တွေးကြည့်ရင် ကျမ သူများကို အတော်အားကိုးပါတယ်။ ကိုယ်တိုင်မလုပ်တတ် မလုပ်နိုင်လို့ အားကိုးတာရှိသလို လုပ်နိုင်ရဲ့သားနဲ့ အားကိုးတာလဲရှိတယ်။ သူငယ်ချင်းတွေနဲ့တုန်းကတော့ တခုခုဆို ဦးဆောင်ချင်တဲ့သူတွေရှိတော့ ကိုယ်က သူတို့ဦးဆောင်ရာနောက် လိုက်လိုက်ရင်ပြီးသွားရော။ ကိုယ့်ထက် ငယ်သူတွေဆိုပေမယ့်လည်း leader လုပ်နိုင်တဲ့လူမျိုးဆိုလဲ အားကိုးလိုက်တာပါဘဲ။ အဲ~ ကိုယ့်ကို အားကိုးမယ့်သူနဲ့တွေ့ရင်တော့ ကြောက်ကြောက်နဲ့ အရဲကိုးပြီး ဦးဆောင်ပါတယ်။
အိမ်ကြီးရှင် ရန်ကုန်မှာ အတူရှိတုန်းကဆို ဘယ်သွားချင်ချင် သူ့ကိုအားကိုးပါတယ်။ သူနဲ့ခွဲနေရတော့ ကိုယ့်ဘာသာ အားကိုးရတော့တယ်။ ခက်တာက အပြင်ကိစ္စတွေကိုဆို တယောက်ထဲ မသွားရဲ မလာရဲပါဘူး။ သယ်ချင်းတွေကလဲ သူ့အလုပ်နဲ့သူမို့ မအားကြတော့ဘူးလေ။ ဒီတော့ မောင်လေးကိုဘဲ ဆွဲခေါ်ပြီး သွားရတော့တယ်။ သူကလဲ နယ်ကလာတာမို့ ဘယ်ကားစီး ဘယ်ရောက် ဘယ်မှတ်တိုင်ဆင်း ဘာမှမသိ။ ဒါပေမယ့် တစ်ယောက်ထဲ ယောင်တောင်ပေါင်တောင် ဖြစ်နေတာထက် မောင်လေး ဘေးမှာရှိတော့ အားရှိတာအမှန်။ မောင်လေးက ဘာမှအကူမှမရပေမယ့် ကိုယ့်ဘေးမှာ အသိအကျွမ်း တယောက်ယောက်ရှိနေမှဆိုတဲ့ အားကိုးစိတ်လေးကြောင့်ပါ။ ဒီစိတ်ကြောင့်လဲ ခုချိန်ထိ အပြင်သွားဖို့အရေးဆို တယောက်ထဲ ဝေးဝေးလံလံ မသွားရဲပါဘူး။ အိမ်မှာနေရင်ကော ကိုယ့်အားကိုယ်ကိုးသလားဆို တတ်နိုင်သလောက် ကိုးပါတယ် ပြောရမယ်။ အမေနဲ့အတူဆိုရင်တော့ အမေ့ကို အားကိုးပြီး TTMYလုပ်ပါတယ်။ အမေနယ်ပြန်သွားတဲ့အခါတော့ ကိုယ့်ဘာသာ အားကိုးပါတယ်။
ကိုယ့်အိမ်ကိုယ့်ယာနဲ့ကျ သူ့ကို အားကိုးတယ်။ ကိုယ့်ဘာသာ မလုပ်နိုင်ဘူးထင်တဲ့ဟာမျိုးတွေဆို သူ့ကိုပြောရတယ်။ လျှပ်စစ်ပစ္စည်းနဲ့ ပတ်သက်တာတွေက လုံးဝမရတော့ သူလုပ်မှ ဖြစ်နိုင်တာမျိုးပါ။ တချို့ဟာတွေက ကိုယ်လုပ်နိုင်ရက်နဲ့ အားကိုးပြီး စောင့်နေတာမျိုးတွေရှိတယ်။ ပြီးမှ စိတ်မရှည်ပြီး ကိုယ့်ဘာသာ ကောက်လုပ်ပါတယ်။ ဟိုတလောက မျက်နှာသစ်တဲ့အခန်းနဲ့ Toiletအခန်းက exhaust fans အပေါက်တွေကို filterကပ်ဖို့ကျန်နေတာ သူ့ကိုပြောထားတာ တော်တော်နဲ့ မကပ်ဖြစ်ပါဘူး။ မီးဖိုချောင်ရဲ့ exhaust fanတုန်းက သူဘဲကပ်ပေးတာမို့ပါ။ စောင့်ရတာကြာလာတော့ ကိုယ့်ဘာသာဘဲ လှေကားထောင်ပြီး တပ်ကပ်လိုက်ပါတယ်။ ဘာမှလဲ ခက်ခက်ခဲခဲမဟုတ်သလို အချိန်လဲ မကုန်ပါဘူး။ အားကိုးနေတာမို့ ကြာနေတာပါ။
အခန်းလွတ်ထဲက စင်ကို ထမင်းစားခန်းထဲရွှေ့တော့လဲ အဲလိုပါဘဲ။ စင်က တော်တော်လေးပါတယ်။ ပစ္စည်းတွေ ချပြီးမှ ရွှေ့ရင်တော့လဲ ရပါတယ်။ ကွန်ပြူတာပစ္စည်းတွေ ထပ်တင်ထားတာမို့ မချချင်တာပါ။ ချတုန်း လွတ်ကျရင် တော်ကြာ အဆူခံရမယ်လေ။ ဒီအတိုင်း တွန်းရွှေ့ပါတယ်။ ဘီးတပ်ထားတယ်ဆိုပေမယ့် အတော်လေးတယ်။ ထမင်းစားအခန်းဝမှာ အထစ်ရှိတာမို့ အဲဒီတနေရာတော့ တော်တော်မရွှေ့ရတယ်။ မ,မနိုင်လိုက်တဲ့ တချက်မှာတော့ ကြမ်းမှာ အစင်းရာထင်သွားတယ်။ ကိုယ့်အားကိုယ်ကိုးတာမို့ ဒီလောက်တော့ရှိမှာပေါ့လေ။
ဟင်းချက်ဓား တုံးနေတာ ကြာနေပြီ။ အသစ်ထပ်ဝယ်မယ် စိတ်ကူးမိပေမယ့် မဝယ်ဖြစ်ဘူး။ ဓားတုံးတိုင်းသာ အသစ်ဝယ်ရရင် မဖြစ်သေးဘူး။ ဒါနဲ့ဘဲ ဓားသွေးကျောက်လေး ရှာဝယ်ဖြစ်သွားတယ်။ ကိုယ့်ဘာသာ နောက်ကျောက အညွှန်းဖတ်ပြီး သွေးလိုက်တာ မဆိုးပါဘူး။ သူ့ကို ဓားသွေးတတ်သလားဆိုတော့ ဟင်အင်းလို့ ဆိုပါတယ်။ ဓားသွေးတာတောင် မြင်ဖူးပုံမရဘူး။ ဓားမသွေးတတ်ပေသိ စိတ်ကူးပေါက်ရင် အိုးခွက်ပန်းကန်တွေဆေးပေးတတ်တာမို့ အားကိုးရပါတယ်လေ။
ကွန်ပြူတာနဲ့ပတ်သက်တာ အားလုံးကတော့ 100% သူ့အားကိုးရတာ အမှန်ပါ။ မိုးလေဝသကောင်းမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ရတာလဲ ပါတာပေါ့လေ။ ဒီနေ့တော့ သူ့"ဝယ်သာ"ကောင်းနေတာနဲ့ ဟောင်းနေတဲ့ ဘလော့လေးကို အင်္ကျီအသစ်လဲပေးလို့ အောင်မြင်သွားတယ်။ ကိုယ့်ဘာသာလုပ်ဖို့ကြံလဲ ကုဒ်တွေအကြောင်း ဘာမှနားမလည်တာလေ။ လျှောက်လုပ်ရင် လင့်တွေပျောက်ကုန်မယ်လို့လဲ ပြောထားတာကိုး။ ခုတော့ သူ့အားကိုးနဲ့ ဘလော့လေး ဒီဇိုင်းပြောင်းလို့ရသွားလို့ တော်တော်ကျေနပ်သွားတယ်။ "အာရိဂတိုးနဲ~"
(အားကိုးပါရစေ.... အားကိုးပါရစေရှင့်...နော်
