ်။ လင်မယားနှစ်ယောက်လုံး ဆေးစစ်တော့လဲ အားလုံးကောင်းတယ်၊ ဘာမှမဖြစ်ဘူးတဲ့။ ဒါပေမယ့် သူတို့ဘာကြောင့်မှန်းမသိ ကလေးမရကြဘူး။ ၂ခါ ၃ခါလောက်ပြပြီး အမကြီးလဲ စိတ်ညစ်ပြီး မပြချင်တော့ဘူး။ OGပြရတာကလဲ အရှက်ကုန်ဘဲကိုးလေ။

မတောင့်မတနေရမယ့် ဝမ်းထဲ မဝင်စားကြဘဲ ရေများရာ မိုးရွာနေတာလဲ အများကြီး။ မြို့စွန်မှာ ကျောင်းတက်လာတော့ ကျောင်းနားက ကျူးကျော်ရပ်ကွက်မှာဆို ကလေးတွေ ပလုံစီနေတာဘဲ။ နပ်မှန်အောင်လဲ စားကြရပုံ မပေါ်ပါဘူး။ ပညာရေးဆိုတာ ဝေးရော။ အမှိုက်ပုံတွေ တောင်းစားနေတာတွေ မြောင်းထဲတွေမှာ သူတို့လေးတွေကို မြင်ရရင် ဘာကိုစိတ်ဆိုးရမှန်းမသိ စိတ်ဆိုးတယ်။ အဓိကကတော့ သူတို့မိဘတွေကိုဘဲ။ သားသမီးဆိုတာ ရတနာဆိုပေမယ့်လည်း လူလူသူသူမထားနိုင်ဘဲ မွေးတာကို အပြစ်လို့သွားပြောရင် ကိုယ်ကဘဲ လွန်သွားမလား။ သားဆက်ခြားပညာပေး မကျယ်ပြန့်တာကိုဘဲ အပြစ်သွားပြောရမလား။ ဘယ်ကဘာကို ပြောရမှန်းတောင် မသိတော့ဘူး။ လူ့ဘဝကဝင်စားဖို့က နတ်ပြည်ကအပ်တစင်းနဲ့ လူ့ပြည်ကအပ်တစင်း ထိရဖို့ထက်ခက်တယ်ဆိုပေမယ့် သူတို့ကျ ထိ'ထိနိုင်လွန်းတယ်လို့ သူငယ်ချင်းက ပြောတယ်။ သူငယ်ချင်းအဖေကတော့ ပြောပါတယ်၊ အဲဒါကို ကြည့်ရင် လူတွေဘယ်လောက် ကုသိုလ်တရား နဲပါးလာလဲ သိရတယ်တဲ့။ ပြုဖူးတဲ့ ကုသိုလ် နည်းလာတော့ ကံကောင်းလို့ လူ့ဘဝရောက်လည်း မပြည့်မစုံနေရတဲ့နေရာကို ရောက်ရောတဲ့။ ဟုတ်မှာ။

ကိုယ့်ကလှည့်ကျရင် ဘယ်လိုလာမယ် မသိပါဘူး။ အရင်က ကလေးကိစ္စမတွေးမိပေမယ့် ဘလော့ဂင်းနေတော့ အားကျစရာလေးတွေ မြင်လာရတယ်။ ပထမဆုံး သတိထားမိတာ WeSheMeဘလော့ပါ။ အဲဒီမှာ ကလေးလေးတွေ ပုံအသစ်တင်တိုင်း သွားသွားချောင်းရတယ်။ နောက်တော့ တခြား ဘလော့တွေဆီမှာပါ ကလေးလေးတွေကို မြင်ပြီး သဘောတွေကျလို့။ ဟိုတလောက LittleMoonမှာ သားလေးပုံကို ကြည့်ပြီး အိမ်ကြီးရှင်ကတောင် သဘောတွေကျနေတယ်။ ကိုယ်နဲ့ မသိတဲ့ (မရင်းနှီးပေမယ့် အမြဲဖတ်နေတဲ့ ဘလော့တွေမှာ) ကလေးလေးတွေ မွေးလို့ ကလေးအကြောင်းတွေ ဓာတ်ပုံလေးတွေမြင်ရရင် ဘာကိုဝမ်းသာမှန်းမသိ ဝမ်းသာတယ်။ ဒီမနက် ကိုလူသစ်ရဲ့ ဘလော့မှာ သူ့သမီးလေးပုံတွေကြည့်ပြီး အသည်းယားလိုက်တာ။ ဘလော့ရေးစက လာအားပေးတဲ့ စင်ကာပူက အဘကလဲ ဟိုတလောက အဖေအဖြစ် ရာထူးတက်သွားပြီ။ (အသက်ကြီးလို့ အဘလို့ခေါ်တာမဟုတ်ပါဘူး၊ မမနွေလည်နဲ့ နှစ်ယောက်ပေါင်းပြီး နာမည်ဖျက်ထားတာ။ စိတ်မဆိုးဘူးဟုတ် ဘဘ"စင်")။ အဘရဲ့ ကလေးဓာတ်ပုံလေးကလဲ ဂျစ်ချာလေး၊ မိန့်မိန့်ကြီး ပြုံးပြီးအိပ်လို့။

ဪ မစားရ အညှော်ခံ။ ကိုယ်တိုင်မွေးပါလားဆိုတော့ အခြေအနေ မပေးသေးဘူးလို့ဘဲ ပြောရမှာဘဲ။ တိုင်းတပါးမှာ ကလေးမွေးရတာ လွယ်တာမှမဟုတ်တာ။ ကလေးမွေးတဲ့ကိစ္စက နဂိုကတည်းက လွယ်တာဟုတ်တဲ့အပြင် သူများတိုင်းပြည်မှာ မွေးရမှာ ကိုယ့်နိုင်ငံမှာ မွေးရတာလို အဆွေအမျိုး စောင့်ရှောက်မယ့်သူတွေကြား နေရမှာမှမဟုတ်တာလေ။ ပြီးတော့ သတ္တိမရှိသေးဘူးလို့လဲ ပြောရမယ်။ ကိုယ့်ကျန်းမာရေးက ချူနာပါနာရယ်။ ကိုယ်တိုင်ကတော့ စိတ်ပူတာပေါ့။ ကလေးလိုချင်ရင်ကော ရပါ့မလားပေါ့။ သူကတော့ ရရ/မရရ ကိစ္စမရှိဘူးတဲ့။ တညှိုးကြီးဘဲ။ ကျမကသာ အဓိကဆိုဘဲ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားတောင် မသိတော့ဘူး။ ကလေးရရင်လည်း သမီးလေးသာ လိုချင်သတဲ့။
ဒီလောက် တသမီးထဲ သမီးနေတာ ဒါမျိုးလေး သုံးယောက် တပြိုင်ထဲဆို ဘယ်လိုနေမလဲမသိဘူး။ ကျမက အရင်က သမီးဆိုတဲ့ feelingမရှိပေမယ့် သူက သမီး သမီး လို့ဘဲပြောနေတော့ သမီးလေးရရင် ကောင်းမှာ။ မမနွေလည်ကတော့ အားပေးတယ်၊ tonari no Totoro ရုပ်ရှင်ထဲက meiလို သမီးလေး မွေးပါတဲ့။ ကောင်းသားများဘဲ။ မနက်-မနက် နှိုးရခက်တဲ့ သူ့အဖေကို ကိုယ်ပေါ်တက်ပြီး "အိုကိရိုးးးးးး"ဆိုပြီး အာဗြဲကြီးနဲ့ နှိုးခိုင်းရမယ်။ meiလို သမီးလေး ရတဲ့အချိန်မှာ သူ့အဖေလဲ တိုတို့ရိုလို ကိုယ်ခန္ဓာ ဖြစ်နေလောက်ပြီ။ :D


ကလေးသာ မရှိသေးတယ်။ ကျမက ဒီကလူနေမှုစရိုက်ကိုကြည့်ပြီး ချိုသဲကို ဘယ်မှာထားရပါ့ ဖြစ်နေရတယ်။ ဘာသာတရားအယူမရှိတဲ့သူတွေကြားမှာ ဖြစ်ပါ့မလားတို့၊ ပြီးရင် ဒီကကျောင်းတွေမှာ ခေတ်စားတဲ့ 'အီဂျီမဲ့'လို ဝိုင်းအနိုင်ကျင့်တာမျိုးတို့ ဖြစ်လေမလားတို့ အထက်တန်းအရွယ်လောက်တွေရဲ့ ရည်းစားသနာကားတွေ လွှင့်လွှင့်နေတော့ ငယ်ငယ်ရွယ်ရွယ် အတုမြင် အတတ်သင်ပြီး ဒန့်ကျွဲပင် ပုခက်ဆင်လေမလားတို့ အစုံတွေးပြီး စိတ်ပူနေတာလေ။ အဲဒါတွေတွေးလေ ခေါင်းခဲလေဘဲ။ ကိုယ့်အပူနဲ့ ကိုယ်ဟာကို သူငယ်ချင်းတွေက တမှောင့်။ ဟိုတလောက အွန်လိုင်းဝင်မိပါတယ်၊ ပျောက်ချက်သားကောင်းနေတဲ့ သူငယ်ချင်းတွေက တယောက်ပြီးတယောက်ဝင်လာပြီး ဟဲ့ ကလေးမယူသေးဘူးလားလုပ်နေတယ်။ တနိုင်ငံစီဖြစ်နေလို့သာ တော်တော့တယ်။ မဟုတ်ရင် အားလုံး တိုက်ပြီးလာပြောနေသလားမှတ်ရတယ်။ တယောက်ပြီးတယောက် လှည့်ပတ်ဖြေရင်း ငါ့နှယ် ဒီနေ့ကျမှ ဘာဂြိုလ်ဝင်ပါလိမ့်လို့ ရီချင်လိုက်တာ။ သူတို့ကျ ခုထိမယူနိုင်ကြသေးဘဲနဲ့။ အစပိုင်းတော့ ကောင်းပြီးကောင်းရက် ပြောနေရာက နောက်တော့ ဂျစ်တစ်တစ်လုပ်ချင်တာနဲ့ လျှောက်ပြောတော့တာဘဲ။ ဖြည်းဖြည်းပေါ့တို့ မကြာမီလာမီ မျှော်တို့။ ဒါတောင်မှ ဆက်ပြောနေရင်တော့ အေးပါ၊ we try our bestလို့ပြောလိုက်တယ်။ အဲလိုကျ တိတ်သွားတော့တယ်။ အေးရော။

13 comments:

မီးငယ် said...

မမ မေမေကလည်း လာမေးတဲ့လူတွေကိုကြောလိုက်..သမီးတစ်ယောက်ကောက်ရထားတယ်လို့..ဟိ

ThuHninSee said...

ဟားဟား..သူလဲ..ကိုယ့်လိုပါပဲလား

ဇနိ said...

နှုတ်ခမ်းနာလေးများဆိုပြီး ပို့စ်ရေးရမလား ဒီကလည်း စဉ်းစားနေတာ.. အိမ်ထောင်တောင်မကျသေးဘဲနဲ့ ဒီက ကလေးမွေးဖို့ပဲ စဉ်းစားနေတော့တာ ဟ ဟ...
း)

khin oo may said...

Try ပြီးရင်လဲ စည်းကမ်းရိုသေဘို့လိုသေးတယ် ဆရာ။

khin oo may said...

မွေးပြီးရင် ဒီကဆီကို ပို့လိုက်ပါ။

ဇနိ said...

ကလေးယူပါတော့ဗျို့ ကလေးလေး ယူပါတော့ဗျို့
မဇနိ

မြရွက်ဝေ said...

မီးငယ်--> တော်ကြာ သမီးတောင်းလာကြရင် ဘယ့်နှယ့်လုပ်ရပါ့။ :P

မသုနှင်းဆီ--> ဟုတ်တယ်အမရေ။ ကိုယ့်ဘာသာ အေးဆေးနေနေတာကို။

မဇနိ/ကိုဇနိ--> အဲလိုကြီး အဆင့်ကျော်လို့ရဘူးလေ။ နှုတ်ခမ်းနာနေရင် ဆေးလိမ်းလိုက်ဦးနော်။ တော်ကြာ ညှော်မိနေမယ်။ :D ကလေးကို အပ်ချလောင်း!! ဆိုပြီး ပေါ်လာအောင် မန်းလို့ရရင်လည်း ကောင်းသား။

မKOM--> ဟုတ်တယ် အမဆီပို့ပြီး ၁၂ကြိုးတွေတတ်အောင် သင်ခိုင်းရမယ်။ :D

Dr. Nyan said...

အခုအသက်အရွယ်ကတော့ကလေးယူဖို့အကောင်းဆုံး
ပါဘဲ။ ကျွန်တော်တို့တုန်းကတော့ ကိုယ်တွေဘ၀ကိုဘဲ
ကြည့်မိခဲ့လို့ ကလေးနောင်ရေးထည့်မစဉ်းစားမိခဲ့ဘူး။
ကလေးယူတာ နောက်ကျသွားတယ်။
ဂျပန်မှာကလေးယူရင် မိခင်ကျန်းမာရေးအတွက်စိတ်ချရတာရယ်၊ မွေးစကလေးစောင့်ရှောက်မှုကောင်းတာရယ်၊ မွေးဖွားစားရိတ်ကုန်ကျငွေ(သောင်း၅၀လောက်)ပြန်ရတာရယ်၊ ၀န်ထမ်းတွေဖော်ရွေတာရယ်..ကောင်း
တာတွေတော့အများကြီးပါ။
ကလေးကိုငယ်ငယ်ကတည်းက ကလေးထိန်းကျောင်း
ပို့ထားရတဲ့သူငယ်ချင်းတစ်ယောက်ကတော့ သူ့မိခင်
ဆာဗီးယားဘာသာသင်ပေးလို့မရလို့စိတ်ညစ်နေပါ
တယ်။ဂျပန်လိုဘဲနားလည်တော့တယ်။
အနာဂတ်plan သေချာဆွဲပြီး ကလေးယူဖို့သင့်တယ်
လို့ထင်ပါတယ်။

May Moe said...

မမ မီးလည်း မုန့်ဆီကြော် အကြောင်းအခုတလော စဉ်းစားနေမိတယ် :D

Unknown said...

ဆရာမုန်းအကြောင်း လာလာဖတ်နေတာ အသစ် မတွေ့လို့။ ဆရာမုန်းအကြောင်း ဆက်တင်ပါဦး

nu-san said...

"အသက်အစိတ်မှ ပုခက်မချိတ်ရင် တသက်မနိပ်ဘူး" ဆိုတော့ အမတို့လို အသက် ၂၅ ကို တော်တော်လေး လွန်နေတဲ့သူတွေဆိုရင် ၁၀ သက်မနိပ်ဘူး ဖြစ်သွားမယ်ထင်တယ်နော်.. အဟိ.. :D ညီမလေးပြောထားတာတွေက အရမ်းမှန်တယ်.. အမလည်း မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး တွေးပူနေတာက များတယ်။ အဓိက ဒီက လူနေမှု စရိုက်ကို သိပ်မကြိုက်တာပေါ့။ အမရဲ့ အမြင်နဲ့လည်း ကွာနေတာလားတော့ မသိဘူးရယ်။ ကောင်မလေးတွေ ဖိုးရိုးဖားယား ကို့ရိုးကားယား မြင်ရင်လည်း စိတ်က ဖြစ်ပါ့မလားပေါ့၊ ယောင်္ကျားလေးတွေ ဖိုသီဖတ်သီနဲ့ နားကွင်းတိုးလို့ တန်းလန်းတွေ မြင်ရတော့ အမလေး ကိုယ့်ကလေးသာ ဒီလိုပုံဆို ဒုက္ခဆိုပြီး တွေးမိပြန်ရော.. အလုပ်က လူတွေကလည်း အားရင် ကလေးယူဖို့ချည်းပြောနေတော့တာပဲ.. စိတ်ညစ်တယ်.. :( သူတို့ ၀ိုင်းထိန်းပေးတာလည်း ဟုတ်ပဲနဲ့.. ;P

Layma said...

We try our Best!

he he.. လေးမလည်း အဲလိုပဲ.. ဖြေနေရတယ်...

8Yar said...

အောင်မလေးနော် အားကျလိုက်တာ။ အနော်လဲ အမေးခံလိုက်တာဂျာ။ ဒါပေမယ့် အနော်ကောင်မလေးက ဂျပန်မှာ၊ အနော်က စင်ကပူမှာ မလွယ်ရေးချာ မလွယ်သေးပါဂျာ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP