Thursday, November 26, 2009

ရိက္ခာ




ပြီးခဲ့တဲ့တပတ်ကရယ် မနေ့က မှာထားတဲ့ ပစ္စည်းတွေ ရောက်တယ်။ အရင်တပတ် တနင်္လာနေ့မှာ အိမ်ကနေ ပစ္စည်းပို့ထားတယ်ဆိုကတည်းက လည်ပင်းတရှည်ရှည် ဖြစ်နေခဲ့တာ။ ၄ရက်အကြာနဲ့ရောက်လာတော့ ဝမ်းသာသွားတယ်။ လက်ဖက်တွေမှာထားတာလေ။ ပြီးတော့ ဒီတခါ အတန်းက ပျော်ပွဲရွှင်ပွဲမှာ လက်ဖက်ပွဲ ပြင်ယူသွားမယ် စိတ်ကူးထားလို့။ ဂျပန်တွေက လက်ဖက်ကို သုပ်စားတယ်ပြောရင် သဘောမပေါက်ကြဘူး။ ဒါကြောင့် ဒီတခါတော့ သိသွားအောင် ကျွေးလိုက်မယ်။ ပြီးတော့ တခြားစားစရာ ချက်ယူသွားရတာထက် လူလဲ သက်သာတယ်။ သူတို့ စားနိုင်တာ မနိုင်တာတော့ မပြောတတ်ဘူးရယ်။ မစားနိုင်လဲ ကိစ္စမရှိပါဘူး။ အိမ်မှာစားဖို့ ပိုကျန်တာပေါ့။ (အဟိ မကျွေးခင်ကတည်းက ကပ်စေးနဲနေပြန်ပါပြီ။)

ဒီတခါ ပဲကြော်က City Martက ဝယ်ပို့လာတာ။ အရင်စားနေကျ တံဆိပ်တွေထက် အရမ်းစားကောင်းတယ်။ ရောက်ကတည်းက ၂ရက်ဆက်တိုက် မနက်ကော ညပါ လက်ဖက်သုပ်နဲ့ ထမင်းစားတာ ပဲကြော်တထုပ်ကို ကုန်ရော။ ခုနဲနဲ အရှိန်သတ်ထားတယ်။ ဒီတခါ အိမ်လက်ရာ ဘာမှမပါဘူး။ အမေကလည်း ခွဲစိတ်ဖို့အတွက် အိမ်ပြန်သွားရ အမကလဲ ကိုယ်ဝန်ကြီးနဲ့မို့ တမင် မမှာတာပါ။ ဒါတောင် အမက ချဉ်ပေါင်ကြော်ပေးလိုက်မယ်လုပ်နေလို့ တားထားရတယ်။ အဓိကက လက်ဖက်စားရရင် ရပြီလို့။ ဒီက မြန်မာဆိုင်တွေမှာ ဝယ်လည်းရပါတယ်။ ဒါပေမယ့် ကိုယ်စားနေကျ တံဆိပ်မရှိတာရယ် ဆိုင်မှာဘယ်လောက်တောင် ကြာထားမှန်းမသိတာကြောင့် အိမ်ကိုဘဲ မှာတာ။ ပင်ရင်းကနေ ဝယ်ပို့ပေးတယ်။ ဟိုတခါ လက်ဖက်ပြဿနာဖြစ်တုန်း စားနေကျတံဆိပ်လေးမပါလို့ တော်သေးတယ်။ (ပါလာလဲ ဘာမှမတတ်နိုင်ပါဘူး။)

အိမ်က စားစရာတွေရောက်အပြီးမှာ အွန်လိုင်းကနေ ဟင်းချက်စရာတွေ ထပ်ဝယ်ရပြန်တယ်။ စိမ်းစားငါးပိကုန်နေတာ ကြာပြီ။ ငါးပိအစား ငံပြာရည်နဲ့ချက်နေတာ လက်ကျန်က ကုန်တော့မယ်။ ဒါတွေက ဂျပန်ဆိုင်မှာ မရှိဘူးလေ။ ငံပြာရည်တော့ ရှိတတ်ပါတယ်။ တထွာသာသာ ပုလင်းပိစိကွေးကို ဈေးကအတော်ကြီးတယ်။ ဒီတော့ အဲဒါတွေကို အွန်လိုင်းမှာ ထိုင်းဆိုင်က ဝယ်ပါတယ်။ အမြဲဝယ်နေကျဆိုင်က ဈေးတက်လာတာနဲ့ ဆိုင်ပြောင်းဝယ်ဖြစ်တယ်။ ဒီဆိုင်မှာ ငြုပ်သီးစိမ်းလည်း ရှိနေသေးတယ်။ ဝယ်ချင်တာတွေ စာရင်းရေးပြီး ပေါင်းလိုက်တော့ တအားများနေတာနဲ့ ပြန်လျှော့ရတယ်။ သူက ဝယ်ပါပြောပေမယ့် သွားရည်စာတွေတော့ ဖြုတ်ပစ်ရပါတယ်။ (ဆာရိုနာရာ သရက်ပြင်လေးရယ်။) မဝယ်မဖြစ်တွေကို ဦးစားပေးပြီး တခြားစားချင်တာ နဲနဲရယ်ပေါ့။ ဒါတောင် မနည်းပါဘူး။

တကယ်ဆို "အုအဲနို"က "အ-မဲရို့ကို" (アメ横) ဈေးတန်းဘက်သွားရင် အဲဒါတွေအားလုံး ဝယ်လို့ရပါတယ်။ ဒါပေမယ့် သွားရမယ့် အချိန်ရယ် ရထားခရယ် တွက်လိုက်ရင် အွန်လိုင်းပို့ခနဲ့ သိပ်မကွာတော့ပါဘူး။ ဒါတောင် တချို့ဆိုင်ဆို ယန်းငါးထောင်ကျော်ဖိုးဝယ်ရင် အလကား ပို့ပေးတာမျိုးရှိပါတယ်။ ရေခဲရိုက်ပစ္စည်းဆိုရင်တော့ ပို့ခ ပိုဈေးကြီးတယ်။ ကိုယ်တိုင်သွားဝယ်ရင် အဲလောက် တပြုံတမကြီးလည်း မသယ်နိုင်ပါဘူး။ ဒါကြောင့် လူရော အချိန်ပါ သက်သာတဲ့၊ အိမ်အဝအထိ ပို့ပေးတဲ့ အွန်လိုင်းဈေးဝယ်တာကိုဘဲ မှီခိုနေပါတယ်။

ထိုင်းဆိုင်က ပစ္စည်းပုံးကြီးရောက်လာတော့ ပို့ဆောင်ရေးဝန်ထမ်းက မ'နိုင်ရဲ့လားလို့ မေးတယ်။ ရပါတယ် ပြောပြီး လက်ပြောင်းယူလိုက်တာ ယိုင်နဲ့နဲ့ ဖြစ်သွားလို့ အမြန်အမြန် ဖိနပ်ချွတ်မှာ ချထားလိုက်ရတယ်။ အဲလောက် လေးမယ်လို့မှ မထင်မိတာကိုး။ ပုံးဖောက်ကြည့်မှ ဖန်ပုလင်းတွေ များတာကြောင့် အတော်လေးတာပါ။ အထဲမှာ ပါလာတဲ့ စာရင်းနဲ့ ပစ္စည်းတွေ တိုက်စစ်၊ အိုခေပြီဆိုမှ သိမ်းဆည်းဖို့ လုပ်ရတယ်။ မသိမ်းခင် ဘလော့မှာ ကြွားဖို့ ဓာတ်ပုံရိုက်ထားလိုက်တယ်။ အိမ်က ပို့ထားတာလေးတွေ အပါအဝင်ပေါ့။


ဂျင်းလက်ဖက်ရယ် လက်ဖက်အစပ်ရယ်ကို ထမင်းဘူးထဲ ထည့်ပြီးစားနေတာမို့ လျှော့နေပါပြီ။ အချိုနှပ်ကတော့ ပွဲမှာ ကျွေးဖို့ ထားထားတယ်။ အစပ်သွားကျွေးလို့မှ မဖြစ်တာလေ။ တော်ကြာ အစပ်ကြောက်တဲ့ ဂျပန်တွေ မြန်မာလက်ဖက်သုပ်ဆို ကြောက်ပါပြီ ဖြစ်သွားမှဖြင့်။ ဒီတခါ ထိုင်းဆိုင်က ငါးပိရည်ကျိုပုလင်းပါ စမ်းဝယ်ထားတယ်။ တကယ်တူရဲ့လားလို့ ပုလင်းဖောက်ကြည့်တာ တူတာမှ လက်ကိုပေသွားလို့ အနံ့လေးကို ဟောင်သွားတာဘဲ။ သရက်ကင်းနဲ့ တို့စားချင်လိုက်တာ။ ပုလင်းတွေထဲ ဖောက်ထည့်ထားလို့ အိမ်ကပို့ထားတဲ့ တချို့ စားစရာတွေ ပုံထဲ ပါမလာတော့ဘူး။ ကြော်ငြာရမယ်ဆိုရင် ရွှေပုစွန်ခြောက်တံဆိပ် စားစရာတွေ အတော်သန့်ပါတယ်။ အမြင်သန့်တာ ပြောတာပါ။ ဘာလချောင်ကြော် အချိုလဲ ပုစွန်ခြောက်မှုန့်သက်သက်နဲ့ ကြော်ထားတာလား မသိဘူး အတော်ချိုပါတယ်။ လက်ဖက်အရွက်နုလေးတွေက ပုံမပျက်ဘဲ အမြင်လှတယ်။ ပုစွန်ခြောက်ဆိုလည်း သေးသေးသွယ်သွယ်လေးတွေမို့ လက်ဖက်ပြင်ရင် ကြည့်ကောင်းမယ်ထင်တယ်။ ပုစွန်ခြောက်ကို ကြီးလွန်းရင်ကော သေးလွန်းရင်ပါ မကြိုက်ပါဘူး။ ခုလို ဇကောဇကအရွယ်မှ။ မုန့်ဟင်းခါးလည်း သာဂဒိုးသား မုန့်ဟင်းခါးက နာမည်ကြီးတယ်ပြောလို့ ထည့်ပေးလာတယ်။ ရုံးပိတ်ရက် တရက်ရက် ချက်စားကြည့်ဦးမယ်။ ခုတော့ ရိက္ခာတွေအများကြီးမို့ ပျော်မြူးနေပါတယ်။ (စာရင်းပေါင်းကြည့်ချင်ဘူး)

16 comments:

စူးနွယ်လေး said...

မြရွက်ဝေရေ...ထိုင်းဆိုင်ကငပိရည်ကျိုတွေကလေ (တံဆိပ်၂မျိုးရှိပြီ စမ်းဝယ်တာ) အနံ့ကတော့တူတယ် အရသာလည်း တူပါတယ်..မတူတာက ကျိုပြီးထားထားရင် အရည်တွေက ကော်ရည်လိုပဲ ခဲသွားတယ်။ ဘာလို့မှန်းမသိဘူး။ ဆန်များလို့လားမသိဘူး။ မြရွက်ေ၀၀ယ်တာ အဲလိုမဟုတ်ဘူးဆိုရင်တော့ ကျေးဇူးပြုပြီး ပုလင်းလေးကို သေချာရိုက်ပြပါဦးနော်။ လိုက်ရှာဝယ်ချင်လို့ပါ။ (တို့ဝယ်တဲ့စိမ်းစားငပိဘူးလည်း ပုလင်းဖုံးအ၀ါလေးနဲ့ပဲ။ တူတယ်တော့။ တခြားတံဆိပ်တခုက သိပ်ချိုလို့မကြိုက်လို့ ဒီတံဆိပ်ဝယ်တာ။)

Rita said...

ကိုယ်တောင် ကြည့်ရင်းနဲ့ ပျော်လာပြီ။

အိမ်က စားစရာရောက်ရင် သိပ်ပျော်တယ်။ (ကိုယ်ကတော့ ငပျင်းမို့လို့ပါ။)
မပျော်တာက ပစ္စည်းသွားယူရတာကိုပဲ။

ThuHninSee said...

ဟယ်..အားကျချက်တော်။ လက်ဖက်လေးငေးပြီးပြန်သွားတယ်။ ၀ယ်ပေးမယ့်သူမအားလို့ ထပ်မှာဖို့ ငြိမ်နေရတယ်။း)

Evy said...

ရိက္ခာ တွေ အများကြီးပဲ .. ပျော်စရာကြီး

moemoestar said...

ရိက္ခာတွေအများကြီးနဲ့ ပျော်နေမှာဘဲနော်...
အွန်လိုင်း(ထိုင်းဆိုင်)ကဘယ်ဆိုင်ဈေးသက်သာလဲလို့ 
မသိလို့ Link လေးပေးပါလား...

မြရွက်ဝေ said...

မစူးနွယ်---> ညီမဝယ်တဲ့ တံဆိပ်က ဒီမှာပါ။ http://www.ai-thailand.com/pic-labo/limg/2796-m.jpg မကျိုကြည့်ရသေးတော့ ဘယ်လိုနေမယ် မပြောတတ်ဘူး။

Rita---> ပစ္စည်းက အိမ်အထိ မပို့ပေးဘူးလား?

မမွန်---> ညီမလဲ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက မှာထားတာ၊ အိမ်က မအားတာနဲ့ အဆင်ပြေတဲ့အချိန်မှ ပို့ပေးလာတာ။

Evy---> တသသလုပ်ပြီး ဟိုဟာစားရကောင်းနိုး ဒီဟာစားရကောင်းနိုးနဲ့ ပျော်နေတာ။ :)

မမိုးမိုး---> http://www.ai-thailand.com/ ကဝယ်ပါတယ်။ ရေခဲရိုက်ပစ္စည်းတွဲမှာလဲ ဘယ်ဘက်ကိုမဆို ယန်း၂၁၀သာ ထပ်ပေါင်းတာမို့ပါ။ အရင်ကတော့ http://paknamstore.shop-pro.jp/ မှာ ဝယ်နေကျပါ။ ရိုးရိုးအခြောက်အခြမ်းတွေဝယ်လို့ ယန်း၅၂၅၀ဖိုးကျော်ရင် အလကားပို့ပေးပေမယ့် တခြားဆိုင်နဲ့ယှဉ်ရင် ဈေးတက်လာတာရယ် ရေခဲရိုက်ပစ္စည်းဆို 関東ဘက်ကိုတင် ယန်း၇၅၀ထပ်ပေးရတာကြောင့် ai-thailandကို ပြောင်းဝယ်တာပါ။

ဖက်တီးလေး said...

မြန်မာပြည်က ပို့ရင် ဘယ်လိုပို့ပြီး ဘယ်လောက်ကျလဲ ပြောပြလို့ရမလားဟင်.. ကျေးဇူးနော်.. :D

မြရွက်ဝေ said...

ရန်ကုန်စာတိုက်ကြီးမှာ ဘယ်နိုင်ငံဆို တကီလိုဘယ်လောက်ဆိုတာ ကပ်ထားတဲ့ ဇယားရှိပါတယ်။ ဒီဆိုက်ရဲ့ အောက်ဆုံးမှာ 国際小包料金မှာလည်း ကြည့်လို့ရပါတယ်။ http://www.yangonow.com/jpn/local/charge/index.html

ရန်ကုန်ကနေလဲ EMSနဲ့ပို့နိုင်တာမို့ အဲဒီက ဈေးနှုန်းကို http://gg.yangon.jp/tabi_info/myanmar.html မှာ ကြည့်နိုင်ပါတယ်။ စာတိုက်ကြီးထက် EMSက ၂ကျပ်ဈေးကြီးပေမယ့် အရစ်မထူတာရယ် လက်ဖက်ရည်ဖိုးမတောင်းတာရယ်ကြောင့် လူပင်ပန်း စိတ်ပင်ပန်း သက်သာလှတယ်လို့ ထင်တယ်။ နောက်ဆို EMSနဲ့ဘဲ မှာဖို့စိတ်ကူးမိတယ်။

khin oo may said...

စားရရင်ပြီးတာဘဲ ပေါင်းမနေနဲ့တော့။

khin oo may said...

ဟိုတစ်ခါက ငံပြာရည်တွေဖျော်ပြီး ငပိရည်လုပ်စားတာ သတိရမိသေးတယ။်

ဖက်တီးလေး said...

ကျေးဇူးပဲနော်.. အခုလိုပြောပြပေးတာ.. :D

nu-san said...

ညီမလေးဆီမှာ ပစ္စည်းတွေက အများကြီးပဲ... ပျော်စရာကြီး.. အမလည်း ဒီနေ့မနက် တောင်ငူက လက်ဖက်နဲ့ အကြော်စုံတွေ ရောက်လာတယ်.. ညီမလေး အိမ်က ပို့ပေးတာတွေရော ထိုင်းဆိုင်က ပစ္စည်းတွေ ဓာတ်ပုံရိုက်ထားတာရော အားလုံးကို သေချာ ကြည့်ပြီး သွားရည်ကျသွားတယ်.. :D

ကျော်နှင်းဆီလွင် said...

အိုး...
မျက်လုံးပြူးသွားတယ်
လူကလေး၂ယောက်တည်းရှိတာကို...
ငပိရည်စားချင်တယ်ဗျိုး
ခုအိမ်မှာ ငံပြာရည်ကိုငရုတ်သီးမှုန့်နဲ့ဖျော်စားနေတယ်
:D

moemoestar said...

ကျေးဇူးပါနော်...

ကျော်နှင်းဆီလွင် said...

ဒီအိမ်ကလေးတိတ်နေတယ်ဗျိုး
明日は順調で元気で成功になるように^^
;)

WWKM said...

ညီမလေးရေ..စားစရာတွေအများကြီးပဲ ဧည့်သည်လာလုပ်ဦးမှပဲ...
မမလည်း စင်္ကာပူကပြန်လာတုန်းက လဖက်တွေ လက်ဆောင်ရလာတော့ စားပြစ်လိုက်တာ နေ့စဉ် လဖက် နဲ့ ထမင်းနဲ့ ၃ ၊၄ ရက်ဆက်ပဲ။
ဟုတ်တယ် ညီမလေးရေ..အဲဒီ ငါးပိရည်ကျိုကလေ
ကျိုထားပြီးရင် ခဲသွားတယ်ရော.
ဘာဖြစ်လို့လဲ မသိ။း)

ကျန်းမာပျော်ရွှင်ကြပါစေ.

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP