Wednesday, July 30, 2008

ငြိမ်းချမ်းရေးစေတီ (Heiwa kinentou)




ဒီစေတီအကြောင်း ရေးမယ် ရေးမယ်နဲ့ ဓာတ်ပုံကို စကန်မဖတ်ဖြစ်တာနဲ့ ကြာနေတယ်။ ဓာတ်ပုံကို မြင်ခါစက ဒီမှာလဲ စေတီရှိတယ်ဆိုပြီး ဝမ်းသာသွားတယ်။ တူပါတယ်လို့ သေချာကြည့်မိတော့မှ ရွှေတိဂုံဘူရားပုံတူ တည်ထားတာမှန်း သတိထားမိတယ်။ ဒီစေတီပုံက အိမ်ကြီးရှင် ကျောင်းတက်တုန်းက နေခဲ့တဲ့မြို့မှာရှိတဲ့ ပန်းခြံကို အလည်သွားရင်း ရိုက်ခဲ့တာပါ။

စေတီအကြောင်း wikipedia နဲ့ internet မှာ လက်လှမ်းမှီ ဖတ်မိသမျှအရဆိုရင်__

ငြိမ်းချမ်းရေးစေတီ パゴダ平和記念塔 (パゴダへいわきねんとう- pagoda heiwa kinentou)က "တိုကုရှိမ ခရိုင်" "တိုကုရှိမ မြို့" ရဲ့ "ဘိဇံ ပန်းခြံ"ထဲမှာ တည်ထားပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ သေဆုံးသွားခဲ့တဲ့ "တိုကုရှိမ ခရိုင်"မှာမွေးဖွားသူ ဂျပန်စစ်သား ၆၂၁၆ယောက်ရဲ့ ဝိညာဉ်တွေ ငြိမ်းအေးစေဖို့အတွက်ရည်ရွယ်ပြီး ခရိုင်-မြန်မာအသင်းအဖွဲ့က ၁၉၅၈ခုနှစ် ၃လပိုင်းမှာ တည်ထားတယ်လို့ ဆိုပါတယ်။ ရင်ပြင်တော်အကျယ် ၃၈၂စတုရန်းမီတာနဲ့ အမြင့် ၂၅မီတာ ရှိပါတယ်။ အတွင်းပိုင်းမှာ စစ်ပွဲမှာ ကျဆုံးသူတွေရဲ့ သေတန်းစာ၊ အဲဒီခေတ်ကာလက "ဟိုက်ကု"ကဗျာ၊ သေဆုံးသူတွေရဲ့ အသုံးအဆောင်ပစ္စည်း၊ စစ်တွင်းက မြန်မာပြည် ဓာတ်ပုံတွေအပြင် "တိုကုရှိမ"ကို (အမေရိကန်လေတပ်) ဗုံးကျဲတိုက်ခိုက်ခံရစဉ်က ဓာတ်ပုံတွေအပါအဝင် မှတ်တမ်းပေါင်း ၃၃၀ကျော်ကို ပြသထားပါတယ်။ ၃ထပ်မှာရှိတဲ့ သိမ်တော်ထဲမှာ မြန်မာပြည်က လှူဒါန်းထားတဲ့ ဗုဒ္ဓအရိုးပြာကို ပူဇော်ဌာပနာထားတယ်လို့ ဆိုပါတယ်။ ဝင်ကြေးက လူကြီး ယန်းနှစ်ရာနဲ့ ကလေး ယန်းတစ်ရာပါ။

(photo from wikimedia)


အင်တာနက်ထဲ ရှာလို့ရတဲ့ စေတီအတွင်းပိုင်းပုံတွေပါ တွဲတင်လိုက်ပါတယ်။
(from http://tokushima.travel.coocan.jp/tokushima/tokushima10022.htm)









မnu-san ရေးဖူးတဲ့ "ဂျပန်နိုင်ငံရှိ ရွှေတိဂုံဘုရား ပုံတူစေတီ"ပို့စ်ထဲမှာ "စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ပါတဲ့ ဘုရား"ဆိုတာဖတ်လိုက်ရတော့ အဲဒီကမ္ဘာအေးစေတီအကြောင်းလဲ ရှာဖတ်မိတယ်။ "ကီတကျူးရှူးမြို့" "မဲကရိ ပန်းခြံ"မှာ ၁၉၅၉ခုနှစ် ၉လပိုင်းမှာ တည်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီကမ္ဘာအေးစေတီနဲ့ ငြိမ်းချမ်းရေးစေတီက မရှေးမနှောင်း တည်ထားတာလို့ ထင်မိပါတယ်။ ကမ္ဘာအေးစေတီအကြောင်း ရှာဖွေထားတာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ငြိမ်းချမ်းရေးစေတီတည်ထားတဲ့ "ဘိဇံ ပန်းခြံ"ကလဲ ဆာခူရာ ပွင့်ချိန် မိုမိဂျိအရွက်တွေ အရောင်ပြောင်းချိန်မှာ အရမ်းလှပါတယ်။ ကျမတော့ အိမ်ကြီးရှင် ကျောင်းတက်ဖူးတဲ့ မြို့ကိုလဲ ရောက်ဖူးချင် ဘုရားကိုလဲ သွားချင်မို့ တနေ့နေ့တော့ ရောက်အောင်သွားမယ်လို့ စိတ်ကူးမိပါတယ်။


ကိုးကား
Wikipedia
http://www.fujitaec.or.jp/topics/20080605/index.html

6 comments:

Anonymous said...

ဂျပန်မှာလည်း ရွှေတဂုံဘုရား ပုံတူရှိတာပဲ ဂုဏ်ယူစရာ :) ပို့ စ်လေးတွေ ပြန်ညွှန်းထားပေးတာ ကျေးဇူး အစ်မ ။

nu-san said...

ညီမရေ.. တိုက်တိုက်ဆိုင်ဆိုင်.. ဂျပန်ရဲ့ ရွှေတိဂုံဘုရားပို့စ်တုန်းက အလှူငွေလှူလိုက်တာ .. အခု kagoshima မှာ ဘုရားပြီးသွားလို့ ဂုဏ်ပြုမှတ်တမ်းလိုမျိုး မနေ့ကပဲ စာတိုက်ကနေ အိမ်ကိုရောက်လာတယ်..

ညီမလေးပြောတဲ့ ငြိမ်းချမ်းရေးစေတီဆိုတာလည်း ဖူးချင်လိုက်တာ.. စေတီ အတွင်းပိုင်းပုံတွေပါ မြင်ရတော့ ပိုပြီးတောင် သွားဖူးချင်သေးတယ်။ အင်း.. သွားခွင့်ကြုံချင်ပါသေးတယ်.. :)

ရွှန်းမီ said...

ဘလော့ကနေ ဘုရားဖူးသွားတယ်
=)

ဇနိ said...

ဘုရားလာဖူးပါတယ် ညီမရေ.......
မဇနိ

Meengelay said...

အခုမှ ရောက်ဖူးပြီး စေတီတော်အကြောင်း ဖတ်သွားပါတယ်။ ဒီပိုစ်ဖတ်ပြီးမှ တိုကုရှိမမြို့မှာလဲ မြန်မာစေတီတည်ရှိတာ သိရတယ်။ ဖူးခွင့်ရတဲ့ အတွက် ကျေးဇူးပါ။
ကျွန်တော်လဲ ခိတကျူးရှူးကကမ္ဘာအေး စေတီတော်ကို သွားဖူးဖြစ်လို့ အဲဒီအကြောင်း မတောက်တစ်ခေါက်ရေးထားပါတယ်။

မြရွက်ဝေ said...

Meengelay ---> ဘလော့လာဖတ်တာ ကျေးဇူးတင်ပါတယ်အမ။ အမဘလော့မှာရေးထားတဲ့ ကမ္ဘာအေးစေတီအကြောင်းကို ဒီပို့စ်အောက်က လင့်မှာ ထည့်ထားတာ ပြုတ်နေလို့ ပြန်ပြင်ထားပါတယ်။ :))

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP