Saturday, July 12, 2008

"ဂျောက်ဂျောက်ဂျက်ဂျက်"


ソーイング
Geminiဖွား အာရုံများနေပြန်တာလေ။ အဲဒီတလော စာလဲမရေးချင်ဘူး။ သူများဘလော့တွေ လိုက်လည်ပေမယ့် ကိုယ့်ဘလော့လေးက ဖုန်တွေတက်လို့။ နာဂစ်သတင်းတွေကြည့်ပြီး စိတ်မတည်ငြိမ်တာလဲပါတယ်။ တနေ့တနေ့ ဘာလုပ်ရကောင်းမလဲဆိုပြီး စိတ်လေနေတာ။ စကားပြောဖော် သူငယ်ချင်းလဲမရှိလို့ ပျင်းတယ်လို့ ဂျီနေလို့ သူက Rakutenကနေ အပ်ချုပ်စက် တလုံးဝယ်ပေးတယ်။


"ဂျောက်ဂျောက်ဂျက်ဂျက် အပ်ချုပ်စက်"ဆိုတာ မောင်လေး နောက်ပြောင်ပြီး ပြောတဲ့စကားပါ။ ငယ်ငယ်တုန်းက ရွတ်ဖူးတဲ့ စက်ကြီး၁၃ပါးဂါထာ အလိုက်နဲ့ စက်ချုပ်နေတဲ့ သူ့အမကို လာနောက်တာ။ ဒီကောင်လေးတော့ ငရဲကြီးတော့မှာဘဲလို့ ရေရွတ်ပေမယ့် သူပြောတာကို အမြဲ သတိရနေတယ်။ စက်ကလေးရှိလာပြီဆိုတော့ အပျင်းပြေနဲ့ အချိန်မှီချုပ် အစုတ်သက်သာလေးတွေ လျှောက်လက်တည့်စမ်းတော့တာပေါ့။

အချုပ်အလုပ်လဲ အဲလောက်ရတာ မဟုတ်ပါဘူး။ ၁၀တန်းဖြေပြီး ကျောင်းတွေပိတ်ထားတုန်း အမကသင်ပေးမယ်ဆိုတာ အီလေးဆွဲနေတာ။ အမက စက်ချုပ်သင်ထားတာဆိုတော့ သူ့အသိတချို့ လာအပ်ကြတယ်။ အဲဒီတုန်းက ကျမတို့မြို့မှာ ၁၀တန်းဖြေပြီးရင် စက်ချုပ်သင်ကြတာများတယ်။ ကျောင်းတွေကလဲ ဘယ်တော့ပြန်ဖွင့်မယ်မှန်းလဲ မသိကြတော့ လက်မှုပညာလေးသင်ရင်း အချိန်ဖြုန်းနေကြတာ။ အမေလဲ ချုပ်တတ်ပါတယ်။ အမလို ခေတ်ပေါ်တွေတော့မရဘူးပေါ့။ အမက သင်ပေးမယ်ပြောတိုင်း ဟိုဆင်ခြေကန် ဒီဆင်ခြေကန်နဲ့ လပ်ယားလပ်ယားလုပ်နေတာ။ သင်ပေးမယ့်သူက သင်ပေးမယ်ပြောနေတာကို နေ့ရွှေ့ညရွှေ့လုပ်ရင်း ဗြုန်းစားကြီး အမ မော်လမြိုင်သွားပြီး ကျောင်းတက်ဖို့စာကျလာတယ်။ အဲဒီအခါမှ တပတ်အတွင်း အသည်းအသန် သင်ရတော့တယ်။ သင်တာတောင် ဂျီးပွလိုက်သေးတယ်။ ကိုယ်ချုပ်ဝတ်မယ့်ဟာဘဲ သင်တယ်။ ခေါင်းထဲမရောက်တာတွေ နောက်ပြန်ကြည့်ချုပ်ဖို့ စာအုပ်ထဲ ရေးထားလိုက်တယ်။

ဘလောက်စ်အင်္ကျီ၊ ဂါဝန်၊ စကတ်နဲ့ ကုတ်အင်္ကျီလောက် သင်လို့မှီလိုက်တယ်။ ဒါတောင် ကုတ်အင်္ကျီက အမ,မသွားခင် ညကျမှ စာတွေ့ဘဲ လုပ်လိုက်ရတာ။ ရင်ဖုံးအင်္ကျီတို့ ထဘီစကတ်တို့ဆိုတာ ဝေလာဝေးရော။ အမကျောင်းအားလပ်ရက်ပြန်လာတော့ ထဘီစကတ်ချုပ်တာ သင်ပေးတယ်။ အဲဒါလဲ ကောင်းကောင်းမတတ်ဖူး။ ဟိုညှိဒီညှိ စိတ်မရှည်တာလေ။ ဗိုက်ပူစာတွေ ဒေါင့်ဆွဲစာတွေနဲ့ ရှုပ်လို့။ ချုပ်တုန်းက အကောင်း၊ ဝတ်လိုက်မှ စွေသွားရင် အရမ်းစိတ်တိုပြီး ပစ်ထားလိုက်ရော။ စိတ်ပြေမှ ပြန်ကိုင်တယ်။ တခါတလေ လုံးဝမမြင်ရအောင် ချောင်ထိုးထားလိုက်တယ်။ နှစ်ပေါက်မှ ပြန်ထုတ်ပြင်တာမျိုးလဲရှိရဲ့။ (စိတ်ကြီးတယ်နော် ဟင်း!!)

ရှပ်အင်္ကျီချုပ်နည်းလဲ မသင်ပြန်ဘူး။ ကော်လာတပ်ရတဲ့ အင်္ကျီဆို စိတ်က မရှည်ပြန်ဘူးလေ။ ကိုယ်တိုင်လဲ ချုပ်ဝတ်ဖို့ စိတ်မကူးခဲ့ပါဘူး။ ဘယ်သူ့ကိုမှလဲ ချုပ်ပေးဖို့ စိတ်မကူးတာလဲပါတယ်။ အဲဒီတုန်းကပါ။ သူနဲ့တွေ့တော့ ချုပ်တတ်ချင်လာတယ်။ အဲဒီကျမှ ကိုယ့်ဘာသာ စာအုပ်တွေထဲ လိုက်ရှာဖတ်၊ စက္ကူနဲ့ အရင်ညှပ်၊ နောက်ဆုံးမှ ပိတ်စပေါ် ချညှပ်ရတယ်။ ပထမဆုံးချုပ်ပေးဖြစ်တာ ရှပ်အင်္ကျီ ရေညှိစိမ်းအကွက်ကလေး။ သူက ဘာမှအထွေအထူး မပြောဘဲဝတ်ပေမယ့် သူ့အမေမီးပူတိုက်တော့ "ဟယ်! အင်္ကျီက ဘယ်လိုဖြစ်လို့ ဂုတ်ပိုးတစ်ထပ်ပဲရှိရတာလဲ"တဲ့။ အဟီး ရှပ်အင်္ကျီက အမြဲဂုတ်ပိုးနှစ်ထပ်ရှိတာလေ။ ကျမက ရှုပ်လို့ ညှိရခက်လို့ တစ်ထပ်ဘဲချုပ်ထားတာ။ (စိတ်က သိပ်ရှည်တာနော် ) အဲဒီနောက်ပိုင်း သူ့အတွက်ဆို အိမ်နေအင်္ကျီဘဲ ချုပ်ပေးဖြစ်တော့တယ်။ ကျောင်းတုန်းက စက်နဲနဲပါးပါး ချုပ်တတ်တယ်ဆိုတာသိတော့ အိမ်ပြန်ရင် ယူသွားပါဆိုပြီး သူငယ်ချင်းတွေက ချုပ်ခိုင်းကြတယ်။ ကျမက စည်းကမ်းချက် ၄ချက်ကို ကြိုပြောထားပါတယ်။ ဈေးကြီးတဲ့ပိတ်စ မဖြစ်ရ၊ ခက်ခက်ခဲခဲပုံ မဖြစ်ရ၊ ဂျီးမများရ၊ ပျက်သွားလဲ ကိစ္စမရှိဆိုမှလို့။ မဟုတ်ရင် ချုပ်လဲချုပ်ပေးရ အပြောလဲခံရဦးမယ်လေ။

အပ်ချုပ်စက်ရလာပြီးတော့ ပိတ်စလဲ အင်တာနက်မှာဘဲ လိုက်ရှာဝယ်တယ်။ အပြင်မှာ ပိတ်စဆိုင်ဘယ်မှာရှိမှန်း မသိတာလဲပါတယ်။ စချုပ်တာနဲ့ အခက်တွေ့တော့တာဘဲ။ သင်တုန်းက လက်မစကေးအတိုင်းနဲ့သင်ထားတာ။ ဒီမှာက စင်တီမီတာပေတံတွေဘဲရှိတယ်။ ကိုယ်သိထားတဲ့အတိုင်းတွေကို စင်တီမီတာပြောင်းတွက်ရနဲ့ တစ်ယောက်ထဲ ရှုပ်နေတာလေ။ ပထမဆုံးချုပ်ဖြစ်တာက ဒီဂါဝန်။ စင်တီမီတာနဲ့ လက်မစကေးကြားရှုပ်ပြီး အကြီးကြီးချုပ်မိသွားလို့ မီးပုံးပျံဂါဝန်ဖြစ်သွားတယ်။ ဗိုက်ဗိုက်ပူမှ ဝတ်ရမယ့်ကိန်း ဖြစ်နေပြီ။



ပိုတဲ့အစလေးနဲ့ ipod အတွက်လဲ အင်္ကျီတထည်။



ဒါက エコ(eco) လို့ပြောရမယ်။ အိပ်ယာခင်းဝယ်တော့ ရေမြှုပ်မွှေ့ယာစွတ်ဖို့ အစွတ်ပါပါလာတာ သုံးလဲမသုံးဖြစ်ဘဲ ဒီအတိုင်းထားထားတာကို စင်အစွတ် ပြောင်းချုပ်လိုက်တယ်။ ရှုပ်ပွထနေတာတွေကို မမြင်ရအောင် ကာထားတာလေ။



ဒါက အတွင်းဘက်လိုက်ကာအထူ။ အရင်က သူဖြစ်သလို ပိတ်စနဲ့ကာထားတာ။ လိုက်ကာဝယ်ဖို့ သွားကြည့်တိုင်း တခါးအပေါက်၂ခုက အမြင့်မတူလို့ စိတ်တိုင်းကျမရဘူး။ ရတဲ့ဆိုင်ကျတော့လဲ ဈေးကြီးလိုက်တာ။ ဝယ်လာမိတာက အနံလွန်ပြီး အလျှားတိုနေတယ်။ ဒါနဲ့ကိုယ့်ဘာသာဘဲ ပိတ်စမှာပြီး ချုပ်လိုက်တော့တယ်။ အကောင်းလှကြီးမဟုတ်ပေမယ့် မဆိုးပါဘူး သူကတော့ ခုမှ လူနေအိမ်နဲ့တူလာပြီတဲ့။ (ဟွန်း!အရင်က ဘာတွေနေနေတာကျနေမှန်းမသိဘူး။)



အပြင်ဘက် လိုက်ကာအပါးစ။



ဒါက ချုပ်ပြီး သဘောကျလို့ ခဏခဏဝတ်နေတဲ့ အင်္ကျီ။ ယဉ်ယဉ်လေးနဲ့ ရူး အဲ လှတယ်လို့ပြောနော်။



ဒါသူ့အတွက် အိမ်နေ ဝတ်စုံ & ပိုတဲ့အစကို ဟိုဖြတ်ဆက် ဒီဖြတ်ဆက်နဲ့ ကျမအတွက်။



အင်းမ်... ဘာထပ်ချုပ်ရကောင်းမလဲ စဉ်းစားလို့မရသေးဘူး။ လောလောဆယ် ဒီအတိုင်း ထားထားလိုက်ဦးမယ်။ ဒီလိုနဲ့ ပိတ်စတွေ နှစ်ပေါက်ပြန်ဦးမလားမသိ။ ဒါမှမဟုတ် ဘလော့ လည်လည်လာတဲ့ မမ၊ညီမတွေကိုလည်း အိမ်နေရင်းအင်္ကျီ ချုပ်ပေးရင် ကောင်းမလား!! (အပြင်သွားရင် ဝတ်ဖို့ဆို ကိုယ့်လက်ရာ ကိုယ်သိမို့ အိမ်နေလို့ပြောတာ။) အပေါ်က အချက်၎ချက်ကို သဘူတောရင်ပေါ့။ အင်တာနက်ပေါ်မှာ ချုပ်ပေးမယ်လေ။ emailလို e-cloth လေးတွေ ပို့လိုက်မယ်။ အပ်သူများလာရင် ဘလော့ထိပ်မှာ ကြော်ငြာကပ်ထားလိုက်မယ်။ "e-စက်ချုပ်လက်ခံသည်"လို့။

10 comments:

diLo said...

Hee..
sis..lat ya kg ei..
me me dilo wan order..!
can i?perhaps the blue blue pajamas style?or the curtain :P

ps:mama..reali..is a good wifey naw..
knows everything from cooking to sewing..how lucky is ur 8thugyi :P

ဇနိ said...

ညီမရေ အမအတွက်
ခန်းဆီး (၁) စုံ၊
ချည်သားပါးပါးလေး အိမ်နေရင်းဝတ် (၁)ထည်၊
ခေါင်းအုံးစွပ် (၁) စုံ၊ ခေါင်းအုံးက အခု (၁)လုံးပဲရှိတာ။ ကိုဇနိလာရင် (၁)လုံးတိုးရအောင်လို့။ ဟဲ ဟဲ စိတ်ကူးယဉ်ကြည့်တာပါ။
လက်ရာစိတ်ချပြီး မှာတယ်နော်။
မြန်မြန်လေးလဲ ချုပ်ပေးနော်။ :P
မဇနိက ရင်ဖုံးလည်း ချုပ်တတ်တယ်။ :P
မဇနိ

myatnoe said...

တို့အတွက် ၁ထည် ဂါဝန်လေး လေ.. အခု အိုက်တော့ အတော်ပဲ
e-order ပါ

ကိုရင်ညိန်း said...

အစ်မရေ ကျုပ်ကို ကပ္ပိယ ၀တ်စုံလေးတစ်စုံလောက်ဗျာ အခုဟာက ညစ်နေပြီဗျ ။ ဆွမ်းခံထွက်ရင် ရှက်စရာကြီး ။ အဟေးဟေး မပြင်မဆင် ရယ်ဒီ ၀တ်လို့ရအောင်ပြောတာနော ။ ပိတ်စဖိုးလည်း အစ်မပဲစိုက်ဗျာ ။ လက်ခကတော့ ရွာဦးကျောင်း အလှူရှိရင် အစ်မတို့အတွက် သာဓုပိုခေါ်ပေးမယ် ။ အဟေးဟေး

Taungoo said...

အမမြ
ကျွန်တော့်ဖို့ သုံးရာသီလုံး ဝတ်လို့ရတဲ့ တစ်စုံတည်းသော ဝတ်စုံချုပ်ပေးပါ
နေပူရင်လည်း အေးရမယ်
မိုးရွာရင်လည်း ရေမစိုရဘူး
နှင်းတွေကျနေရင်လည်း နွေးရမယ်
ပြီးရင် ကိုယ်စားလှယ်ယူပြီး ပြန်ဖြန့်မလို့

မေတ္တာဖြင့်

khin oo may said...

ညီမလေးချူပ်ထားတဲ.အကျီတွေ ကြည်.ပြီးတော.ထုံးစံအတိုင်းပေါက်တတ်ကရတွေ တွေးတော.တာပေါ.

ဗိုက်ကလေးပူမှ ဝတ်လို.ရမယ် ဆိုတာရယ်။

ထမင်းစားပွဲ လုပ်တာ ဖင်ထိုင်ခုံလေးဖြစ်သွားတယ် ဆိုတဲ.လက်သမားဆရာရယ်။

မင်းလူဝတ်ထုထဲ ကလှထုံလို ပုဆိုး သွားချူပ်တာ အတိုင်းမပါသွားလို.ပြန်လာတယ် ဆိုတာရယ်။

မောင်ကောင်းထက်ဝထုတဲက အပ်ချူပ်ဆရာတွေရယ်။ လာချူပ်သူကို ဘာချူပ်ချင်တာလဲ ကျွန်တော်တို.ဆိုင်က လူတွေ အားလုံးအကောင်းဆုံးချူပ်တတ်ပါတယ်။ လာအပ်သူက ဆရာနဲ.မှ ချုပိချင်တာဆိုတော။ ဟာ အစ အကောင်းစားကြီး ပုဆိုးချူပ်မလို.လား ကျွန်တော်က ပုဆိုးဘဲ ချူပ်တတ်တာ ဆိုတု.ရယ်စရာတွေ. အစုံပေါ.။

ညီမလက်ရာလေးကောင်းတယ်။အစ်မ ကတော.ထုူံ့းစံအတိုင်း အိမ်ထောင်မှူနိုင်တယ်ဆိုတော. စကဒ်က အနားပြေသွားလို.ပြန်ချူပ်တာတောင်ချူပ်ရာတွေ ပေါ်ါနေလို.။ အဟက်။

မောင်မျိုး said...

အီးစက်ချုပ်လက်ခံသည်ဆိုတော့ ကျနော်လည်း အပ်ချင်တယ့်  ipod အတွက်လဲ အင်္ကျီတစ်ထည် ကျနော်လည်း လိုချင်လိုက်တာ ခဏခဏ ပြုတ်ကျနေလို့း)

nu-san said...

အင်္ကျီလေးတွေ ချုပ်ထားတာ လှတယ်ညီမလေးရေ.. အမ ၁၀ တန်းအောင်တုန်းက ချုပ်လိုက်သေးတယ်.. သူများကို ချုပ်ပေးတာ ပြန်လျော်ပေးရတာနဲ့ မကာလို့ အမေက သမီးရယ် နင်သူများအပ်ထည်တွေ လက်ခံပြီး မချုပ်ပါနဲ့တော့တဲ့.. လျော်ရတာများလွန်းလို့ပါလို့ တားယူရတဲ့အထိပဲ.. အဟီးး ခဏခဏ မှားညှပ်မိလို့လေ.. အဲဒါပိုက်ဆံယူပြီး ချုပ်ပေးတာ မဟုတ်ဘူး အလကားချုပ်ပေးပြီး ကိုယ်က ပြန်ပြန်လျော်ပေးရတာ.. အဲဒီလောက်အထိတော်တာ.. အခုတော့ အကုန်မေ့ကုန်ပါပြီ။ အိမ်နေရင်း အင်္ကျီလေးတွေတော့ အပ်ချင်သား။ အိမ်နားနီးရင်ကောင်းမယ်နော်.. :)

မြရွက်ဝေ said...

ညီမDilo---> အိမ်ရှင်မပီသလာလား မလာလားတော့ မပြောတတ်ဘူး။ သယ်ရင်းတွေ တစ်ယောက်မှက အမဒီလို ချက်ပြုတ်နေတာ ဘယ်သူမှ ယုံကြဘူးဂျ။ ဘယ်ယုံမှာလဲ ကိုယ်လဲသူတို့နဲ့နေတုန်း ခေါက်ဆွဲပြုတ်ဘဲ စားနေတာ များတာကိုး။ :D

မဇနိ--->အော်ဒါတွေအများကြီးပါလား! မမနိကမှ ပိုတောင်ချုပ်တတ်သေးတယ်။ ကိုနိက လဲ မနိလက်ရာမှ ဝတ်ချင်မှာ မြေကြီးလက်ပုတ်မလွဲပဲ သေချာတယ်ဗျို့။

မမြတ်နိုး---> ကိုယ်တိုင်းပြောဦးလေ။ မော်ဒယ်တွေရဲ့ အတိုင်းနဲ့ အတူတူဘဲထင်တယ်။

ကိုရင်ညိမ်း---> ကပ္ပိယ ၀တ်စုံအတွက် ချည်ဖြူစ ရှာမရလို့ လိုက်ကာစနဲ့ ချုပ်ပေးလိုက်မယ်နော်။:D

ကိုတောင်ငူ---> စကားထာဝှက်သွားတာလားဟင်?

မခင်ဦးမေ---> မမက အိမ်ထောင်မှု နိုင်မနိုင်တော့ သေချာမသိဘူး မမရဲ့ KMSL ကိုနိုင်တာတော့ သေချာတယ်။ အဲဒါနဲ့တင် အရမ်းတော်နေပြီ။ :D

မောင်မျိုး---> ipodကိုယ်တိုင်းပြောလေ။ ပိန်လား ဝလား?

မnu-san---> ညီမလို စည်းကမ်းချက်တွေ ထုတ်ထားလိုက်ပေါ့။ မဟုတ်ရင် ချုပ်လဲချုပ် လျော်လဲလျော်ဆိုတော့ မကိုက်ပါဘူး။ တိုကျိုလာလည်ရင် ဝင်လည်လေ။ အဲဒီအခါကျ ချုပ်ပေးမယ်။

ရွှန်းမီ said...

wow.. လှလှလေးတွေ..
မီလဲ လာအပ်မှပဲ .. :-)
မီဆို ခန်းဆီးတောင် မချုပ်တတ်သေးဘူး .. ။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP