Friday, January 25, 2008

ချစ်မောင်လေး


ဘာရယ်မဟုတ်ဘူး။ စာရေးဖို့ အာရုံမရတာနဲ့ ဟိုးအရင်လေး/ငါးနှစ်ကျော်က ပျင်းပျင်းနဲ့လျှောက်ဆွဲထားတဲ့ပုံတွေ လိုက်ရှာကြည့်တာ။ ဖိုတိုရှော့အကြောင်း ဘာမှမသိဘဲ ဆွဲထားတဲ့ပုံတွေ အခုပြန်ကြည့်မိတော့ သူငယ်တန်းကလေးပန်းချီလိုဘဲ။ အဲဒီပုံတွေကြားမှာ မောင်လေးဆွဲထားပေးတဲ့ ပုံလေးတွေ စကန်ဖတ်ပြီးသိမ်းထားတာ သွားတွေ့တယ်။ အဲဒီတုန်းက ကျောင်းမှာအင်္ကျီထုတ်ဖို့ ပုံဆွဲပေးဖို့ မောင်လေးကို စာရေးပြီးမှာလိုက်တာ။ ဘယ်သူက သတ်မှတ်လိုက်တာမှန်းတော့မသိ၊ ကျမတို့အဖွဲ့က အတန်းထဲမှာ အီးတီ(E.Cကို နာမည်ဖျက်ထာတာ) လုပ်ရတယ်။ အင်္ကျီထုတ်မယ်ဆိုတော့ ဘယ်သူမှ ပုံမဆွဲနိုင်ကြဘူး။ ဒါနဲ့ ကျမဘဲ အိမ်ကမောင်လေးကို ဆွဲခိုင်းလိုက်မယ်လို့ အာမခံပေးလိုက်တယ်။

မောင်လေးက ကျမတို့မောင်နှမသုံးယောက်ထဲမှာ အနုပညာ ဝါသနာအရှိဆုံးဘဲ။ ငယ်ငယ်ကတည်းက ခဲတန်ရရင် မြင်မြင်ရာ ပုံတွေရှောက်ခြစ်တော့တာဘဲ။ နောက်သူ့ကျောင်းဖတ်စာအုပ်ဆိုလဲ ပုံတွေအပြည့်။ ကျမတို့က ဖတ်စာအုပ်ကို လက်ဆင့်ကမ်းသုံးတာဆိုတော့ အမကြီးသုံးပြီး စာအုပ်ကို ကျမသုံး၊ ပြီးရင် မောင်လေးပေါ့ (သင်ရိုးအသစ်မပြောင်းခင်ထိ)။ ကျမတို့အမနှစ်ယောက်တုန်းက ဘာမှမဖြစ်တဲ့စာအုပ်တွေ မောင်လေးလက်ထဲရောက်ရင် ပုံတွေနဲ့ ပွလို့။ သူ့နောက်အငယ်မရှိလို့ တော်သေးတယ်။ နောက်တော့ တဝမ်းကွဲမောင်လေးတွေက ဖတ်စာအုပ်တွေလိုချင်တယ်ဆိုလို့ မောင်လေးသုံးပြီး စာအုပ်တွေ သူတို့ကိုပေးတယ်။ ပေးသာပေးရတယ်၊ သူတို့ဖတ်လို့ရပါ့မလားလို့ စိတ်ပူရတယ်။ နောက်တော့ ဒေါ်လေးကပြောတယ်။ မောင်ဝမ်းကွဲတွေက မောင်လေးဆွဲထားတဲ့ ကာတွန်းပုံတွေကို သဘောတွေကျလို့တဲ့။ သူတို့ပါ ဖတ်စာအုပ်ရဲ့ နေရာလွတ်မှာ ပုံလိုက်ဆွဲကြသတဲ့။ ကောင်းကြရော။

နောက်တော့ ပုံတွေအပြင် ကဗျာတွေပါရေးလာတယ်။ ကျမတို့ အမနှစ်ယောက်ကတော့ သူ့ကဗျာတွေခိုးဖတ်ပြီး ကြိတ်ရီကြ တခါတလေ ဘာတွေမှန်းမသိလို့ အီလည်လည်ဖြစ်ကြနဲ့။ သူဆွဲထားတဲ့ ဒီဇိုင်းနဲ့ ကဗျာစာရွက်တွေ ကျမသိမ်းထားတာ နောက်တော့ တင်ပါဦးမယ်။ ကျမရန်ကုန်မှာ ကျောင်းလာတက်ရတော့ အိမ်နဲ့(အမေနဲ့) မခွဲစဖူးဆိုတော့ စိတ်အားငယ်တာပေါ့။ အဲဒီတုန်းက မောင်လေးက စာတွေရေးပြီး ပို့လာပါတယ်။ သူ့စာတိုင်း ကျွန်မပုံကို ကာတွန်းရုပ်လုပ်ပြီး နောက်ထားတယ်။ dead body တွေကြည့်ရတယ်ဆိုတော့ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်ဆိုတာမျိုး။ သူ့အမကဖြင့် သတ္တိကောင်းလွန်းလို့ စေ့စေ့တောင်မကြည့်ဘူး။ မောင်လေးစာတွေကလဲ ပေါက်ကရလေးဆယ်ရေးထားတာတွေ များတယ်။ အမေပြောတော့ သူ့အမ စိတ်သက်သာရာရအောင်တဲ့။ သူ့စာလာရင် ကျမအပြင် တဆောင်လုံး ဝိုင်းဖတ်ကြတယ်၊ ရီစရာကောင်းလို့လေ။ ကျွန်မစီ စာရေးမှန်းသိတော့ အမက စကားနာထိုးတယ်။ သူမော်လမြိုင်မှာ ကျောင်းတက်နေတုန်းရော အလုပ်ဝင်နေတဲ့အထိ တခါမှ မောင်လေးစီက စာမလာဖူးလို့တဲ့။ မောင်လေးနဲ့ သုံးနှစ်ကွာတဲ့ကျမက သူငယ်ချင်းလို ပိုဖြစ်ပြီး ငါးနှစ်ကွာတဲ့အမက သိပ်အစေးမကပ်လို့ဖြစ်မယ်။

သူစနောက်တာကိုလည်း ကျမက အခံရဆုံးလေ။ အမက နဲနဲမှသည်းမခံတာလဲပါတယ်။ ကျမကိုဆို ငိုအောင်စတယ်။ ရာဘာမြွေရုပ်ကြီးဝယ်လာတုန်းကပေါ့၊ အဲဒီမြွေကိုကိုင်ပြီး လက်ကိုတွန့်လိမ်တွန့်လိမ်လုပ်တော့ တကယ့်အစစ်ကြီး လှုပ်နေတာနဲ့တူတယ်။ အဲဒါကို ကျောင်းကပြန်လာတဲ့ ကျမ အိမ်ထဲအဝင်မှာ အခန်းဝကနေ ရုတ်တရက် လက်ထုတ်ပြီးခြောက်တာ လန့်ပြီးမျက်ရည်ပါကျရတယ်။ ကျမကြောက်တဲ့ ပိုးတုံးလုံး အကြီးကြီးကို အညှပ်နဲ့ညှပ်ပြီး လိုက်တို့လို့ ထွက်ပြေးတာ ခြံပြင်လမ်းမပေါ်အထိရောက်တယ်။ ခြံပြင်မှာ အသိနဲ့စကားပြောနေတဲ့အမေ့ကို ပတ်ပြေးရင်းအော်နေမိလို့ လမ်းသွားတွေတောင် ကြည့်သွားသေးတယ်။ အရှက်ခွဲပါ့။

ခုအင်္ကျီထုတ်မယ်ဆိုတော့လည်း မောင်လေးကို ဘဲပြေးမြင်ပြီး ဆွဲခိုင်းလိုက်တယ်။ သူကတော့ ပေါ့ပေါ့ပါးပါး ကာတွန်းဆန်ဆန်ပုံလေးပုံ ဆွဲပေးလိုက်တယ်။ အဲဒီထဲက အင်္ကျီထုတ်ဖြစ်တဲ့ပုံက ဒီထဲမှာ မပါရှာဘူး။ အဲဒီပုံက ဆိုင်ကို ပေးထားရလို့လေ။



ဒီပုံက နင်ဂျာလိပ်လေးကောင်၊ လင်းနို့လူသား၊ ပင့်ကူလူသား၊ ဝူခုံးနဲ့ နောက်တခုက ရှောင်လင်ထင်တယ်၊ အဲဒါတွေကို ဆေးလုံးတွေမှာ ပုံဖော်ထားတာ။



ဆေးလုံး၊ ဆေးတောင့်အမျိုးမျိုးကို ကျားကစားတဲ့အရုပ်ပုံ လုပ်ထားတယ်။



ဒါက capsule ၂တောင့်ရန်ဖြစ်ရင်း သူတို့အရောင်တူရာ ပြောင်းစွတ်လိုက်တော့ ok သွားတဲ့ပုံလေး။ ဘာဖြစ်ဖြစ် ပုံမဆွဲတတ်တဲ့ ကျမတို့အဖို့ အဆင်ပြေသွားကြတာဘဲ။ တခြားအတန်းကပါ ကျမတို့အတန်းအင်္ကျီကို အားပေးလိုက်ကြသေးတယ်။

ကျမကိုဆို နောက်ပြောင်သလို ဆရာလဲလုပ်တတ်တဲ့ မောင်လေး ဟိုတလောကမှ သူရေးထားတဲ့ဘလော့ကို သိတော့တယ်။ ကိုးနက်ရှင်ကြွမလာတာနဲ့ အကြွနှေးတာနဲ့ရော ဟိုပိတ်ဒီပိတ်နဲ့မို့ သေချာတော့ တင်နိုင်ပုံမရဘူး။ သူ့အမဘလော့ကိုလည်း စိတ်ကူးပေါက်ရင် မေးပါရဲ့။ သူကြည့်တော့ ခေါင်းစဉ်ကလွဲပြီး စာတွေဖတ်မရဘူးတဲ့။ မမြင်ရတာဘဲ ကောင်းပါတယ်။ တော်ကြာ ဂျစ်မောင်လေးက သူ့အမ လျှောက်ရေးထားတာဖတ်ပြီး ပိဿာလေးဘေးပစ် ပေါက်ကရပြောနေဦးမယ်။


6 comments:

Chit Lay Pyay said...

ညီမရဲ့ မောင်လေး အကြောင်း ဖတ် ရတာ ကြည်နူးဖို့ ကောင်းတယ် ၊ အဲဒီလို ကိုယ့်ကို ချစ်တဲ့ မောင်လေး တစ်ယောက်လောက် လိုချင်လိုက်တာ၊ သူ့ရဲ့ ကာတွန်း လက်ရာလေးတွေက ကောင်းတယ်နော်၊ အိုင်ဒီယာလဲ မိုက်တယ်၊

Thyda said...

how lovely post it is! I also have brothers and I could get the feeling of brothly love.

Your bro is talented in drawing.

မျှားပြာ said...

ဒီလိုမောင်လေးတွေရှိတာ အစ်မကံကောင်းတာပေါ့နော် ...

pandora said...

မောင်လေးက တော်လိုက်တာ
အိမ်က မောင်လေးကတော့ အဲလိုမျိုးတွေမှာ မရဘူး
ဒါပေမယ့် သူကလည်း တမျိုးချစ်စရာကောင်းတာပဲ
အိမ်မှာ မီးပြင်တာတို့ ဆေးသုတ်တာတို့ ဝေယျာဝစ္စလေးတွ သူပဲလုပ်တာပဲ

သဇင်ဏီ said...

so cute cartoon :) i luv it
btw my small bro also can draw like that :)

nu-san said...

ညီမ မြရွက်ဝေရဲ့ မောင်လေးက ပန်းချီတော်တယ်နော်.. ဘယ်ပုံကို အင်္ကျီဒီဇိုင်းလုပ်ဖြစ်လဲဟင်.. အားလုံးလား.. အမမှာလည်း မောင်လေးရှိတယ်။ သူက Graphic Design သင်တန်း တက်ဖူးတယ်။ ညီမလေးရဲ့ မောင်လေးလောက်ကို လက်မဖြစ်ဘူး။ ဘာတွေ ဆွဲမှန်းလည်း အမ မသိဘူး :D :D

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP