Thursday, July 3, 2008

တူနှစ်ကိုယ်


မခင်ဦးမေဆီက သွားနှုတ်တဲ့အကြောင်း ဖတ်ပြီး ဒီမှာ သွားဆေးခန်း ပြတာ သတိရလို့ ရေးလိုက်တာ။ ရန်ကုန်မှာကတည်းက သွားစစ်ဆေးရေး လုပ်သွားမယ်ဆိုတာ ဟိုလှည့်ဒီလှည့်နဲ့ဆေးခန်းမသွားလိုက်ရဘူး။ အံဆုံး၎ချောင်းမှာ တစ်ချောင်းက ဘယ်ကတည်းက မှန်းမသိ သွားမျက်နှာပြင်အားလုံးပေါ်အောင် ပေါက်ပြီးနေပြီ။ ဒုက္ခပေးတတ်တာ ကျန်သုံးချောင်း။ တက္ကသိုလ် ပထမနှစ်စကတည်းက တပြိုင်တည်းထွက်နေတာ တခါထွက်ရင် နဲနဲနဲ့ ခုထိ ထွက်လို့မပြီးသေးဘူး။ သွားတစ်ချောင်း စထွက်လို့နာလာပြီး နောက်တစ်ရက်ခြားလောက်ကြာတာနဲ့ ကျန် နှစ်ချောင်းကပါ လိုက်ထွက်တော့တာဘဲ။ ဘယ့်နှယ့်! သွားတဘက်နာလို့ ကျန်တဘက်နဲ့ ထမင်းဝါးရမလားမှတ်တယ် သုံးချောင်းလုံး ပြိုင်ထွက်တော့ ကျွတ်တော့တာဘဲ။ ရှေ့သွားနဲ့ ထမင်းဝါးရတယ်။ ထမင်းတခါစားရင် ပြီးပါလေရော။ ပါးစပ်မဟနိုင်အောင်နာတဲ့နေ့များ ခေါက်ဆွဲပြုတ်စားတာတောင် ဝါးလို့မပြတ်ဘူး။ အမေနဲ့ ခွဲပြီး အဆောင်မှာလာနေရကတည်းက အားငယ်ရတဲ့အထဲ သွားကြောင့် ထမင်းလည်းစားမရတော့ နေ့တိုင်း ခြင်ထောင်ထဲမှာ မျက်ရည်နဲ့မျက်ခွက်။ တကြိမ်သွားထွက်ရင် နှစ်ပတ်ကျော်လောက်ကြာတယ်။ ပြီးရင် လနဲ့ချီပြီး ငြိမ်နေပြန်ရော။ ခုတောင် နာနေသေးတယ်။ နှစ်ချောင်းက လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြီးပေမယ့် တစ်ချောင်းက မပြီးသေးဘူး။ ဒီရောက်ပြီး သွားဆေးခန်း စသွားရတာ ကျမမဟုတ်ဘူး၊ အိမ်ကြီးရှင်။

သွားနာတယ်! နာတယ်! ပြောနေလို့ ကြည့်ကြည့်တာ အံဆုံးက ပိုးစားပြီး ဂလောင်ပေါက်ဖြစ်နေပြီ။ ဟယ်! ဒီလောက်ဖြစ်နေတာ ဆေးခန်းသွားပြပြီး နှုတ်လိုက်ပေါ့လို့ပြောတာ မရဘူး။ အမြဲမနာပါဘူးဆိုပြီး ပေကပ်ကပ်လုပ်နေတာ။ ကျမက "နှုတ်"လို့ပြောလိုက်တာနဲ့ သူ့မျက်နှာ "ရှုံ့"သွားတာလေ။ သတ္တိက အပြည့်ဘဲ။ အဲလိုဘဲ နေ့ရွှေ့ညရွှေ့လုပ်နေရင်း မခံနိုင်အောင် နာလာတော့တယ်။ အဲဒီအခါမှ ဆေးခန်းရှာရတယ်။ အရင်ဆုံး အင်တာနက်ထဲဝင်ပြီး http://local.google.co.jp/မှာ ကိုယ့်အိမ်လိပ်စာနဲ့ အနီးဆုံး သွားဆေးခန်းတွေလိုက်ရှာတယ်။ (ကိုယ့်အိမ်ပတ်ဝန်းကျင် ဗဟုသုတ အဲလောက်များတာလေ။) တွေ့တဲ့လိပ်စာတွေ မှတ်ထားပြီး ဖုန်းဆက်မေး၊ ဆေးခန်းဘက်က လက်ခံမှ သွားလို့ရတယ်။ ဒီမှာ အဲလို ကြိုတင်ဘွတ်ကင်လုပ်မထားရင် လက်မခံတာတွေ ရှိတယ်။ တနေ့ လူနာ ဘယ်နှစ်ယောက်နှုန်းနဲ့ အချိန်အကျနဲ့ လုပ်ကြတာ။ ပြီးတော့ ကျန်းမာရေး အာမခံကတ်ပါ တခါထဲယူလာဖို့ မှာတယ်။ သူ့အလုပ်ကနေ ဆေးခန်း တစ်ခုကို ဖုန်းဆက်မေးတော့ ဒီနေ့မရဘူးဆိုတာနဲ့ နောက်တခုဆီ ဆက်တော့ OKတယ်။ ညနေ ၅နာရီ အရောက်လာပါဆိုလို့ နေ့တဝက်ခွင့်ယူပြီး သူပြန်လာတယ်။ ဆေးခန်းက အိမ်နဲ့နီးနီးလေးပါ။ သုံးမိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ ရောက်တယ်။ လိုက်ပေးရမလားလို့ သူ့ကိုမေးရသေးတယ်။ ~~အင်း~~တဲ့။ လိုက်ခဲ့ဆိုတော့ လိုက်ပေးရတာပေါ့။ ညနေစောင်းတော့ နေမပူတော့တာကို သူက ထီးကောက်ယူနေတော့ ယူပေ့စေ လွှတ်ထားလိုက်တယ်။ သွားနှုတ်ရမှာ ကြောက်ပြီး လုပ်ချင်ရာလုပ်နေတာ။

ကျမက သူ့ဘေးကလိုက်ပြီး မချိုမချဉ်မျက်နှာကို မနည်း မျက်နှာပိုး သတ်နေရတယ်။ ဒီလောက် ကိုယ်ခန္ဓာနဲ့ သွားတစ်ချောင်း နှုတ်တာကို အကြောက်ထူနေတာ ရီချင်လို့။ ဆေးခန်းလဲရောက်ရော ပထမဆုံး အဝင်ဝနားက စားပွဲပေါ်မှာတင်ထားတဲ့ လျှောက်လွှာစာရွက်မှာ အရင် စာရေးဖြည့်ရတယ်။ အမည်၊ အသက်၊ လိပ်စာ ဘာဘာညာညာကတော့ ကိုယ့်နိုင်ငံမှာလည်း ပြောရတာဆိုတော့ အတူတူဘဲပေါ့လေ။ ကိုယ့်ဘာသာ ရေးရတာ တခုဘဲ။ မတူတာက အဲဒါတွေအပြင် ရွေးရတဲ့ မေးခွန်းတွေ တသီကြီး အောက်မှာပါတယ်။ နာတဲ့သွားနေရာ၊ ဘယ်လောက်ကြာတာ၊ ဘာဖြစ်တာ၊ ဘာရောဂါ(သွေးတိုး/ ဆီးချို/ဘီပိုး/စီပိုး)ရှိလား မရှိလား၊ ဓာတ်မတည့်တဲ့ဆေး ဘာရှိလဲ စုံတကာစေ့လို့။ ဘာလုပ်ချင်တာလဲ- ဆိုလိုတာက နာတဲ့သွားကိုဘဲ ကြည့်ပေးရမလား? တခြားသွားတွေ စစ်ဆေးချင်သလား? အားလုံး ဖြည့်ရတယ်။ ကျန်သွားတွေကိုပါ စစ်ချင်ရင် စစ်ခ ထည့်တွက်တာလေ။ ဆရာဝန်က အဲဒါကို ဖတ်ပြီး ကြည့်ပေးတာ။ ဘာမှ မေးခွန်း များများစားစားမမေးဘူး။ သူအဲဒါဖြည့်နေတုန်း ဘေးကနေ ကြည့်ပေမယ့် အားလုံးနားမလည်ပါဘူး။ ဒီလောက်ခန်းဂျီးတွေ မဖတ်တတ်ဘူး။ ကျမ သွားသွေးထွက်လို့ ဆေးခန်းပြရတဲ့အလှည့်ရောက်မှ သူက ဖြည့်ပေးရင်း မေးခွန်းလှမ်းမေးလို့မှ သဘောပေါက်တာ။ ဪ ဂျပန်မှာ ဂျပန်စာမတတ်ရင် ရွာလည်နေတော့မှာဘဲနော်။

ဖြည့်ထားတဲ့ စာရွက်နဲ့ ကျန်းမာရေးအာမခံကဒ်ကို တွဲပြီး ကောင်တာမှာပေးတော့ သူတို့က ကွန်ပြူတာနဲ့ ကျန်းမာရေးအာမခံကဒ်ကို စစ်ဆေးစာရင်းသွင်းတယ်။ (အဲဒါရဲ့ ရှင်းတမ်းက နောက်မှ အိမ်ကိုလာတာ။)ကြုံတုန်း ကျန်းမာရေး အာမခံကုမ္ပဏီကပြန်လာတဲ့ ရှင်းတမ်းအကြောင်း အရင်ပြောပြချင်ပါတယ်။ ဆေးခန်းပြတိုင်း ပိုက်ဆံချေပြီးရင်ရတဲ့ ဘောက်ချာအောက်နားမှာ မှတ်ချက်ပါတယ်။ ဒီဘောက်ချာကို သေချာခေါက်သိမ်းထားပါတဲ့။ ဘာမှန်းနားမလည်ပေမယ့် သိမ်းဆိုတော့လည်း သိမ်းထားရတာပေါ့။ ဆေးခန်းပြရင် လအသစ်စတိုင်း ကျန်းမာရေး အာမခံကတ်ပါတွဲပြရတယ်။ လတိုင်း လခကနေ ကျန်းမာရေး အာမခံခဖြတ်ထားတော့ ဆေးခန်းပြရင် ကျသင့်ငွေရဲ့ ၃၀%ဘဲ ဆောင်ရတာပါ။ ဆေးခန်းက ကျန်တဲ့ ၇၀%ကို ကျန်းမာရေး အာမခံကုမ္ပဏီက ပြန်ရပါတယ်။ ဒါကြောင့် ကျန်းမာရေး အာမခံကတ်မရှိရင် ဆေးခန်းအတော်များများက လက်မခံပါဘူး။ လက်ငင်းငွေမချေနိုင်မှာ စိုးလို့ပါ။ ဆေးခန်းပြပြီး တလနေရင် ကျန်းမာရေး အာမခံကုမ္ပဏီကနေ ရှင်းတမ်းအကြောင်းကြားစာ ရောက်လာပါတယ်။


အမည်ရယ်၊ ဆေးခန်းပြနဲ့ ခုနှစ်/လရယ်၊ ပြတဲ့အကြိမ်ရေရယ်၊ ဆေးခန်းအမည်၊ တကယ်ကျတဲ့ ကုသစရိတ်၊ ကျန်းမာရေး အာမခံကုမ္ပဏီက ကျခံတာရယ်၊ ကိုယ်တိုင်ဆေးခန်းမှာ ပေးချေခဲ့တာရယ် စတဲ့အသေးစိတ်ကို ရေးထားတယ်။ ဒါကိုလဲ သေချာ သိမ်းထားပါဆိုတော့ သိမ်းရပြန်တယ်။ ဘာအတွက်မှန်းမသိပေမယ့် တချိန်ချိန် အသုံးလိုမယ်ထင်ရတာဘဲ။

ဆေးခန်းကို အပြင်ဘက်ကကြည့်တော့ အဝင်ဝ ကျဉ်းကျဉ်းလေးမို့ အခန်းထဲမှာလဲ ကျဉ်းမယ်မှတ်တာ ထင်တာနဲ့ တခြားစီဖြစ်သွားတယ်။ တော်တော်လဲ သန့်ရှင်းပါတယ်။ ဆေးရုံဆေးခန်းတွေမှာ ရတတ်တဲ့ ပိုးသတ်ဆေးနံ့လဲမရပါဘူး။ reception ရှေ့ လူနာထိုင်စောင့်တဲ့နေရာမှာတောင် TVနဲ့ DVDနဲ့ ကာတွန်းကားအခွေတွေ ချထားပေးပြီး စိတ်ကြိုက်ဖွင့်ကြည့်ပါလို့ စာကပ်ထားတယ်။ ကလေးတွေ လာပြရင်ငြိမ်အောင်လို့ထင်ပါတယ်။ တီးလုံးသံ ငြိမ့်ငြိမ့်လေးလဲ အမြဲဖွင့်ထားပါတယ်။ ဆေးခန်းအတွင်းခန်းထဲမှာ set အလိုက် အစုံပါတဲ့ သွားနှုတ်ထိုင်ခုံနဲ့စင်တွဲရက် ၃ခုံတောင် ရှိတယ်။ အတွင်းဘက်အကျဆုံးခုံဘေးမှာ အကာနဲနဲလုပ်ထားပြီး လေဆာစက် အဓိကသုံးလို့ Radiation သတိပေးစာကပ်ထားတာတွေ့တယ်။ ဒီသွားနှုတ်ထိုင်ခုံတွေရဲ့ အနောက်ဘက် အခန်းလေးတခန်းထဲမှာတော့ သွားဓာတ်မှန်စက်ရှိတယ်။ ဆေးခန်းစပြတော့ သွားမနှုတ်ခင် သွားဓာတ်မှန်အရင်ရိုက်ရတယ်။ ကျမတုန်းကလည်း အတူတူပါဘဲ။ သွားနှုတ်တာမဟုတ်လဲ သွားအခြေအနေတွေကြည့်ဖို့ ရိုက်ရတယ်ထင်ပါတယ်။ မေးလေးတင်ပြီးရိုက်၊ ခဏနေရင် ပုံထွက်လာပြီ။ ဆရာဝန်က အဲဒါလေးကြည့်ပြီး ဘာလုပ်မယ်ပြောတယ်။ ဆရာဝန်က အိမ်ကြီးရှင်ကို ဘိုလိုလာပြောသေးတယ်တဲ့။ ဂျပန်စကားတတ်တယ်ဆိုမှ ဂျပန်လို ဆက်ပြောတယ်။ ကြည့်ရတာ အင်္ဂလိပ်လိုလဲ ကျွမ်းပုံရတယ်လို့ သူကပြောတယ်။ အင်းမ်... ဂျပန်လို သိပ်မပြောတတ်သူတွေအတွက် ဒီလိုဆရာဝန်နဲ့ဆို အတော်အဆင်ပြေမယ်ထင်တယ်။ ကျမလို ဘိုလိုလည်းမတတ် ဂျပန်လိုလည်းမကျွမ်းသူအဖို့တော့ သူမပါရင် မလွယ်လောက်ဘူး။ (အားကိုးဘာဒယ်နော့)

သူသွားနှုတ်ပြီးတော့ တပတ်တခါ ဆေးခန်းကချိန်းတဲ့ရက်အတိုင်း ပြနေရတဲ့ကြား ကျမလဲ စွယ်သွားက ထပ်ပေါက်တဲ့နေရာက သွားတိုက်တိုင်း သွေးထွက်လို့ သူနဲ့အတူလိုက်ပြပါတယ်။ သူ့လိုဘဲ ကျန်သွားတွေကိုပါ စစ်ဆေးဖို့ဖြည့်ထားတော့ တပတ်တခါ အတူ ဆေးခန်းသွားကြတယ်။ ၂လလောက်နေတော့ တပတ်တခါ မချိန်းတော့ဘဲ တလ၂ခါ ချိန်းပါတယ်။ ခုနောက်ပိုင်းတော့ maintenance အတွက်ဆိုပြီး တလတခါ ပြရတယ်။ ပြီးခဲ့တဲ့လကပြတော့ ဆရာဝန်က စက်နဲ့သွားတိုက်ပေးလိုက်တယ်။ "အမေ့သမီးတို့ ဂျပန်မှာ သွားဆေးခန်းသွားပြီး သွားတိုက်နေတယ်"လို့ အိမ်ကိုဖုန်းဆက်ပြောရင်းတောင် ရီနေရသေးတယ်။ တူနှစ်ကိုယ် ဘုရားသွားကျောင်းတက်မဟုတ်ဘဲ ဆေးခန်းသွားကြတာလေ။ ဆရာဝန်ချိန်းနေသ၍တော့ သွားနေရဦးမှာထင်ပါတယ်။


9 comments:

nu-san said...

အဲတော့.. အမတော့ အဲဒီ စာရွက်တွေ အားလုံး လွှတ်ပစ်တယ်.. :O

ဒီက သွားဆရာဝန်က အင်္ဂလိပ်လို မပြောဘူးတော့.. အဲဒါဆိုတော့ အမအမျိုးသား သွားပြဖို့အခန်းထဲဝင်ရင် အမပါ လိုက်ဝင်ရတယ်..ပြီးတော့ အမက dictionary လည်းဆောင်ထားရသေးတယ်။ အမျိုးသားက ဂျပန်စာသင်တန်းတက်ဖို့ ပြောလို့မရဘူး။ နည်းနည်းတော့ နားလည်တယ်.. ဆရာဝန်က ပြောလိုက်ရင် ခေါင်းညိတ်၊ ခေါင်းခါပဲ။ ညီမလေးတို့က ဂျပန်စာ နားလည်လို့တော်သေးတယ်နော်.. အမတို့က လုံးလုံးကို မသိတာ။ ကိုယ်သိတဲ့စကားလုံးတွေကျတော့ ဆရာဝန်က မပြောဘူးလေ.. :P တရက်သူ့ကို ထုံဆေးထိုးပေးမယ်လို့ပြောတာ အမတို့က ဆေးထိုးပေးမယ်ဆိုတာတော့ နားလည်တယ်... ထုံဆေးမှန်းမသိဘူးလေ.. အဲဒါဆိုတော့ တော်တော်လေး ရွာပတ်သွားတာပေါ့။ နောက်ဆုံး အသိတစ်ယောက်ဆီ ဖုန်းဆက်ပြီး ဆရာဝန်နဲ့ စကားပြောခိုင်းမှပဲ အဆင်ပြေသွားတော့တယ်.. အဖြစ်က အဲဒီလို..တခါတလေလည်း ဆေးခန်းထဲဝင်ရင် ၂ ယောက်တခါတည်းဝင်ပြီး ဆရာဝန်ပြောတာ တစ်ယောက်နဲ့ တစ်ယောက်ငြင်းခုန်နေရသေးတယ်.. :D အဲဒီလိုနဲ့ပဲ သူရဲ့ အံသွားကြီးကို operation လုပ်ပြီး ခွဲထုတ်ပစ်လိုက်ရတယ်.. အမက အလုပ်ရှိတော့ လိုက်မသွားနိုင်တော့ဘူး။ ဆရာဝန်က ဆောင်ရန်ရှောင်ရန်တွေကို အင်္ဂလိပ်လို စာရေးပြီး သူ့ကိုပြတယ်လေ.. ဆရာဝန်လည်း အမတို့နဲ့ကျမှပဲ အတော်လေး ဒုက္ခရောက်တော့တယ်.. :D

ဇနိ said...

“နှုတ်“ “ရှုံ့“ ဖြစ်တာ ဘယ်နှစ်ရက် ကြာသွားလဲဟင်။ အိမ်ကြီးရှင်က ထီးကောက်သွားဆွဲတာ ညီမက ရယ်နေတယ်ပေါ့။ ဟဟ အတော်ဆိုး။ တူနှစ်ကိုယ်မရှိတော့ တူတစ်ကိုယ်ထဲ သွားနှုတ်သွားရတယ်။ အားကိုးစရာမရှိ ငိုချင်ပ။ မဇနိတော့ အဲဒုက္ခပြီးသွားပြီ။ နောက် ဒီဘလော့ခ်ကို လာရင် လက်ကိုင်ပ၀ါပါဆောင်ထားရမယ်။ ပြောအားရှိတဲ့လူတွေက ပြောတော့ ငိုချင်ပါတယ်ကွယ်။
ပျော်ရွှင်ပါစေ ညီမရေ။
မဇနိ

မောင်မျိုး said...

အစ်မကလည်း ကိုယ်ဖြစ်တယ် ဆိုတုန်းကတော့ ငိုရယ်တယ်ဆိုပြီး အစ်ကို့  အလှည့်ကျ ရယ်နေတာပဲ ဟီးဟီးး သွားကိုက်တာတော်တော်ဆိုးတယ်ဗျ အငယ်တုန်းက အမေကအချစ်လွန်ပြီး ချို၂ အတိုက်လွန်လို့  သွားတွေကမလှမပ သွားပိုးကလည်း အခုချိန်ထိ ထတုန်း စိတ်ညစ်စရာကြီးဗျာ ဆားရေကြည်ငုံ အသားလေးတစ်ဖက်လောက် စားမိလို့ ကတော့ တစ်နေ့ လုံး လိမ့်နေအောင် ခံရတယ်း) ဒါပေမယ့် ဆေးခန်းတော့မသွားဘူး နှုတ်ခံရမှာကြောက်လို့  :P

( သီချင်းရတယ် အစ်မရေ့ ပို့ ပေးတာကျေးဇူးဗျ )

khin oo may said...

အပြောကောင်းတယ်

နွေလည် said...

ဒေါ်မို့လေး ရေးတတ်ပါ့

မြရွက်ဝေ said...

မnu-san---> အမျိုးသားကို မေးကြည့်တော့ အထူးသီးသန့် နယ်မြေခွန်နဲ့ မြို့တော်ခွန် (特別区民税.都民税)ဆောင်ဖို့ လျှောက်လွှာတင်ရတဲ့အခါ အဲလို အခွန်ဆောင်ထားတဲ့ စာရွက်တွေနဲ့ တွဲတင်ရင် အခွန်လျှော့ပေါ့ပေးတယ်ပြောတာဘဲ။ ညီမတစ်ယောက်ထဲဆို နားလည်မှာမဟုတ်ဘူးဂျ။ ဂျပန်ကလဲ စာရွက်စာတန်းတွေ အတော်ရှုပ်တာဘဲ။ သိမ်းထားရတဲ့ စာရွက်တွေ အိပ်တလုံးနဲ့ မနဲဘူးရယ်။

မဇနိ---> "ရှုံ့"နေတာ ဒဏ်ရာမကျက်မချင်းလေ။ :P

မောင်မျိုး---> အမငိုတာ ကြောက်လို့ဟုတ်ဘူး၊ အမေအနားမှာမရှိလို့ :D။ သွားနာတာမကြောက်ပေါင် ဆေးထိုးအပ်ဘဲ ကြောက်တာ။ ဒီမှာ သွားဆေးခန်းပြရင် မျက်လုံးပေါ် ပဝါအဖြူအမြဲ အုပ်ပေးထားတယ်။ အပေါ်က ပါးစပ်ထဲကြည့်တဲ့ မီးလုံး မျက်စေ့စူးမှာစိုးလို့လားတော့ မသိဘူး။ ဆေးထိုးအပ် ကိုင်ထားလဲ မမြင်ရဘူးဆိုတော့ ကောင်းတယ်။ :P

မခင်ဦးမေ---> မမက ပိုအပြောကောင်း၊ အမစာတွေဖတ်ရင် ရီရတယ်။ "သိတ် တော. ဘဝင် မမြင့် လိုက် ရ ပါဘူး လေ။ ကိုယ် မှ မချက် ဘဲ. အခု တော. ကိုယ်. လက် ခုပ် ထဲ ကရေ ပြန် ဖြစ် သွား ပါပြီ" ဆိုးတာမျိုးလေ။ :D

မမနွေလည်---> မမနွေလည်ရေးတာလောက် လုံးဝမမှီပါဘူးဂျာ။ နော် ချစ်မ။

My Wonderful Moral Thoughts said...

လာလည်တာကျေးဇူးပါ..
အရင်ကထဲက ဒီ Blog ကိုဖတ်ဖြစ်ပါတယ်။ မနှုတ်ဆက်ဖြစ်တာ... Posts လေးတွေ ရေးထားတာ ကိုကြိုက်တယ်.. Template လေးရောပဲ..

Keep it up!!
Soe Mya Nandar Thet Lwin

diLo said...

hehe..
tu nha ko..
nhar par twar pop :P

inn naw..
tooth and dentist consultation ..often burn big big hole in our pockets..!
it is equally expensive here ..in singapore

ရွှန်းမီ said...

=)

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP