Saturday, January 31, 2009

အားကိုး


တွေးကြည့်ရင် ကျမ သူများကို အတော်အားကိုးပါတယ်။ ကိုယ်တိုင်မလုပ်တတ် မလုပ်နိုင်လို့ အားကိုးတာရှိသလို လုပ်နိုင်ရဲ့သားနဲ့ အားကိုးတာလဲရှိတယ်။ သူငယ်ချင်းတွေနဲ့တုန်းကတော့ တခုခုဆို ဦးဆောင်ချင်တဲ့သူတွေရှိတော့ ကိုယ်က သူတို့ဦးဆောင်ရာနောက် လိုက်လိုက်ရင်ပြီးသွားရော။ ကိုယ့်ထက် ငယ်သူတွေဆိုပေမယ့်လည်း leader လုပ်နိုင်တဲ့လူမျိုးဆိုလဲ အားကိုးလိုက်တာပါဘဲ။ အဲ~ ကိုယ့်ကို အားကိုးမယ့်သူနဲ့တွေ့ရင်တော့ ကြောက်ကြောက်နဲ့ အရဲကိုးပြီး ဦးဆောင်ပါတယ်။

အိမ်ကြီးရှင် ရန်ကုန်မှာ အတူရှိတုန်းကဆို ဘယ်သွားချင်ချင် သူ့ကိုအားကိုးပါတယ်။ သူနဲ့ခွဲနေရတော့ ကိုယ့်ဘာသာ အားကိုးရတော့တယ်။ ခက်တာက အပြင်ကိစ္စတွေကိုဆို တယောက်ထဲ မသွားရဲ မလာရဲပါဘူး။ သယ်ချင်းတွေကလဲ သူ့အလုပ်နဲ့သူမို့ မအားကြတော့ဘူးလေ။ ဒီတော့ မောင်လေးကိုဘဲ ဆွဲခေါ်ပြီး သွားရတော့တယ်။ သူကလဲ နယ်ကလာတာမို့ ဘယ်ကားစီး ဘယ်ရောက် ဘယ်မှတ်တိုင်ဆင်း ဘာမှမသိ။ ဒါပေမယ့် တစ်ယောက်ထဲ ယောင်တောင်ပေါင်တောင် ဖြစ်နေတာထက် မောင်လေး ဘေးမှာရှိတော့ အားရှိတာအမှန်။ မောင်လေးက ဘာမှအကူမှမရပေမယ့် ကိုယ့်ဘေးမှာ အသိအကျွမ်း တယောက်ယောက်ရှိနေမှဆိုတဲ့ အားကိုးစိတ်လေးကြောင့်ပါ။ ဒီစိတ်ကြောင့်လဲ ခုချိန်ထိ အပြင်သွားဖို့အရေးဆို တယောက်ထဲ ဝေးဝေးလံလံ မသွားရဲပါဘူး။ အိမ်မှာနေရင်ကော ကိုယ့်အားကိုယ်ကိုးသလားဆို တတ်နိုင်သလောက် ကိုးပါတယ် ပြောရမယ်။ အမေနဲ့အတူဆိုရင်တော့ အမေ့ကို အားကိုးပြီး TTMYလုပ်ပါတယ်။ အမေနယ်ပြန်သွားတဲ့အခါတော့ ကိုယ့်ဘာသာ အားကိုးပါတယ်။

ကိုယ့်အိမ်ကိုယ့်ယာနဲ့ကျ သူ့ကို အားကိုးတယ်။ ကိုယ့်ဘာသာ မလုပ်နိုင်ဘူးထင်တဲ့ဟာမျိုးတွေဆို သူ့ကိုပြောရတယ်။ လျှပ်စစ်ပစ္စည်းနဲ့ ပတ်သက်တာတွေက လုံးဝမရတော့ သူလုပ်မှ ဖြစ်နိုင်တာမျိုးပါ။ တချို့ဟာတွေက ကိုယ်လုပ်နိုင်ရက်နဲ့ အားကိုးပြီး စောင့်နေတာမျိုးတွေရှိတယ်။ ပြီးမှ စိတ်မရှည်ပြီး ကိုယ့်ဘာသာ ကောက်လုပ်ပါတယ်။ ဟိုတလောက မျက်နှာသစ်တဲ့အခန်းနဲ့ Toiletအခန်းက exhaust fans အပေါက်တွေကို filterကပ်ဖို့ကျန်နေတာ သူ့ကိုပြောထားတာ တော်တော်နဲ့ မကပ်ဖြစ်ပါဘူး။ မီးဖိုချောင်ရဲ့ exhaust fanတုန်းက သူဘဲကပ်ပေးတာမို့ပါ။ စောင့်ရတာကြာလာတော့ ကိုယ့်ဘာသာဘဲ လှေကားထောင်ပြီး တပ်ကပ်လိုက်ပါတယ်။ ဘာမှလဲ ခက်ခက်ခဲခဲမဟုတ်သလို အချိန်လဲ မကုန်ပါဘူး။ အားကိုးနေတာမို့ ကြာနေတာပါ။

အခန်းလွတ်ထဲက စင်ကို ထမင်းစားခန်းထဲရွှေ့တော့လဲ အဲလိုပါဘဲ။ စင်က တော်တော်လေးပါတယ်။ ပစ္စည်းတွေ ချပြီးမှ ရွှေ့ရင်တော့လဲ ရပါတယ်။ ကွန်ပြူတာပစ္စည်းတွေ ထပ်တင်ထားတာမို့ မချချင်တာပါ။ ချတုန်း လွတ်ကျရင် တော်ကြာ အဆူခံရမယ်လေ။ ဒီအတိုင်း တွန်းရွှေ့ပါတယ်။ ဘီးတပ်ထားတယ်ဆိုပေမယ့် အတော်လေးတယ်။ ထမင်းစားအခန်းဝမှာ အထစ်ရှိတာမို့ အဲဒီတနေရာတော့ တော်တော်မရွှေ့ရတယ်။ မ,မနိုင်လိုက်တဲ့ တချက်မှာတော့ ကြမ်းမှာ အစင်းရာထင်သွားတယ်။ ကိုယ့်အားကိုယ်ကိုးတာမို့ ဒီလောက်တော့ရှိမှာပေါ့လေ။

ဟင်းချက်ဓား တုံးနေတာ ကြာနေပြီ။ အသစ်ထပ်ဝယ်မယ် စိတ်ကူးမိပေမယ့် မဝယ်ဖြစ်ဘူး။ ဓားတုံးတိုင်းသာ အသစ်ဝယ်ရရင် မဖြစ်သေးဘူး။ ဒါနဲ့ဘဲ ဓားသွေးကျောက်လေး ရှာဝယ်ဖြစ်သွားတယ်။ ကိုယ့်ဘာသာ နောက်ကျောက အညွှန်းဖတ်ပြီး သွေးလိုက်တာ မဆိုးပါဘူး။ သူ့ကို ဓားသွေးတတ်သလားဆိုတော့ ဟင်အင်းလို့ ဆိုပါတယ်။ ဓားသွေးတာတောင် မြင်ဖူးပုံမရဘူး။ ဓားမသွေးတတ်ပေသိ စိတ်ကူးပေါက်ရင် အိုးခွက်ပန်းကန်တွေဆေးပေးတတ်တာမို့ အားကိုးရပါတယ်လေ။

ကွန်ပြူတာနဲ့ပတ်သက်တာ အားလုံးကတော့ 100% သူ့အားကိုးရတာ အမှန်ပါ။ မိုးလေဝသကောင်းမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ရတာလဲ ပါတာပေါ့လေ။ ဒီနေ့တော့ သူ့"ဝယ်သာ"ကောင်းနေတာနဲ့ ဟောင်းနေတဲ့ ဘလော့လေးကို အင်္ကျီအသစ်လဲပေးလို့ အောင်မြင်သွားတယ်။ ကိုယ့်ဘာသာလုပ်ဖို့ကြံလဲ ကုဒ်တွေအကြောင်း ဘာမှနားမလည်တာလေ။ လျှောက်လုပ်ရင် လင့်တွေပျောက်ကုန်မယ်လို့လဲ ပြောထားတာကိုး။ ခုတော့ သူ့အားကိုးနဲ့ ဘလော့လေး ဒီဇိုင်းပြောင်းလို့ရသွားလို့ တော်တော်ကျေနပ်သွားတယ်။ "အာရိဂတိုးနဲ~"
(အားကိုးပါရစေ.... အားကိုးပါရစေရှင့်...နော်)

Read More...

Monday, January 26, 2009

"ချဟန်"


ဝက်သားကြိတ်သားလေး လက်သီးဆုပ်သာသာလောက်ကျန်နေတာနဲ့ ဒီည ထမင်းကြော်ကြော်စားဖို့ စိတ်ကူးလိုက်တယ်။ အမှန်တော့ ဘာချက်ရမှန်း မသိလို့ပါ။ တီဗီက ကြည့်ပြီးမှတ်ထားတဲ့ နည်းနဲနဲရယ်နဲ့ ကိုယ့်ဘာသာ စားချင်တာဘဲရွေးထည့်ထားတဲ့ "မိုင်ထမင်းကြော်"ပါ။ ထမင်းကြော် မစားတာကြာလို့ စားကောင်းပါသည်။


ဟင်းခါးလေးနဲ့ပေါ့။


ဟင်! ဘာလို့ တပန်းကန်က နည်းပြီး တပန်းကန်က များလွန်းနေတာလဲ? ဆိုတာလား။ တို့က diet လေ။:P (ခွိ~ခွိ) ဟုတ်ပါဘူး။ အစာအိမ်ကျယ်တဲ့သူက များများစား၊ ကျဉ်းတဲ့သူက နည်းနည်းစား အဲလိုပါ။ နောက်မှ မအိပ်မချင်း ဆာရင် ဖျော်ရည်သောက်လိုက် ဘလော့ဖတ်ရင်း ချော့ကလက်စားမှာပေါ့။ :D
နောက်ဆက်တွဲ


အိပ်ခါနီးနေပြီကို ဝယ်ထားတဲ့ ထောပတ်သီးလေး ဘယ်နေ့ဖျော်ရမလဲဆိုတော့ ခုသောက်မယ်ဆိုလို့ နောက်ဆက်တွဲဖြစ်သွားတယ်။

Read More...

Sunday, January 25, 2009

Hydroculture စိုက်ချင်ပါလျှင်~


Hydrocultureဆိုတာ အရွယ်ငယ်ပြီး နေရာမယူဘဲ၊ အိမ်တွင်းစိုက် အပင်ငယ်မျိုးဖြစ်ပါတယ်။ လက်လှမ်းမှီရာ စားပွဲစတာတွေပေါ် တင်ထားရုံနဲ့တင် စိတ်ကြည်နူးမှုကို ရစေပါတယ်။

စိုက်ပျိုးနိုင်သော အပင်များ

Hydrocultureမှာ စိုက်နိုင်တဲ့ အပင်မျိုးဆိုတာ အရိပ်မှာ ရှင်သန်နိုင်တာမျိုးက သင့်တော်ပါတယ်။ Hydrocultureက နွေလယ်ခေါင်ခေါင်ရဲ့ တိုက်ရိုက်အလင်းကို ကြာရှည်ခံရလျှင် ပန်းအိုးထဲမှာ အပူချိန် မြင့်လာပြီး လေဝင်လေထွက် ညံ့လာခြင်း၊ အပြင်မှာ စိုက်ပျိုးလျှင် မိုးရေအိုင်ပြီး အမြစ်က အောက်ဆီဂျင် ပြတ်လပ်အားနည်းလာနိုင်တဲ့အတွက် အခန်းတွင်းမှာ ကောင်းကောင်း ရှင်နိုင်တာမျိုးကို စိုက်သင့်ပါတယ်။

အခန်းတွင်းစိုက်အပင်များ--->Pachira(パキラ), Pothos(ポトス), Dracaena(ドラセナ), yucca(ユッカ), Cordyline(コルディリネ), Sanderiana(サンデリアーナ), Sacahuista(トックリラン), peperomia(ペペロミア), Gajumal(ガジュマル), hedera(ヘデラ), Croton(クロトン), aglaonema(アグラオネマ), Spathiphyllum(スパティフィラム), selloum(セローム), Pumila(プミラ), and Alocasia odora(クワズイモ) စသဖြင့်...

ပန်းများ---> Saintpaulia(セントポーリア), begonias(ベゴニア類), cyclamens(シクラメン), Rohdea japonica(オモト), and the Oriental orchids(東洋ラン) စသဖြင့်...

Hydroculture ပြုလုပ်နည်း


Hydroculture ပြုလုပ်ရန် အခြေခံအားဖြင့် Hydrocorn/ Hydaroball ရယ်၊ Ion exchange resin ရယ်၊ Container ရယ် ရှိရင် စိုက်လို့ရပါပြီ။ Inner pot ရယ် Water meter ရယ်က အထူးတလည် မလိုအပ်ပေမယ့် ရှိရင်တော့လည်း ကောင်းပါတယ်။ Inner pot က Container ထဲက ရေပမာဏကို အလွယ်တကူ မြင်နိုင်ပြီး Ion exchange resinကို လဲလှယ်ရာမှာ လွယ်ကူစေပါတယ်။ Container ဒီဇိုင်းပြောင်းချင်ရင်လည်း လွယ်ကူစေပါတယ်။ Water meter က ဖောက်ထွင်းမမြင်ရတဲ့ Containerမျိုးမှာ တိုင်းတာရ လွယ်ကူစေပါတယ်။ Inner pot ကိုသုံးတဲ့အခါ Hydrocornအသေးထည့်ရင် အပေါက်ကနေ အမြစ်တွေတိုးထွက်နိုင်တဲ့အတွက် Hydrocorn အလတ်ဆိုက်နဲ့အထက်ကို သုံးသင့်ပါတယ်။ Inner potမသုံးဘူးဆိုရင် ပုံမှန်အားဖြင့်တော့ Containerအောက်ခြေမှာ Ion exchange resin စတာကိုခင်း၊ အပေါ်မှာ Hydrocorn သုံးပုံတပုံခင်းပြီးမှ အပင်ကို စိုက်ရပါမယ်။ (ပြောမယ့်သာပြောတာ အိမ်မှာစိုက်ထားတာ အောက်ခြေမှာ Ion exchange resin လည်း မထည့်ထားပါဘူး။ ဆိုင်မှာ စိုက်ပြထားတာမှာ မထည့်ထားလို့ပါ။ ဆိုင်က ပါလာတဲ့ Inner pot ကိုလည်း တအိုးမှာဘဲ ထည့်ထားတယ်။ ကျန် ၂အိုးက Container နဲ့ မဆံ့လို့ ဖြုတ်ထုတ်ပစ်လိုက်တယ်။)

ထိန်းသိမ်းနည်း
နေရာ
နေရောင် တိုက်ရိုက်မကျရောက်နိုင်သည့် အလင်းရောင်ရှိသောနေရာတွင် ထားပါ။ ဖောက်ထွင်းမြင်နိုင်တဲ့ Containerကို နေရောင်မှာ ထားရင် algaeမှို ပေါက်နိုင်တဲ့အတွက် သတိထားပါ။

ရေ
အပင်သန်တဲ့ နွေဦးကနေ ဆောင်းဦးကာလအထိ ၄/၅ရက်တခါ ရေလောင်းပါ။ ကြားကာလမှာ Hydaroballက ရေကို စုပ်ယူပေးထားတဲ့အတွက် ရေသိပ်မလောင်းလဲ ရပါတယ်။ ဆောင်းဦးလွန်တဲ့အခါမှာ အပူချိန်ကျလာတဲ့အတွက် အပင်က ရေသိပ်မစုပ်တော့ပါဘူး။ ဆောင်းတွင်းမှာ Hydaroballက စိုထိုင်းနေတဲ့အတွက် ရေကို များများ စုပ်ယူထိန်းသိမ်းမထားနိုင်ပါဘူး။

အာဟာရ
အာဟာရပေးခြင်းမှာ Ion exchange resin အာဟာရဆိုရင် အာနိသင်ကုန်ဆုံးရက်အထိ အခြားပေးဖို့ မလိုအပ်ပါဘူး။ Ion exchange resin အစား Hydroculture liquid ကို သုံးရင် ၄လပိုင်းလလယ်ကနေ ၉လပိုင်းလလယ်အတွင်း သုံးလို့ရပါတယ်။ Hydrocultureမှာ အမြစ်က အာဟာရနဲ့ တိုက်ရိုက်ထိတွေ့တဲ့အတွက် ပျစ်တဲ့အာဟာရသုံးရင် အမြစ်ကို ဒဏ်ဖြစ်စေပါတယ်။ သာမန်အာဟာရရည်ဆိုရင် ကျဲအောင်လုပ်ပြီးမှ သုံးပါ။

ရေအထည့်လွန်ခြင်း
Hydrocultureမှာ ရေ/ အာဟာရရည် အထည့်လွန်ရင် အမြစ်က အောက်စီဂျင် ပြတ်လပ်ပြီး အားနည်းလာမယ့်အတွက် သတိထားပါ။ ပမာဏက Containerရဲ့ ၁၅%လောက်ရှိပါစေ။ ဒါပေမယ့် ဆောင်းတွင်းမှာ Hydaroballက အနည်းငယ် စိုထိုင်းနေတဲ့အတွက် Containerထဲကရေကို စုပ်ယူစုဆောင်းမပေးထားနိုင်ပါဘူး။ ရေအလောင်းလွန်ရင် အမြစ်ဆွေးခြင်း ဖြစ်တတ်ပါတယ်။

အိုးသစ်ပြောင်းခြင်း
Ion exchange resin က အာနိသင် လျော့လာတဲ့အတွက် တနှစ်တခါလောက် အသစ်လဲလှယ်ပေးပါ။ Ion exchange resinရော Hydaroballကိုပါ လဲလှယ်ပေးရပါမယ်။ အမြစ်တွေ ပွါးလာပြီး Inner Pot ရယ် Containerနဲ့မဆံ့တော့တဲ့အခါမှာ ပိုကြီးတဲ့အိုးနဲ့ ပြောင်းသုံးပေးပါ။ ကာလကတော့ နွေဦးပိုင်းလောက်မှာ ပြုလုပ်နိုင်ပါတယ်။ Hydaroballအဟောင်းတွေကို ရေဆေး အခြောက်ခံပြီး ပြန်သုံးလို့ရပါတယ်။



ကိုယ့်အတွက်လည်း ပြန်ဖတ်ရလွယ်အောင် စိုက်ချင်သူတွေလည်း ကိုးကားနိုင်ဖို့ ဤမှဆိုက် တချို့တဝက်အား ဘာသာပြန်ပါသည်။ (http://www9.plala.or.jp/mosimosi/green/hydro.htm)

Read More...

ဒိုကိဒိုကိ (dokidoki)


---> (ရစ်စရာ စကားစရ၍) ခုတလော ဘလော့တွေအတော်များများမှာ ဖတ်ရတယ်။ ယောက်ျားများဟာ အိမ်ထောင်ကျပြီးရင် ကိုယ်ချစ်လို့ ယူခဲ့သူကို သိပ်ဂရုမစိုက်ကြတော့ဘူးတဲ့။ မှန်တယ်နော်။
မခင်ဦးမေဆီမှာလည်း တွေ့တယ် အသစ် အသစ်!တဲ့။ ဟုတ်တယ်မှတ်လား?

---> အာ~~ လုပ်ပြီ။ မဟုတ်ပါဘူး။

---> ဟွန်~ ဒါပေမယ့် အရင်ကလို ဒိုကိဒိုကိ ခံစားရတာ မရှိတော့ဘူးဟုတ်!!

---> ဒိုကိဒိုကိဆိုတာ ရည်းစားဘဝတုန်းက ခံစားရတာမျိုး။ အမြဲတန်း နေ့တိုင်း အချိန်တိုင်း တွေ့ရတဲ့သူတွေမှာ ခံစားရတာမဟုတ်ဘူး။

---> (သဘောပေါက်သော်လည်း ရစ်ချင်၍) အင်းမ်... ဒါဆို လေဆိပ်ကိုလာကြိုတုန်းကရော?? (နှစ်ရှည်လများ ခွဲထားရသဖြင့်)

---> ဒါပေါ့။ ခုန်တာပေါ့။ ဒိုကိဒိုကိ။

---> (တကယ်ဟုတ်မဟုတ်မသိ။ စိတ်ထဲမှ ကျေနပ်သော်လည်း မယုံချင်ဟန်ဆောင်ပါသည်။) အင်းးးးးးမ်... ဟုတ်သားများဘဲ။ ကိုယ်တိုင်လည်း လေဆိပ်မှာတုန်းက အတော်ရင်ခုန်တာ။ လာကြိုတာ ရှာမတွေ့ရင် ဘယ်လိုလုပ်ရပါ့ဆိုပြီးတော့။

---> တိန်! ဟား~ ဟား~ ဟား~


"အဓိပ္ပါယ်ဖွင့်ဆိုချက်"
ဒိုကိဒိုကိ (dokidoki) ---> "တဒိန်းဒိန်း" (စိတ်လှုပ်ရှားခြင်း၊ ဒိန်းဒလိန်းနတ်ဖန်းစားခြင်းကြောင့် ထွက်ပေါ်လာသော ရင်ခုန်သံအား ဂျပန်အသံထွက်ဖြင့် ရေးဖွဲ့ခြင်း။)


"စကားစရစေသောဘလော့များ"
မခင်ဦးမေ (NATURE OF MEN--> http://khinoomay77.blogspot.com/2009/01/blog-post.html)
"ဒီမှာ မှတ်ထား ဘို့က ငါ အဟောင်းတွေ ကို လုံးဝ စိတ်မဝင်စားဘူး.. အသစ် အသစ် ဘဲ စီတ်ဝင်စားတယ် ..."

မမွန် (post--> http://thuhninsee.blogspot.com/2009/01/blog-post_21.html)
"ကျောင်းပို့ကျောင်းကြိုချင်လွန်းလို့ တက်ကြွခဲ့တာ အခုတော့လဲ ... သူမဟုတ်သလိုပါလား"

သူကြီး၏ခပ်ပါးပါးအနုပညာတစ်ချို့  (post--> http://thagyee.blogspot.com/2009/01/blog-post_21.html)
"မိန်းမသည် လျှပ်စစ်ပစ္စည်း နှင့်တူသည် ။ ၀ယ်ပြီးသည်နှင့် ဈေးထိုးကျသွားတတ်သောကြောင့် ဖြစ်သည်။"


(ဒါနဲ့ စကားမစပ် နဲ့ ---> symbol ၂ခုကို ဘယ်ဟာက male ဘယ်ဟာက female ဆိုတာ ငယ်ငယ်က တော်ရုံနဲ့ မှတ်မရခဲ့ဘူး။ ဆယ်တန်းနှစ်မှာ Bioသင်ပေးတဲ့ ဆရာမ ကောင်းမှူနဲ့ ခုထိမမေ့တော့တာ။ ဆရာမက ဟိုးတုန်းက ယောက်ျားလေးတွေက စစ်ရေးလေ့ကျင့်လို့ မြားပစ်ရတယ်၊ ဒါကြောင့် မြားပုံလေးနဲ့တူတာက male မိန်းကလေးတွေက အလှကြိုက်ပဲများပြီး လက်ကိုင်မှန်လေး ထုတ်ထုတ်ကြည့်တာမို့ လက်ကိုင်မှန်လေးနဲ့တူတာက female symbolလို့မှတ်ပါတဲ့။ )

Read More...

Friday, January 23, 2009

Hydroculture


လုပ်ပြန်ပြီ နောက်တမျိုးလို့ပြောရင်လည်း ခံရပါမယ်။ အရင်က ပို့စ်တခုမှာ ရေးဘူးတဲ့ အပင်လေး သေသွားပြီ။ တပတ်လောက် ခရီးသွားတုန်း ရေငတ် နေငတ်ဖြစ်သွားတာ။ အဲဒီတုန်းက အိမ်ထဲထားဖို့ ဝယ်လာတာပါ။ အပင်အကြောင်းလဲ ဘာမှမသိဘူး။ ခရီးကပြန်ရောက်တော့ အညွန့်လေးတွေ ဝါချင်ချင်ဖြစ်နေပြီ။ ရေလေးလောင်းပြီး ဝရံတာထုတ်ထားတာ မရပါဘူး။ တဖြည်းဖြည်း ခြောက်လာပြီး သေသွားတော့တာဘဲ။ စိတ်မကောင်းဘူး။ အဲဒီအပင် ဝယ်လာတဲ့ Home Centerသွားတိုင်း ပန်းခင်းဘက်ကို မကြည့်မိအောင် နေရတယ်။ တခုခု စိတ်မကောင်းရင် မေ့ရခက်တာကိုး။ နောက်တော်တော်လေးကြာမှ အဲဒီဘက်ကို သွားထပ်ကြည့်တယ်။ အလွမ်းပြေ ကြည့်တာပါ၊ ထပ်စိုက်ဖို့ စိတ်မကူးရဲဘူး။

နဲနဲကြာလာတော့ အပင်ပြန်စိုက်ချင်လာတယ်။ အိမ်ထဲမှာ ထားတာမျိုးဘဲ စိုက်ချင်တာပါ။ ပထမတော့ ရွက်ကျပင်ပေါက်လို ကန္တာရအပင်လို အပင်မျိုး ခပ်သေးသေးစိုက်ချင်တာ။ တချို့ ယန်းတရာဆိုင်တွေမှာ ဘာမှန်းမသိတဲ့ တမိုက်သာသာ အပင်လေးတွေရောင်းတယ်။ အဲဒါမြင်ပြီး အခန်းထဲမှာ ထားလို့ရမယ့်အပင်မျိုးဘဲ စိုက်ချင်တယ်။ ဒီမှာက တိုက်ခေါင်မိုးပေါ်ဘက်မှာ စိုက်ခင်းလိုမျိုး ရှိကြပေမယ့် ဝရံတာမှာ အပင်စိုက်တာမျိုး မရှိသလောက်ပါဘဲ။ အရေးပေါ်ထွက်ပေါက်တွေကလည်း ဝရံတာမှာ ရှိတာမို့ ထင်ပါတယ်။

အရင်အပင်လေးဝယ်လာတဲ့ Home Centerမှာဘဲ ထပ်ရှာဖြစ်ပါတယ်။ အပင်တော်တော်များများက အပြင်ဘက် ခြံဝင်းထဲမှာ ရှိတာ။ လိုက်ကြည့်နေရင်းမှ စဉ်းစားမိသွားတယ်။ ဒီအပင်တွေအားလုံးက နေရောင်ကြိုက်တာမို့ အပြင်မှာထားတာကိုလေ။ Home Centerအတွင်းဘက် ထောင့်တနေရာမှာ အပင်တချို့ ရှိသေးတာဘဲ။ အဲဒီဘက်ကို တော်ရုံနဲ့ မရောက်ပါဘူး။ ခွေးစာ ကြောင်စာတွေ ရောင်းတဲ့ဘက်မို့ ဝယ်လောက်စရာလဲ မရှိတာမို့ မရောက်ဖြစ်တာပါ။ တခါတလေ ကိုယ်လိုချင်တဲ့ပစ္စည်းမျိုး ဘယ်စင်မှာ တင်ထားလည်း လိုက်ပတ်ရှာရင်းမှ ရောက်တတ်တယ်။

အတွင်းဘက်မှာထားမှတော့ နေရောင်မကြိုက်တာ သေချာတာပေါ့။ အားကြိုးမာန်တက် သွားစပ်စုပါတယ်။ သတိထားမိသလောက်တော့ သစ်ခွပန်းလှလှတွေ အများကြီးဘဲ။ အဲဒီဘက်မှာ ရှာရင်းရှာရင်းနဲ့ ဟော! တွေ့ပါပြီ အပင် ပေါက်စိကွေးလေးတွေ။ တော်တော်ပျော်သွားတယ်။ ဟိုအပင်လေးကိုင်ကြည့်လိုက် ပြန်ချလိုက် ဒီအပင်လေးကိုင်ကြည့်လိုက် ပြန်ချလိုက်နဲ့လေ။ အပင်လေးတွေက ဇကာကွက်လို ကော်ပန်းအိုးထဲ ဂဝံခဲလုံးလုံးလေးတွေနဲ့ စိုက်ထားပြီး ရေဇလားထဲမှာ ထည့်စီထားတာပါ။ မြေကြီးမသုံးတာမို့ ပိုသဘောကျသွားတယ်။

အပင်ရွေးတာက ဟုတ်ပြီ။ ဘယ်လိုစိုက်ရမှန်းမသိတော့ သူ့ပတ်ဝန်းကျင်ကို လိုက်စပ်စုရတယ်။ အဲဒီတော့မှ အပင်တွေရဲ့အပေါ်မှာ ပုံနဲ့ရှင်းပြထားတာ မြင်မိတယ်။ Hydroculture (ハイドロカルチャー)တဲ့။ စိုက်ပုံစိုက်နည်းနဲ့ ပြုစုပုံကို ပြထားတယ်။ ဘာမှမခက်ခဲပါဘူး။ အိုးအောက်ခြေမှာ အမြစ်တိုးထွက်စရာ အောက်ခံသားခင်းပြီး Hydroball (ハイドロボール)/ Hydrocorn (ハイドロコーン) ဆိုတဲ့ အလုံးလေးတွေထည့်ပြီး ရေ ဒါမှမဟုတ် Hydroculture culture liquid (ハイドロカルチャー 培養液 ) ကို အိုးအောက်ခြေကနေ ငါးပုံတပုံထည့်ရင်ရပြီတဲ့။ လွယ်လွယ်လေးပေါ့။ ထည့်စိုက်ဖို့ ဖန်အိုးလေးတွေရောင်းတဲ့ဘက်မှာ ဥပမာစိုက်ပြထားတာလေးတွေရှိတယ်။ အောက်ခံသား မထည့်ဘဲ Hydroballနဲ့ဘဲ စိုက်ပြထားတယ်။ Hydroballက ဂျယ်လီလို အရောင်မျိုးစုံ ခပ်ကြည်ကြည်အလုံးတွေ၊ သာကူစေ့အရွယ် ရောင်စုံအလုံးလေးတွေ၊ ဂဝံကျောက်သားလို အသေး၊ အလတ်၊ အငယ် ခပ်လုံးလုံးတွေ စသဖြင့် အမျိုးမျိုးရှိတယ်။

Hydroball အလတ်ဆိုက်တဘူးနဲ့ အပင်၂ပင် ဝယ်လာခဲ့တယ်။ အပင်ကလည်း နာမည်တွေ တခုမှ မသိဘူး။ နောက်မှ အပင်မှာ ကပ်ထားတဲ့ စာရွက်လေးနဲ့ အင်တာနက်ထဲ လိုက်ရှာဖတ်ရတယ်။ အဓိကက အပူချိန် ဘယ်လောက်အထိ ခံနိုင်ရည်ရှိလဲ၊ အလင်းရောင် ဘယ်လောက်ကြိုက်လဲဆိုတာလောက်ပါ။ ပိုပြီး အမှောင်ကို ခံနိုင်တယ်ထင်တဲ့ ဒီParlor palm (テーブルヤシ)ကို မျက်နှာသစ်တဲ့ ဘေစင်မှာထားဖြစ်လိုက်တယ်။


အလင်းရောင် နဲနဲနဲ့ ဖြစ်တယ်ဆိုပေမယ့် တပတ်တခါ/နှစ်ခါလောက်တော့ အိမ်ရှေ့ခန်းမှာ ချထားပေးပါတယ်။ အင်တာနက်ထဲလိုက်ရှာဖတ်တော့ အမြဲအမှောင်ထဲမှာထားရင် သနားစရာကောင်းတယ်ဆိုလို့ပါ။ ဘေစင်က အမြဲမှောင်နေတာလေ။ ဒါတောင် Toiletမှာထားဖို့ ထပ်ဝယ်ဖို့ စိတ်ကူးမိနေတာ။ အပင်စိမ်းစိမ်းလေးမြင်နေရရင် စိတ်ချမ်းသာတယ်။ နောက်တပင်ကိုတော့ ရေခဲသေတ္တာပေါ်မှာ ထားလိုက်တယ်။


ဒီအပင်လေးကို တော်တော်ချစ်တယ်။ ပုတက်တက်လေးမို့လို့။ Schefflera 'Hong Kong' (シェフレラ ホンコン) လို့ခေါ်ပါတယ်။ ဝယ်တုန်းက တခြားအပင်တွေသာ ရွေးစရာအိုးတွေ အများကြီး၊ ဒီအပင်လေးက တအိုးဘဲကျန်တော့တာနဲ့ အမြန်ကောက်ထည့်ခဲ့ရတယ်။ ဧည့်ခန်းမှာထားဖို့ တပင်လိုချင်သေးတာ။ စဝယ်ဝယ်ချင်းတုန်းက ချီတုန်ချတုန်ဖြစ်နေလို့ ၂ပင်ဘဲဝယ်လာတာ။ လိုချင်တဲ့ နောက်တပင်က မွှားလေးတွေ ကပ်နေလို့လေ။ ပိုးကျတတ်တဲ့ အပင်မျိုးလားမသိဘူး။ ပိုးပါရင်တော့ မဝယ်ပါနဲ့လို့ သူက ကန့်ကွက်တယ်။ အဲဒါနဲ့ တဒေါင်သာသာ အမြင့်ရှိတဲ့ ဒီStrelitzia (ストレリチア)နဲ့ လိုရမယ်ရ Hydroculture culture liquid အရည်တဗူးကို သူ့သဘောတူချက်နဲ့ ထပ်ဝယ်ဖြစ်တယ်။


သူတို့အားလုံး အိမ်ထဲမှာ ထားတာမို့ တော်ရုံနဲ့ ကြီးလာမယ် မထင်မိဘူး။ သူများတွေအဖို့တော့ ပန်းပွင့်မှ သဘောကျကြပေမယ့် ကျမကတော့ ခပ်စိမ်းစိမ်းလေးဘဲ သဘောကျတယ်။ ပန်းပွင့်တာမျိုးဆိုရင်တော့ ပိန်းပန်းAnthurium (アンスリウム)ကို စိုက်ချင်တယ်။ နယ်ကအိမ်မှာ အဘွားက ပိန်းပန်းတွေ အိမ်ပတ်ချာလည်စိုက်ထားတယ်။ ပိန်းပန်းက စိုက်ရတာ ဝန်လည်းမပိုသလို ပွင့်လာရင် ဘုရားပန်းလည်း တင်လို့ရတယ်လေ။ ပြီးတော့ Hydrocultureနဲ့ စိုက်လို့ရတယ်။ ဒီလို ပိန်းပန်းနီနီပင် လိုချင်တယ်။
(Googleမှ)


Home Centerမှာတွေ့ပေမယ့် အပင်က တအားပွါးပြီး သိပ်ကြီးလွန်းနေလို့သာ။ ရခဲ့ရင် သူ့ကို ဧည့်ခန်းစားပွဲမှာထားပြီး Strelitziaကို နေရာပြောင်းမလားစိတ်ကူးတယ်။
(Hydrocorn နဲ့ Hydroculture culture liquid)


အပင်တွေ အိုးပြောင်းထည့်တော့ နည်းနည်းမှ မနူးညံ့တဲ့ အကိုင်အတွယ်ကြောင့် အမြစ်တွေနာလေမလား မသိဘူး။ အညွန့်လေးတွေ ဝါလာမလားလို့ စောင့်ကြည့်နေရပါတယ် ။ ဘာဘဲပြောပြောလေ အိမ်ထဲမှာ အပင်စိမ်းစိမ်းလေးတွေရှိနေတာ စိတ်ကြည်နူးရပါတယ်။
(သူတို့လေးတွေ တန်းစီ)



Read More...

Friday, January 16, 2009

"ရှင်းဂေါ့ . လျူးကိုးဂေါ့"


ခုမှ တရေးနိုး ထတင်တဲ့ ပို့စ်ပါ။ နှစ်ကူးသွားပြီမို့လို့လေ။ ရေးမယ်ရေးမယ်နဲ့ ခုမှ ရေးဖြစ်တော့တယ်။ ユーキャン新語流行語大賞(You can - new word / popular word grand prize)အကြောင်းပါ။ 新語・流行語 (ရှင်းဂေါ့/လျူးကိုးဂေါ့)ဆိုတာ "စကားလုံးအသစ်" "ခေတ်ပေါ်စကား"ပါ။ 大賞(ဒိုင်းအိဟရော)ကတော့ ကိုယ်စားပြုဆုပေါ့။ ဒီဆုက တစ်နှစ်အတွင်း အသစ်ပေါ်ပေါက်လာတဲ့ "စကားလုံး"အမျိုးမျိုးထဲက လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားတဲ့ "စကားလုံးအသစ်" "ခေတ်ပေါ် စကားလုံး"ရဲ့ စထွင်ပြောဆိုတဲ့သူကို ပေးအပ်တဲ့ဆုပါ။ 1984ခုနှစ်က စတင်ခဲ့ပါတယ်။ "ခေတ်သစ်အသုံးအနှုန်း အခြေခံအသိပညာ"စာအုပ်ကနေ အဖွဲ့ဝင်တွေရဲ့ ထင်မြင်ချက်တွေကို ကောက်ပြီး ခေတ်စားတဲ့စကားလုံးတွေကို ရွေးချယ်ပါတယ်။ အဲဒီထဲကမှ အဖွဲ့ဝင်အစည်းအဝေးမှာ top 10ကို ရွေးချယ်ပြီး နှစ်စဉ် ဒီဇင်ဘာလဦးပိုင်းမှာ ဆုပေးပါတယ်။

2007ကတည်းက "လျူးကိုးဂေါ့"ဆုကို လွှင့်တာ ကြည့်ဖူးလိုက်တယ်။ ဟာသအစီအစဉ်တွေကြည့်နေကြမို့ပါ။ ဟာသသရုပ်ဆောင် 小島よしお (ကိုဂျိမ ရော်ရှိအို)ရဲ့ စကားလုံး "そんなの関係ねぇ" (စွန်းနနို ခန်ခေးနဲ~~)က အတော်ခေတ်စားတာမို့ top 10မှာ နံပါတ်၎ချိတ်ပြီး သူလဲဆုရတယ်လေ။ မြန်မာလို "ဘာဘာဘာမှမဆိုင်ဘူး~"လို့ ပြောရမလားဘဲ။ ဂဏာမငြိမ်တဲ့စတိုင်နဲ့ မြေကြီးကို ခြေတဖတ်စောင့် လေထဲ လက်သီးထိုးပြီးပြောပုံက နာမည်ကြီးသွားတာပါ။

နောက်တခုက ဒုတိယရတဲ့ "ハニカミ王子" (ဟာနိကမိ အိုးဂျိ)တဲ့။ "အိုးဂျိ"ဆိုတာ ရှင်ဘုရင်လေး/ မင်းသားလေး ပေါ့။

ဒီမှာ ဂျပန်မလေးတွေက သူတို့ သဲသဲလှုပ်ကြိုက်ကြတဲ့ နာမည်ကြီး ကောင်လေးတွေကို ဘာရှင်ဘုရင်လေး ညာရှင်ဘုရင်လေး ဆိုပြီး တပ်ခေါ်ကြပါတယ်။ ခုနာမည်ကလည်း ၁၅နှစ်သား ပရော်ဖက်ရှင်နယ်ဂေါ့ဖ်သမား 石川遼(အီရှိကာဝ လျော)ရဲ့ ပရိသတ်တွေက ချစ်စနိုးတပ်လိုက်တဲ့ နာမည်ပါ။ အဲဒီကလေးက ဘယ်လောက်နာမည်ကြီးလဲဆို သူကစားတဲ့ပွဲတွေမှာ ဂေါ့ဖ်ကိုကြည့်ဖို့ထက် သူ့ကိုဝိုင်းကြည့်ဖို့လူတွေ တန်းစီလို့ပါဘဲ။ စီးပွါးရေး အကွက်မြင်သူတွေက သူကစားတဲ့ပွဲတွေမှာ လမ်းဘေးဆိုင်ခင်းပြီး "ハニカミ" (ဟာနိကမိ) လို့နာမည်တပ်ထားတဲ့မုန့်တွေ တဘက်တွေရောင်းတာ အတော်ရောင်းရတယ်။ အဲဒါကြည့်ပြီး မြန်မာမှာ ကိုးရီးယားကားတွေ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ပုံတွေ အချဉ်ထုပ်ပေါ် ပလပ်စတစ်အိပ်ပေါ်ရောက်ကုန်တာ မြင်ယောင်မိတယ်။

နောက်မှတ်မိတဲ့ တယောက်က မိတ်ကပ်အလှဖန်တီးရှင် IKKOရဲ့ どんだけぇ~ (ဒွန်းဒကဲ) ဆိုတာပါ။ အဲဒီစကားလုံးအကြောင်းကို ဒီပို့စ်မှာ ထည့်ရေးဖူးပါတယ်။

2008ရဲ့ "လျူးကိုးဂေါ့"မှာ ပထမရသွားတာက ဟာသသရုပ်ဆောင် "エド・はるみ" (အဲဒိုး ဟာရုမိ) ရဲ့ グ~!(ဂူး~) ပါ။ Good ရယ် ~ing ရယ်ရဲ့ အသံထွက်ကို ဂျပန် ခါတခနနဲ့ အသံထွက်လိုက်ရင် "ဂူး~"လို့ ဖြစ်သွားတာပါ။

ဒီစကားလုံးကိုတော့ ခဏခဏကြားရလို့ သိပေမယ့် နောက်ဒုတိယဆုရတဲ့ မင်းသမီး 天海祐希 (အာမမိ ယူးကိ)ရဲ့ "アラフォー" (အရားဖိုး~) ကို လုံးဝ မကြားဖူးလိုက်ဘူး။ ကိုယ်မသိတာ ဖြစ်မှာပါ။ "アラフォー" (အရားဖိုး~)ဆိုတာ Around 40 ပါ။ အသက် လေးဆယ်ဝန်းကျင်ပေါ့။ သူသရုပ်ဆောင်တဲ့ အပတ်စဉ်လွှင့် ဇာတ်လမ်းတွဲခေါင်းစဉ် "アラフォー" (အရားဖိုး~)ကနေ ခေတ်စားသွားတယ် ဆိုပါတယ်။ သေချာတာကတော့ အဲဒီစကားလုံးဆုရပြီးမှ အရောင်းဈေးကွက်ထဲမှာ "アラフォー" (အရားဖိုး~)ကို တွင်တွင်ကျယ်ကျယ်သုံးလာကြတယ်။ လေးဆယ်ဝန်းကျင်တွေအတွက် ဖက်ရှင်တို့ အလှကုန်တို့ စသဖြင့်ပေါ့။

နှစ်ကုန်ခါနီးမှ ကပ်ပြီး ခေတ်စားလိုက်တာ ရုတ်တရက် အငြိမ်းစားယူသွားတဲ့ ဂျပန်သမ္မတ 福田康夫 (ဖူကုဒ ရာစုအို့) ရဲ့ "あなたとは違うんです" (အနတတိုဝါ ချင်ဂအွန်းဒဲစု) "မင်းနဲ့က မတူဘူးလေ"ပါ။ သူ မနှုတ်ထွက်ခင်ကလုပ်တဲ့ အစည်းအဝေးမှာ သူ့ကို ပြန်မေးတဲ့ မေးခွန်းအပေါ် အဲလို ပြောချလိုက်ရာက နာမည်ကြီးသွားတာပါ။ စီးပွါးရေး အကွက်မြင်သူတွေက T-shirtပေါ်မှာ အဲဒီစာသားကို ရိုက်ပြီးတောင် ရောင်းလိုက်ကြသေးတယ်။

ဘာပြောပြော ဂျပန်မှာတော့ စကားတလုံး ခေတ်စားရင် အဲဒီစကားလုံးကို ပြောသူက ဒီဆုကို မျှော်လင့်ကြတာပါဘဲ။ တချို့လဲ အတော်နာမည်ကြီးပြီးမှ top 10ထဲ မဝင်သလို တချို့လဲ အဲလောက်ကြာကြာ ခေတ်မစားပါဘဲနဲ့ ဆုရသွားပါတယ်။ စိတ်ဝင်စားရင် တခြားနှစ်တွေက ဆုရတဲ့စာလုံးတွေကို ဖတ်လို့ရအောင် အောက်ဘက်မှာ လင့်ပေးထားပါတယ်။ ဂျပန်လိုဘဲ ရေးထားတာမို့ Cross Translation တော့လိုပါမယ်။



source---> http://singo.jiyu.co.jp/
Cross Translation--->http://sukimania.ddo.jp/trans/trans.php
(အင်္ဂလိပ်စာက ဂျပန်စာကိုပြန်ခြင်း 英⇒日
ဂျပန်စာမှ အင်္ဂလိပ်စာသို့ပြန်ခြင်း日⇒英)

Read More...

Tuesday, January 13, 2009

ဇီးကွက်




ပိတ်ရက် ၉ရက်ဆက်ပိတ်လို့ အေးဆေးဘလော့လို့ရပြီမှတ်တာ လွဲပါ့။ ခရီးလဲ မသွားဖြစ်ပါဘူး။ အိမ်ထဲမှာဘဲ အချိန်ကုန်တာပေါ့။ မိုးလင်းမိုးချုပ်ဘာတွေလုပ်လို့ဘာတွေရှုတ် ဆိုရင်တော့ TVကြည့်နေတယ်လို့ ပြောရမယ်။ နှစ်ကုန်ခါနီးမို့ TVက ဇာတ်လမ်းကောင်းကောင်းတွေ လွှင့်တယ်။ အမှန်တော့ အဲဒီလိုင်းတွေက လျှောက်ရမယ့်ဟာတွေ။ သူတို့ဘာသာ ကြော်ငြာသဘောနဲ့ ၁၀ရက်လောက် အမြည်းလွှင့်ပေးတာပါ။ ခုတော့ ရက်ပြည့်သွားလို့ ကြည့်လို့မရတော့ဘူး။ ရတုန်းကတော့ ၂ယောက်သား ကြည့်လိုက်ကြတာ။ အမှန်ဆို သူက TVမကြည့်လိုပါဘူး။ ကွန်ပြူတာနဲ့သာ အချိန်ကုန်တာ။ ခုသူကဦးဆောင်ပြီးကြည့်တာဆိုတော့ အစပိုင်းမှာတင် အတော်ညည့်နက်တဲ့အထိ ကြည့်ဖြစ်တယ်။ နောက်seriesလို အတွဲလိုက်လွှင့်တဲ့ Criminal Minds ဇာတ်လမ်းတွဲတခု စလွှင့်တော့ မိုးပါလင်းရောပဲ။ ည၁၂နာရီလောက်ကနေ တည ၄/၅ပိုင်းလွှင့်တာကိုး။ တချို့နေ့တွေဆို မနက်၇နာရီအထိတောင်။ ကျမက ညဥ့်နက်အောင်နေတတ်ပေမယ့် မိုးအလင်းအထိတော့ မကြည့်တတ်လို့ အစပိုင်း မကြည့်ပါဘူး။ သူက စိတ်ဝင်စားဖို့ကောင်းတယ်ပြောလို့ လိုက်ကြည့်ရင်းနဲ့ နှစ်ယောက်သား ဇီးကွက်ဖြစ်တော့တာ။ ညမအိပ်ဘဲ နေ့ဘက်မှ အိပ်နေလို့လေ။ အကျင့်ပျက်သွားတာ ရုံးဖွင့်ရက်ပြန်ရောက်လာတော့ နေ့ညမှားနေတာကို အတော်ပြန်ကျင့်နေရတယ်။ ကျင့်သားရမယ်မှ မကြံသေးဘူး ဒီတပတ်က ၃ရက်ဆက်ပိတ်ပြန်တာကြောင့် ပြန်ပျက်ရောလေ။ အင်တာနက်TVလိုင်းက ဇာတ်လမ်းတွဲကို သွားစကြည့်ရာက ပြန်စတာ။ အဲဒီလိုင်းက တင်ထားပေးတာ ဇာတ်လမ်းက မပြီးသေးတာမို့ သူက အင်တာနက်ထဲက ဒေါင်းလုတ်လုပ်ပြီး TVနဲ့ ချိတ်ကြည့်ပါတယ်။ အဲဒါနဲ့ ညမအိပ်သံသရာပြန်လည်ပြန်ရော။ အမေသိရင်တော့ အတော်အဆူခံရမယ်။ ညမအိပ်ဖြစ်ရင် နေ့ဘက်ပြန်အိပ်လည်း ထုံထိုင်းထိုင်းကြီးနဲ့ရယ်။ ထမင်းလည်း မှန်မှန်မစားဖြစ်တော့ဘူး။ သွားရည်စာတွေ တမျိုးပြီးတမျိုးစားနေတာ။ ဒီအတိုင်းဆို ဝါးခြမ်းပြားဘော်ဒီကနေ စဥ့်အိုးဘော်ဒီဖြစ်လာဖို့နီးတယ်။ အိပ်ရေးမဝလို့ အာဟာရပြည့်အောင် နွားနို့ကို တနေ့ ၃ခွက်လောက် သောက်ဖြစ်တယ်။ "ကိုကိုး"တွေနဲ့ ဖျော်လိုဖျော်ပေါ့။ ဆိုင်မဆိုင်တော့ မသိပါဘူး။ မူးလဲမှာစိုးလို့ ကိုယ့်ဘာသာ စိတ်ဖြေသောက် သောက်နေတာပါ။ ဒီအတိုင်းတော့ မဖြစ်ချေဘူးလို့ တွေးမိပေမယ့် ပေတာက ပေတေတာပါဘဲ။ ဖြစ်လာမှသာ "အဟင့်!:("ပေါ့။ နှစ်စမှာ အကျင့်ပျက်နေရင် တနှစ်လုံးများ အကျင့်ပျက်တော့မလားမသိ။ သို့ပေသိလည်း ဒါက ခရစ်နှစ်ကူးတာဆိုတော့ မြန်မာနှစ်ကူးမှ မဟုတ်တာလေနော့။ မြန်မာနှစ်ကူးအခါကျ ကောင်းနေရင် ပြီးရောပေါ့လေ။ (ပြောမယ့်သာ ပြောတာ၊ မနှစ်က သင်္ကြန်ကို သိတောင်မသိလိုက်ပါဘူး။)

Read More...

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP