"ရာမနာက-ကန်"သို့...
နောက်တရက်မနက် ၈နာရီ ထမင်းစားခန်းကိုသွားတော့ ဂျပန်ရိုးရာဟင်းတွေနဲ့ မနက်စာကိုလည်း ဖွယ်ဖွယ်ရာရာ ပြင်ပေးထားပါတယ်။ ကျမက မနက်အိပ်ယာထခါစ အဖတ်မစားနိုင်တဲ့သူမို့ စားလို့ရပါ့မလားလို့ စိတ်ပူလိုက်တယ်။ ဒါပေမယ့် ကြက်ဥနဲ့ချက်ထားတဲ့ မီဆိုဟင်းရည်က ဝမ်းကိုနွေးသွားပြီး အစာစားချင်စိတ်ကို ဖြစ်စေလို့ ကောင်းကောင်းစားနိုင်ခဲ့တယ်။ (ဂျပန်ထမင်းဟင်းစားနည်းက ပထမဆုံး ဟင်းရည်ကို နဲနဲစသောက်ရတယ်လို့ sensei က ပြောထားပါတယ်။) ကျမတို့ ထမင်းစားလို့ ပြီးခါနီးအထိ အမကြီးတို့ မရောက်လာသေးပါဘူး။ ညက ကားမောင်းတဲ့သူငယ်ချင်းရယ်၊ အမကြီးရဲ့ အမျိုးသားရယ် တိုကျိုက သယ်လာတဲ့ ဘီယာတွေနဲ့ ဝိုင်းကောင်းနေကြတယ်ပြောတယ်။ အားလုံးကုန်သွားတာတောင် မမူးသေးလို့ အနားက ဆိုင်ကိုထွက်ဝယ်ပြီး သောက်ကြသေးသတဲ့။ မမူးဘူးသာဆိုတယ် အပေါ်ထပ်လှေခါးကို လေးဘက်ထောက်တက်ရတယ်တဲ့။ ဘယ်လောက်ကျမှ မူးတယ်သတ်မှတ်မှာလဲမသိ! သူတို့မအိပ်သ၍ ညီမလေးရော၊ တရုတ်မလေးရော၊ အမကြီးပါစောင့်နေရတာ ညနှစ်နာရီမှ အိပ်ယာဝင်ရတယ်။ ညီမလေးက အိပ်ရေးမဝဘူးလို့ လာပြောနေလို့ မချိပြုံးလေး ပြုံးပြလိုက်တယ်။ (စိတ်ထဲကတော့-- အမလည်း ကိုယ့်ဒုက္ခနဲ့ကိုယ် အိပ်ရေးမဝပါဘူး ညီမရယ်)
တည်းခိုခန်းက ဖွားဖွားကို နှုတ်ဆက်ပြီး ပထမဆုံး ထွက်လာခဲ့တဲ့နေရာက "ရာမနာက-ကန်" (yamanakako)ပါ။ ဖူဂျီတောင်ရဲ့ ဘေးပတ်ချာလည်မှာ ကန်တွေအများကြီးရှိပါတယ်။
အဲဒီအထဲမှာ ရှုခင်းတွေလှတဲ့ ကန်၅ကန်က "ရာမနာက-ကန်" (yamanakako)၊ "ကာဝဂုချိ-ကန်" (kawaguchiko)၊ "စအိ-ကန်" (saiko)၊ "ရှောဂျိ-ကန်" (shoujiko) နဲ့ "မိုတိုစု-ကန်" (motosuko) ပါ။
ကျမတို့ "ရာမနာက-ကန်"ရောက်တော့ မြူတွေရှိလို့ ဖူဂျီတောင်ကို လှမ်းမမြင်ရပါဘူး။
ကန်ထဲမှာ ဘုတ်မောင်းနေတဲ့သူ၊ ရေလွှာစီးနေသူတွေ ရှိပါတယ်။ ကန်ဘေးပတ်ချာလည်ကို စက်ဘီးစီးပြီးပတ်ကြည့်လို့ရအောင် စက်ဘီးငှါးတဲ့နေရာလဲရှိပါတယ်။ ဘုတ်စီးကြည့်ဖို့မေးကြည့်တော့ နာရီနဲ့ငှါးတာကြောင့် အချိန်မရတာရယ်၊ ရေကြောက်လို့ မစီးချင်ဘူးဆိုတာနဲ့ ရေကူးဝတ်စုံနဲ့ ဂျပန်မလေးတွေကို ခဏတဖြုတ် မျက်စေ့အစာကျွေးပြီး နောက်တနေရာကို ဆက်ပြီး ထွက်လာခဲ့ပါတယ်။
"ဟနနို မီရကို"သို့...
နောက်သွားဖြစ်တဲ့နေရာက "ရာမနာက-ကန်"နဲ့နီးတဲ့ "ဟနနို မီရကို"ပန်းခြံ (ပန်းမြို့တော်/ hana no miyako kouen)ဆီပါ။ အေးတဲ့ဒေသမို့ ဂျပန်မှာ ရောက်လေရာရာ ပန်းတွေ အများကြီး တွေ့ရတယ်။ ဒီ ပန်းမြို့တော်လည်း ပန်းခြံအကျယ်ကြီးထဲ ပန်းတွေအများကြီးနဲ့ တော်တော်လှပါတယ်။ အဝင်ဝကနေ ပန်းခြံထဲ သစ်သားတံတားလေး ထိုးထားပါတယ်။ တံတားရဲ့ ဟိုဘက်ဒီဘက်မှာ ပန်းခင်းတွေစရှိပါတယ်။
ပန်းခြံထဲ လှည့်ကြည့်ဖို့ ၃ဘီးလို ခေါင်မိုးနဲ့ စက်ဘီးတွေရှိပါတယ်။ အဲဒါစီးရင် သတ်မှတ်လမ်းကြောင်းအတိုင်းဘဲသွားရမှာမို့ လမ်းလျှောက်ဘဲ ဝင်လာလိုက်တယ်။ ပထမဆုံး floral domeဆိုတဲ့ အဆောက်အဦးထဲ ဝင်ခဲ့ပါတယ်။
ဒီထဲမှာလဲ မြင်လေရာရာရာ အရမ်းလှတဲ့ပန်းတွေ စိုက်ထားပါတယ်။
အဝင်ဝရဲ့ တဘက်တချက်က ပန်းတွေ
အထဲကိုဝင်လိုက်တော့
ဒါက သစ်ခွပန်းတွေထင်တယ်။
၂ထပ်ကနေ အောက်ဘက်ပန်းခင်းထဲ over view
ဒီfloral domeက မင်္ဂလာခန်းအနေနဲ့လည်း လက်ခံကျင်းပပုံရပါတယ်။ ၂ထပ်မှာ ခန်းမရှိတယ်။ ပြီးတော့ ဒါလေးလည်း တွေ့ခဲ့လို့။ တီးကောင်းလား မကောင်းလားတော့မသိ မင်္ဂလာခေါင်းလောင်းကြိုး ဆွဲခဲ့တယ်။
အောက်ထပ်ပြန်ဆင်းလာပြီး ခလေးတွေရဲ့ flower arrangement ကို စပ်စုခဲ့တယ်။ ခလေးတွေကိုဘဲ စမ်းသပ်ခပေးပြီး လက်တွေ့လုပ်ခွင့်ပေးတာပါ။
ဒီပစ္စည်းတွေသုံးပြီး ကိုယ့်စိတ်တိုင်းကျ ပုံဖော်ခွင့်ပေးတာပါ။ ကိုယ်လုပ်ထားတာ သဘောကျရင် ပိုက်ဆံပေးပြီးပြန်ဝယ်ရပါတယ်။
floral domeထဲက ထွက်လာတော့ ပန်းခြံထဲကို လျှောက်ခဲ့ပါတယ်။
ရေဒလက်ကြီး ၃ခု
ပန်းတွေ ပန်းတွေ
လျှောက်ကြည့်ရင်းနဲ့ ပန်းခြံအတွင်းပိုင်း အကျဆုံး ရေတံခွန်ဆီ ရောက်လာခဲ့တယ်။ အဲဒီကိုရောက်တော့ ရေက ခပ်ဖြည်းဖြည်းဘဲကျနေပါတယ်။ နောက် ဆယ်မိနစ်နေရင် အရှိန်နဲ့ကျမယ်လို့ အချိန်အလိုက် ရေကျတာပြတဲ့ နာရီကိုကြည့်ပြီး ရေကျတာထိုင်စောင့်ကြတယ်။ ရေတွေတဝုန်းဝုန်းကျလာတော့ အားလုံး အပြေးအလွှား ဓာတ်ပုံရိုက်ရတယ။်
ပန်းခြံထဲ မြင်လေရာရာ ဓာတ်ပုံရိုက်ချင်စာရာမို့ အရိုက်လွန်ပြီး ဓာတ်ခဲအားကုန်သွားပါရော။ ညက ဓာတ်ခဲအားသွင်းဖို့ မေ့သွားတယ်။ ဓာတ်ခဲအပိုလည်း ကားထဲကျန်ခဲ့တာမို့ ရေတခွန်နေရာက ပြန်လာတော့ ဆက်မရိုက်ရတော့ဘူး။ အပြန်မှာ ချော်ရည်တွေနဲ့ မြေအောက်ပြတိုက်ထဲဝင်ကြည့်တယ်။ နှစ်အလိုက် မြေကြီးရဲ့သက်တမ်းတွေကို မှန်အိမ်ထဲ ပြထားတာတွေ၊ ချော်ရည်အမျိုးအစား အမျိုးမျိုးခွဲပြထားတာတွေ ရှိတယ်။ လှိုဏ်ခေါင်းလေးတွေလဲ ရှိတယ်။ ပြခန်းက မြေကြီးအောက်ထဲ ရောက်နေရတဲ့အထဲ ချော်တုံးတွေကြည့်ပြီး စိတ်ခြောက်ခြားလို့ မြန်မြန်ပြန်ထွက်ခဲ့ရတယ်။ အလာတုန်းက ဓာတ်ပုံရိုက်မလို့ဟာ ရှေ့ကသွားတဲ့လူတွေ အမှီလိုက်ရတာနဲ့ မရိုက်လိုက်ရတဲ့ သဘာဝသစ်ခေါင်းကြီးနားပြန်ရောက်လာခဲ့တယ်။ သစ်ပင်အကြီးကြီးမှာ အလယ်ခေါင်က တောက်လျှောက်ကွဲပြီး အခေါင်းပေါက်ဖြစ်နေတာ မြေကြီးကနေ လူနှစ်ရပ်စာ အမြင့်အထိရှိတယ်။ လူတွေတန်းစီပြီး တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံဝင်ရိုက်ကြတယ်။ အတွဲတွေလဲ နှစ်ယောက်တွဲ ဝင်ရိုက်ကြနဲ့ အလာတုန်းကထက် လူစီနေတယ်။ အမကြီးတို့လင်မယားလည်း ဝင်ရိုက်ကြတယ်။ နှစ်ယောက်လုံးက ဝဝကြီးတွေမို့ ဆန့်ပါ့မလားထင်မိပေမယ့် သစ်ပင်ကွဲကြောင်းကသာ သိပ်မကျယ်တာ၊ အတွင်းဘက်သစ်ခေါင်းကကျယ်လို့ ဆန့်သွားတယ်။ :D သစ်ခေါင်းထဲ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက်လုပ်နေကျတာ သစ်ပင်စောင့် ရုက္ခစိုးမင်းသာရှိရင် လူတွေကို အတော်မျက်စေ့နောက်မလားဘဲ။ :P ပန်းခြံထဲ အတော်အချိန်ကုန်သွားတာမို့ နေ့လည်စာစားဖို့ ဆက်ထွက်ခဲ့ပါတယ်။ စားပြီးရင် နောက်တနေရာကို ခရီးဆက်လည်ပတ်ပါဦးမယ်။
10 comments:
ဓာတ်ပုံတွေကြည့်ရတာ ကောင်းတယ်..
ရေကူးဝတ်စုံနဲ့ ဂျပန်မလေးတွေကို ခဏတဖြုတ် မျက်စေ့အစာကျွေးပြီး ဆိုတော့ သူ့အစာလည်းဟုတ်ဘဲနဲ့ဆိုပြီး ပြုံးစိစိဖြစ်သွားသေးတယ်။
း)
လှလိုက်တာ အစ်မရယ် တကယ်ေ၇ာက်ဖူးချင်တယ် ဂျပန်က တော်တော် လှတာပဲ ပန်းတွေလည်း အရမ်းလှတယ် ရေတံခွန်လည်း ရောက်ဖုးချင်တယ် ဟို....မင်္ဂလာခန်းမ ဆိုတဲ့နေရာလေးမှာလည်းး မင်္ဂလာဆောင်ချင်တယ် ဟီးးး ဒါနဲ့  လေးဘက်ထောက်တက်ရတယ်ဆိုတာ ဘယ်သူလဲ လျှိုထားတယ်နော် မှန်မှန်ပြေား)
ညီမလေးရေ.. ပန်းခြံထဲလေးကို သဘောကျလိုက်တာ။ အရမ်းအေးချမ်းတာပဲနော်။ ရေတံခွန်လည်းပါတော့ တော်တော်သာယာမှာပဲ။ သွားချင်လိုက်တာ။ ဘယ်တော့ရောက်ဖြစ်မလဲတော့ မသိသေးဘူး။ အခုတော့ ဓာတ်ပုံတွေနဲ့ပဲ အရင်လျှောက်လည်ထားလိုက်မယ်နော်.. :D
အားပါးပါး လှလိုက်တဲ့ ပန်းတွေ ဓါတ်ပုံတွေ။
ဝေမျှလို့ ဖူဂျီတောင်ဝန်းကျင်ကို လျှောက်လည်ဖြစ်လိုက်တယ်
この前、行ったことあるけど、花の都と言う名前は知らなかった。:P :P 花すげえ きれいねえ。ありがとう。。
very nice.... အရမ်းဖတ်လို့ကောင်းတဲ့ ခရီးသွားမှတ်တမ်းလေးပါ။ ဘလော့ပိုင်ရှင်ရဲ့ စာတွေနဲ့ အတူ စိတ်ကူးထဲမှာ ခရီးတစ်ခေါက်ထွက်ဖြစ်သွားတယ် :)
မြရွက်ဝေနဲ့အတူ.. ဖူဂျီတောင်လုက်လည်ပါတယ်
OHIYOU ညီမလေး..
လှလိုက်တဲ့ဓါတ်ပုံလေးတွေ..
မမ ဖူဂျီတောင်မတက်ရသေးဘူး၊
အဝေးကပဲမြင်ဖူးတယ်လေ၊
ညီမလေးက ဖူဂျီတောင် ကမဲမဲတူးတူးကြီး
ဆိုလို့ သွားချင်တော့ဘူး၊ :D
မမမြရွက်ရေ...စိတ်ကြည်နူးစရာ ဓါတ်ပုံလှလှလေးတွေနဲ့ ခရီးသွားမှတ်တမ်းလေးအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ဖူဂျီတောင်ကို ရောက်ဖူးချင်လိုက်တာ အမရယ်...။
ပြီးတော့လေ ဆုဝေ ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့ ပုံပြင်စာအုပ်လေးတစ်အုပ် ရှိတယ်...အံ့ဖွယ်ပုံပြင် ဂျပန်ဒဏ္ဍာရီများ..ဆိုတဲ့ စာအုပ်လေ...။ အခု အမဆီမှာ ဂျပန်ပုံပြင်လေးတွေ ပြန်ဖတ်ရတော့ အဲဒီစာအုပ်လေးကို သတိရမိတယ်။
ခရီးသွား မှတ်တမ်းလေးက မိုက်တယ်ဗျ။ ဓါတ်ပုံလေးတွေ ကြည့်ပြီး တကယ် ရောက်နေသလိုပဲ။ ရှုခင်းလေးတွေ လှတယ်ဗျ။ မင်္ဂလာခေါင်းလောင်းကြိုး ပုံလေးတော့ ယူသွားပြီဗျာ။ သဘောကျလို့ ။ ဒါနဲ့  ဂျပန်မလေးတွေကို ခဏတဖြုတ် မျက်စေ့အစာကျွေးခဲ့ တယ်ဆိုတော့ ဟုတ်သေးဘူးနော်။ အဲဒါ အနော်တို့  အလုပ်ဗျ။ :)
Post a Comment