Tuesday, August 12, 2008

ဖူဂျီတောင်သို့


ဂျူလိုင်လ ၁၉ရက်နေ့က ကျမတို့ ဖူဂျီတောင်ကို သွားလည်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် တစ်လလောက်ကတည်းက အိမ်ကြီးရှင်ရဲ့ သူငယ်ချင်းက ဖူဂျီတောင်သွားမလို့ လိုက်မလားလို့ ကြိုပြောထားလို့ မရောက်ဖူးတာနဲ့ လိုက်မယ်ပြောလိုက်ပါတယ်။ တစ်ညအိပ် နှစ်ရက်ခရီးပါ။ အိမ်ကြီးရှင် သူငယ်ချင်းက ကားမောင်းပြီး သူရဲ့ဇနီးရယ် သူ့ညီမရယ်၊ နောက် အသိအမကြီးလင်မယားရယ်၊ ကျမတို့ရယ် အားလုံး (၇)ယောက်ပါ။ ကားစင်းလုံးငှါးပြီး ကိုယ်တိုင်မောင်းသွားကြတာပါ။ ကားမောင်းတဲ့ အိမ်ကြီးရှင်သူငယ်ချင်းက ကျောင်းသားပေမယ့် လိုင်စင်လည်းရှိ ကားမောင်းလည်း ဝါသနာပါမို့ အတော်အဆင်ပြေပါတယ်။ သူက ဖူဂျီတောင်ကို နှစ်ခါတောင် လာလည်ဖူးရဲ့သားနဲ့ သက်သက်ထပ်လည်တာပါ။ ဟိုမှာတည်းဖို့ကအစ အားလုံး သူစီစဉ်ပေးထားပါတယ်။ ကိုယ့်ဘာသာ မစီစဉ်တတ်တဲ့ ကျမတို့အတွက်တော့ ရေကန်အသင့် ကြာအသင့်ပါဘဲ။ သွားမယ့်ရက်မှာ သူတို့ကားလာကြိုမယ့်ဘူတာမှာ မနက် ၉နာရီအမှီ စောင့်နေရုံပါဘဲ။ ကားပေါ်ရောက်တော့ သွားမယ့်ခရီးစဉ်ကို print ထုတ်ထားတဲ့ စာရွက်နဲ့ သွားမယ့်အချိန် အကြမ်းဖျဉ်းတွက်ထားတာပြတယ်။ ဖူဂျီတောင်အပြင် နောက်ရက်မှာ အဲဒီနားက လည်စရာ နေရာတွေလည်း ပါတယ်။

အဲဒီရက်က စနေ၊ တနင်္ဂနွေ ပိတ်ရက်ဖြစ်တဲ့အပြင် တနင်္လာနေ့က "ဥမိနိုဟိ"ဆိုတဲ့ ပင်လယ်နေ့ပိတ်ရက်ဖြစ်လို့ ဂျပန်တွေလည်း ခရီးတွေထွက်နေကြပါတယ်။ တိုကျိုထဲမှာကတည်းက ကားလမ်းတွေ အတော်ပိတ်နေပါတယ်။ ဟိုင်းဝေးလမ်းပေါ်ရောက်တဲ့အထိ တဘီးချင်းလှိမ့်သွားနေရတာ များပါတယ်။ အသွားလမ်းဘက်မှာ ကားတန်းကြီးအပြင် အပြန်ဘက်မှာလည်း ခရီးက ပြန်လာသူတွေရဲ့ကားတွေ တန်းစီနေတာပါဘဲ။ တန်းစီဝါသနာပါတဲ့ ဂျပန်တွေပီပီ လမ်းမှာရှိတဲ့ ဝိတ်လျှော့ရတဲ့ နေရာတွေမှာလည်း တန်းစီလို့ပါဘဲ။

ကျမကတော့ ဒီရောက်ပြီး ပထမဆုံး ညအိပ်ခရီးလည်းဖြစ် မြန်မာတွေနဲ့အတူလည်းဖြစ်မို့ အတော်ပျော်ပါတယ်။ အဲ! အားလုံးမြန်မာ မဟုတ်ပါဘူး။ အိမ်ကြီးရှင်သူငယ်ချင်း ကားမောင်းတဲ့သူရဲ့ အမျိုးသမီးက တရုတ်-ကိုးရီးယားစပ် ကပြားပါ။ သူမကို သူ့မယောင်းမလေးက လမ်းမှာ မြန်မာစာသင်ပေးလာပါတယ်။ စာရေးစာဖတ်က "န"အထိ ရောက်နေပြီတဲ့။ ဘုရားရှိခိုးလဲ နှုတ်တိုက်သင်ထားပေးတယ် ပြောတယ်။ သေချာသင်ယူနေတာ အတော်တော့ ချီးကျူးမိတယ်။ နောက် အမတစ်ယောက်ကတော့ ကားမူးလို့ မှိန်းနေပါတယ်။ ကျမက တော်ရုံတော့ ကားမမူးတတ်ပေမယ့် ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်ကားဆို အစပိုင်းမှာ နဲနဲမူးတတ်ပါတယ်။ လေတဖြူးဖြူးနဲ့ ဝုန်းဒိုင်းဂုံးဂွမ်းမောင်းတဲ့ကားဆို လုံးဝမမူးတတ်ပါဘူး။ (အသက်မပျောက်သွားဖို့ ဘုရားတနေရလို့။) တော်တော်လေး သွားမိလာတော့ နောက်က စာသင်နေတဲ့ နှစ်ယောက်လဲ ကားမူးလာကြလို့ အသံတိတ်လာပါတယ်။ အဲဒါနဲ့ အမက သူ့ရဲ့ ရှောက်သီးဆေးပြားတွေ အားလုံးကို လိုက်ကျွေးပါတယ်။ တရုတ်မလေးကိုတော့ ရှောက်သီးဆေးပြားက ဘာနဲ့လုပ်ထားတာကို ဂျပန်လို ရှင်းပြလိုက်သေးတယ်။ ကျမတော့ ရှောက်သီးဆေးပြားစားမှ ဒီတစ်ခါ အိမ်ကိုပစ္စည်းမှာရင် ရှောက်သီးဆေးပြားပါမှာဖို့ စိတ်ကူးရမိတယ်။ ဒီမှာ အချဉ်စားချင်ရင် ရှာရခက်တယ်လေ။

စကားတပြောပြောနဲ့ မောင်းလာလိုက်ကြတာ တဖြည်းဖြည်းနဲ့ "ဖူဂျီကယူး" (Fujikyu Highland)ဆိုတဲ့ ကစားကွင်းဘေးရောက်လာပါတယ်။ အဲဒီထဲမှာ ရိုလာကိုစတာတွေ အများကြီးပါဘဲ။ ကားပါကင်မှာလည်း ကားတွေပြွတ်သိပ်နေပါတယ်။ "ဖူဂျီကယူး"ကနေ ဖူဂျီတောင်ကို လှမ်းမြင်နေရပါတယ်။


ရိုလာကိုစတာတွေမြင်တော့ ဖူဂျီတောင်က နောက်နေ့အပြန်မှာ ရိုလာကိုစတာ စီးကြမယ်ဆိုပြီး စကားစလာပါတယ်။ ကားမောင်းတဲ့သူရဲ့ ညီမလေးက အရမ်းစီးချင်နေတယ်။ သူက ရိုလာကိုစတာ အရမ်းကြိုက်တယ်လို့ပြောတယ်။ အိမ်ကြီးရှင်ကလည်း စီးကြည့်ချင်သတဲ့။ ကျမကတော့ ကိုယ့်သတ္တိကိုယ် အာမတော့ မခံရဲပါဘူး။ ကျန်တဲ့အမကြီးတို့ လင်မယားနဲ့ တရုတ်မလေးကတော့ အမြင့်လုံးဝမရလို့ မစီးပါရစေနဲ့ဆိုတာနဲ့ဘဲ ၇ယောက်မှာ ၂ မဲနဲ့ ရိုလာကိုစတာ မစီးဖြစ်တော့ပါဘူး။ "ဖူဂျီကယူး"ကျော်လာတော့ ဖူဂျီတောင်ဆီသွားရမယ့် တောင်တက်လမ်းဂိတ်ဝ ရောက်လာပါတယ်။


တောင်တက်လမ်းက အတော်လေးပြေပြစ်တာ တွေ့ရတယ်။ အမြင့်ကို တက်နေတယ်လို့ မခံစားရပါဘူး။ ကားနဲ့က "ဂေါ့ဂေါ" (gogou/ fifth station/ ၅ဆင့်)အထိ တက်လို့ရပါတယ်။ "ဂေါ့ဂေါ"က ပင်လယ်ရေမျက်နှာပြင်အမြင့် ပေနှစ်ထောင်ကျော်မှာ ရှိတယ်လို့ ဆိုပါတယ်။ တချို့အကွေ့တွေမှာ ဘေးဘက်ကိုကြည့်လိုက်ရင် တောင်ခိုးတွေနဲ့ အောက်ကို ဘာမှမမြင်ရတဲ့အတွက် အသည်းထဲ လှပ်ခနဲ ဖြစ်သွားရတယ်။ လမ်းတလျှောက်က နေပူပြင်းလာပေမယ့် ဖူဂျီတောင်ကိုရောက်လာတော့ အေးလာပါတယ်။ "ဂေါ့ဂေါ"မရောက်ခင်လေးတင်မှာ လမ်းမှာ ကားတွေပိတ်ပြန်တယ်။ အဲဒါနဲ့ ကျမတို့လည်း ကားပတ်ကင်ရတဲ့နေရာမှ ထားခဲ့ပြီး လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရှေ့ဆက်သွားရင် ပတ်ကင်နေရာ ရ/မရက မသေချာတာမို့ပါ။


မိနစ် ၂၀လောက် လျှောက်ရမယ်ပြောတာဘဲ။ ဆိုင်းဘုတ်ကို ဖတ်ကြည့်တော့ "ဂေါ့ဂေါ"ရောက်ဖို့အတွက် ၂ကီလိုမီတာတဲ့ (အိ!!)။ :O

ကားရပ်ထားတဲ့နေရာကနေ ဖူဂျီတောင်ကို ဓာတ်ပုံလှမ်းရိုက်လိုက်တယ်။


အရင်က ဖူဂျီတောင်ကို ပုံမှန်တောင်လိုဘဲ ထင်ထားတာ။ ရောက်မှဘဲ မဲမဲတူးတူးနဲ့ ချော်ရည်တောင်မှန်း သေချာသိရတော့တယ်။ မီးတောင်ဟောင်းမှန်းသိပေမယ့် အဲလို မဲမဲသံတုံးလို တောင်ကြီးမှန်း မထင်ထားတာလဲ ပါတယ်။ တချို့နေရာတွေမှာ မပျော်သေးတဲ့ နှင်းတွေ လှမ်းမြင်နေရတယ်။ သစ်ပင်လည်း "ဂေါ့ဂေါ"ထိက လွဲပြီး လုံးဝမပေါက်ပါဘူး။ တောင်ကတုံးကြီးကိုကြည့်ပြီး မီးတောင်ပေါက်တုန်းက ဘယ့်နှယ့်များနေမလဲမသိလို့ ကြက်သီးထမိတယ်။ လမ်းဘေးတလျှောက်မှာတော့ ထင်းရှူးလို အပင်တွေ တန်းစီပေါက်နေပါတယ်။ ပန်းမှုန်မှုန်လေးတွေ ပွင့်နေတော့ ပျားတွေ ပိတုန်းတွေလဲ တဝဲဝဲနဲ့။ လျှောက်ရင်း လျှောက်ရင်း အတော်ခြေညောင်းလာကြပါတယ်။ အဲဒါနဲ့ တောင်ပေါ်ကို အလကားဆွဲပေးတဲ့ busကား စောင့်စီးကြတယ်။ အမှန်တော့ busကားနဲ့ဆို တစ်မှတ်တိုင်ဘဲကျန်တော့တာ။ ကျမတို့ ကားရပ်ထားခဲ့တဲ့နေရာကနေဆို ၅ မှတ်တိုင်မြောက်နားမှာ ရှိပါတယ်။


"ဂေါ့ဂေါ"ရောက်တော့ လူတွေအများကြီးကို တွေ့လိုက်ရတယ်။ ကျမတို့ကတော့ မွန်းလွဲနေပြီဖြစ်လို့ နေ့ခင်းစာစားဖို့ အရင်ပြင်ဆင်ပါတယ်။ ကားမောင်းတဲ့ သူငယ်ချင်းကဘဲ ဂျပန် အစားသောက်မရရင် မစားချင်တာမို့ ဘယ်မှာ "ဝ-ရှောကု" (Washoku)ရသလဲဆိုပြီး ဟိုဆိုင် ဒီဆိုင် လိုက်တက်ကြည့်တယ်။ အဆင်ပြေတဲ့ ဆိုင်တစ်ဆိုင်မှာ ဝင်စားလိုက်ကြတယ်။ ခရီးသွားများတဲ့ရာသီဖြစ်တော့ ဆိုင်လည်း လူမနိုင်သလို ဖြစ်နေတယ်။ စားပြီးသောက်ပြီးမှ လက်ဆောင်ပစ္စည်းဆိုင်တွေထဲ လိုက်လျှောက်ကြည့်တယ်။ အတော်များများက စားစရာတွေရောင်းတာပါ။ မြည်းကြည့်ပြီး ကြိုက်မှဝယ်လို့ရပါတယ်။ ကျမက ကိုယ့်ဗမာပါးစပ်နဲ့ မကိုက်လို့ မစားချင်တာနဲ့ မြည်းတောင်မကြည့်မိဘူး။ ဒါနဲ့ အမှတ်တရ ဘာဝယ်ရင်ကောင်းမလဲ လိုက်ကြည့်တော့ ပို့စ်ကဒ်တွေ သွားတွေ့တယ်။ ကိုယ့်ဘာသာ ဓာတ်ပုံရိုက်ရင် အဲလောက်လှတာ မရနိုင်တာမို့ ပို့စ်ကဒ်အထုပ်လေးဘဲ ဝယ်လိုက်ပါတယ်။ (လာလည်သူတွေကို "အိုမိရဂဲ" လက်ဆောင်ပေးဖို့ ပို့စ်ကဒ်တွေကို စကန်ဖတ်ပေးလိုက်တယ်။ အရောင်တော့ သိပ်မလင်းတော့ဘူး ဖြစ်သွားတယ်။)

A scene of swans on Lake Yamanakako and Mt. Fuji



A scene of carp streamers and Mt. Fuji



A scene of the cherry blossoms at the Lake Kawaguchi and Mt. Fuji



A scene of the pasture at Asagiri heights and Mt. Fuji



A scene of the wheat field and Mt. Fuji



A scene of the sunflower field and Mt. Fuji in summer



A scene of lavender flowers at Lake Kawaguchi and Mt. Fuji



A snowy scene of Mt. Fuji and Oshino village in early morning



A scene of the rising sun from the top of Mt. Fuji from Lake Tanuki



A wonderful sunset scene of Mt. Fuji from Hakone


ဟိုဆိုင်ဝင်ကြည့် ဒီဆိုင်ဝင်ကြည့်ပြီး အပြင်ပြန်ထွက်တော့ ဆိုင်တွေအလယ် နေရအကျယ်ကြီးထဲ လူတွေ သူ့အဖွဲ့နဲ့သူ တောင်ပေါ်တက်ဖို့ တန်းစီနေတာ တွေ့ရတယ်။ အားလုံးက တောင်တက်ဝတ်စုံကိုယ်စီနဲ့ပါ။


ခေါက်ဆွဲကြော်၊ အကင်တို့လို မုန့်ဆိုင်တချို့လည်း ထွက်နေပါတယ်။ ကြည့်ရတာ မြန်မာပြည်မှာ ဘုရားပွဲရာသီ ဆိုင်တန်းလေးတွေ ထွက်သလို ခရီးသွားများတဲ့ အချိန် ခနလာဖွင့်ကြတယ်။


ကျမတို့ကတော့ တောင်ပေါ်မတက်ပါဘူး။ အစကတည်းက "ဂေါ့ဂေါ"အထိဘဲ ကားနဲ့တက်ဖို့ စီစဉ်လာတာပါ။ သင်တန်းမှာကတည်းက Senseiကို ဖူဂျီတောင်ရဲ့ ရာသီဥတုကို မေးထားလိုက်တယ်။ တိုကျိုမှာ ပူနေပေမယ့် ဟိုမှာ ဘယ်လိုနေမှန်းမသိလို့။ Senseiက "ဂေါ့ဂေါ"အထိဘဲဆိုရင် အရမ်းမအေးဘူး နေလို့ကောင်းတယ်လို့ ပြောပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ နေရောင်သာ ရှိနေပေမယ့် တချက်တချက် တောင်ခိုးတွေ ဝေပြီး နေရောင်ကို ကာသွားရင် ဆောင်းဝင်စအချိန်လို အေးပါတယ်။ ကျမတို့လည်း တောင်ပေါ်မတက်ပေမယ့် တောင်တက်လမ်းကို နဲနဲတော့ လျှောက်ကြည့်လိုက်ပါတယ်။


တောင်တက်လမ်း အစနားမှာ အတော်ကြီးတဲ့ မြင်းကြီးတွေ တွေ့ရတယ်။ မြင်းစီးပြီး လှည့်ပတ်ကြည့်လို့ရပုံပါဘဲ။ ကျမတို့က ဒီလောက်ကြီးတဲ့မြင်းကို အပြင်မှာ မြင်ဖူးတာ ပထမဆုံးမို့ အံ့ဩနေမိတယ်။ တချက်အကန်ခံလိုက်ရလို့ကတော့ တေပြီဆရာ ဖြစ်သွားမယ်ထင်တယ်။ ဟိုလျှောက်ဒီလျှောက်ရင်း ဒီအစွန်းလေးနားကို အတူပါလာတဲ့ အမက အားလုံးတားနေတဲ့ကြားက သွားရပ်ပြီး တောင်အောက်ကို ချောင်းကြည့်တယ်။


ဒါကိုမြင်တဲ့ ပတ်တရောင်လှည့်တဲ့ ရဲသားအဖွဲ့ထဲက တစ်ယောက်က အဲဒီနားမရပ်ဖို့၊ အန္တရာယ်ကြီးတယ်ဆိုပြီး လာသတိပေးပါတယ်။ ဟုတ်တော့လည်း ဟုတ်သား။ မြေသားလေး နဲနဲစွန်းထွက်နေတာ။ အမရဲ့ ဝိတ်ကြီးနဲ့ ကံကောင်းလို့ ပြိုမကျတာ။ ဟိုဟိုဒီဒီ လျှောက်ပြီး ကျမတို့လည်း ဖူဂျီတောင်က ပြန်ဖို့ ကားမှတ်တိုင်မှာ တန်းပြန်စီရတယ်။ ကားလာတာကို အတော်လေး စောင့်လိုက်ရပါတယ်။ စီးပြီးတော့ တစ်မှတ်တိုင်မြောက်ဘဲရှိသေးတယ်၊ ကားမောင်းတဲ့သူက ကျမတို့ ဆင်းမယ်မှတ်တိုင်ဆိုပြီး မှားရပ်ပေးတော့ ဆင်းခဲ့ရတယ်လေ။ လျှောက်ပြန်ဦးတော့ နှစ်ကီလိုနီးပါးကို။

ဖူဂျီတောင်ကနေပြန်တော့ တည်းမယ့် နေရာကို သွားပါတယ်။ တည်းခိုခန်း (Ryokan)လို အိမ်ပါ။ တစ်လလောက်ကတည်းက ကြိုတင်ပြောထားတာမို့ လွယ်လွယ်ကူကူ ငှါးလို့ရထားတာပါ။ ကပ်မှပြောရင် မရတတ်ပါဘူး။ အဲဒီမှာဘဲ ညစာကျွေးပါတယ်။ တည်းခိုခ ယန်း ၆၀၀၀ ကျော်မှာ ညစာနဲ့ နောက်တမနက်စာပါ ပါပါတယ်။ စားစရာတွေကလည်း အရင်က စားဖူးတဲ့ ဂျပန်အစားအစာတွေထက် လက်ရာလည်းကောင်း စုံလည်းစုံတယ်။ ထမင်းစားခန်းဆင်းလာတော့ ကင်မရာမယူမိလို့ မရိုက်ဖြစ်လိုက်ပါဘူး။ ကားမောင်းတဲ့ သူငယ်ချင်းက ဒီတည်းခိုခန်းက စေတနာပါလို့ လာတည်းတာလို့ ပြောတယ်။ ဟုတ်မှာပါ၊ တည်းခိုခန်းပိုင်ရှင် ဂျပန်ဖွားဖွားတစ်ယောက်နဲ့ သူ့မိသားစုဝင်တွေ ချက်ပြုတ်ကျွေးတာပါ။ အသားစိမ်းမစားနိုင်တဲ့ကျမကတော့ "စာရှိမိ"တွေ အိမ်ကြီးရှင်ကိုဘဲ စားခိုင်းရတယ်။ စားရင်းနဲ့ နောက်တမနက် ဘယ်အချိန်ထွက်မယ် တိုင်ပင်ကြပါတယ်။ စောစောထွက်နိုင်ရင် ဖူဂျီတောင်ပတ်ဝန်းကျင် တော်တော်များများ သွားလည်လို့ရပါတယ်။ မနက် ၇ နာရီကို စောစောမထနိုင်တဲ့ အမကြီးရဲ့ အမျိုးသားက ဈေးဆစ်ရာက ၈နာရီမှာ မနက်စာစားပြီး ထွက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တည်းခိုခန်းပိုင်ရှင်ကိုလည်း မနက်စာ စားမယ့်အချိန်ကို ပြောရပါတယ်။ ဒါမှ အချိန်မှီ စီစဉ်ပေးနိုင်မှာပါ။

မနက်စောစော မထကြတဲ့ အကြောင်းအရင်းက သောက်ကြမလို့လေ။ တိုကျိုမှာကတည်းက ရေခဲဗူးနဲ့ ဘီယာတွေ သယ်လာကြပါတယ်။ အိမ်ကြီးရှင်က alcohol allergic ရှိတော့ ဒီဝိုင်းထဲ မပါနိုင်ရှာတာမို့ စောစောအိပ်ယာဝင်ဖြစ်ပါတယ်။ သူ မသောက်နိုင်တာ ဘာမှမဖြစ်ပေမယ့် ညကျဒုက္ခရောက်ရတာ ကျမပါ။ တမျိုးမတွေးနဲ့ဦး။ ညတရေးနိုးမှာ နံရံပေါ်က အလင်းကွက်တွေမြင်တော့ "ဟင် ဘာကြီးလဲမသိဘူး" ထလုပ်ပါရော။ ကျမလဲ ရုတ်တရက် လန့်သွားပေမယ့် ဟုတ်ပါဘူး၊ အပြင်က အလင်းဝင်တာလား၊ နံရံမှာ အနုမြူလိုပုံကပ်ထားတာလားမှမသိတာလို့ ပြောလိုက်မှ အင်းဆိုပြီး အိပ်ပျော်လွယ်သူပီပီ ချက်ချင်းပြန်အိပ်သွားတယ်။ သူ့ကို စိတ်အေးအောင်ပြောလိုက်ပေမယ့် ကျမလဲ ဘာမှန်းမသိတော့ ကြောက်မိပြီး ဘုရားစာ ရွတ်နေရတယ်။ ကျမက တော်တော်ကြာမှ စပြီးမှေးခနဲရှိသေး ဒုန်းခနဲ ခပ်အုပ်အုပ်အသံမြည်လို့ အိမ်ကြီးရှင် ပြူးတူးပြဲတဲထလာပြန်တယ်။ ဘာမှမဟုတ်ဘူး အိပ် အိပ်လို့ ပြောလိုက်မှ ပြန်အိပ်ပြန်တယ်။ သိပ်မကြာခင် နောက်တစ်ခေါက် ဒုန်းဆိုတဲ့ အသံပြင်းပြင်းထပ်မြည်လို့ သူငုတ်တုတ်ထထိုင်ပြီး ဟော ကြားလားလုပ်ပြန်ရော။ (သူ့ထက် အအိပ်ဆတ်တာ ကြားသားဘဲ) စိတ်က ဖုချင်လာပြီ၊ အေးဆေးမ အိပ်ရသေးဘူး။ ခြေရင်းအခန်းက အိပ်ပျော်ရင်း နံရံကန်မိတာဖြစ်မှာပါလို့ ပြောလိုက်မှ ဟုတ်လား!ဆို ပြန်အိပ်သွားတယ်။ ဘေးကနေ တခူးခူးဟောက်နေတဲ့သူ့ကို ကြည့်ပြီး အမြင်ကပ်ကပ်နဲ့ ခေါင်းအုံးနဲ့ ထုချင်တော့တယ်။ ပြောချင်ရာထပြောပြီး ပြန်အိပ်သွားတော့ အိပ်ပျော်ရခက်တဲ့ကျမ မျက်စိဇွတ်မှိတ် ဘုရားစာရွတ်နေရတယ်။ မနက်ဖြန် လျှောက်လည်ရင် မျက်ကွင်းလေး ဟောက်ပက်ဖြစ်နေတော့မှာဘဲ။ ဓာတ်ပုံရိုက်ရင် လှတော့ဘူးနေမှာ။ (အစကတည်းကလည်း လှပါဘူး။:D)

(နောက်မှ ဖူဂျီတောင်ပတ်ဝန်းကျင်မှာ လည်ခဲ့တဲ့ နေရာတွေကိုရေးပါဦးမယ်။

6 comments:

ဇနိ said...

ဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ငေးမောသွားတယ်။ တူနှစ်ကိုယ်တောင်တက်တာဆိုတော့ ပျော်စရာကြီးနေမှာပေါ့နော်။
ဖူဂျီတောင်တက်တာ ပင်ပန်းတယ်ဆိုလို့ မသွားရသေးဘူး။ နောက်များမှ...
မဇနိ

myatnoe said...

ဖူဂျီတောင်ကို တက်ဖို့ စိတ်မကူးခဲ့ဘူး။ ခုကျတော့ စာဖတ်ရင်းတက်လိုက်ရပီ.
ပို့သကဒ်၂ခုဆွဲသွားတယ် ထိပ်ဆုံးပုံနဲ့ ချယ်ရီပုံလေး

nu-san said...

ညီမလေးနဲ့အတူ ဖူဂျီတောင်လိုက်တက်ရတာ မောသွားတာပဲ.. ဟောဟဲ.. :D

အမလည်း အဲဒီကို အရမ်းသွားချင်တာ။ တောင်ပေါ်ထိ မရောက်ဖူးရင်တောင် အဝေးက မြင်ရရင်ပဲ ကျေနပ်ပါပြီဆိုပြီး Hakone ကို လွန်ခဲ့တဲ့ ၃ နှစ်က သွားလိုက်သေးတယ်။ အဲဒီနေရာကနေ ကြည့်ရင် Fuji တောင်ကို မြင်ရတယ်ဆိုတာကိုး.. အမတို့သွားတော့ November ကြီးဖြစ်နေတာနဲ့ ရာသီဥတုက မှုန်မှုန်မှိုင်းမှိုင်းကြီးမို့ Fuji တောင်ကို မမြင်ခဲ့ရဘူး.. နွေဘက်သွားမှ မြင်ရတာဆိုတော့ အမတို့လည်း နောက်တခါ မသွားဖြစ်တောတာ အခုထိပဲဆိုပါတော့..:D

little moon said...

မနှစ်က တိုကျိုကို ITPEC Meeting အတွက်သွားခဲ့ရတုန်းက ရောက်ချင်ခဲ့တဲ့ နေရာနှစ်ခု မရောက်ခဲ့ဘူး။ ဖူဂျီတောင်ရယ် ကမာကူရ ဘုရားရယ်။ နောက်တစ်ခေါက်ကြုံရင်တော့ ရောက်ချင်ပါသေးတယ်။

Taungoo said...

အမမြရေ
ပျော်စရာကြီးဗျာ
ဘာလို့ တောင်ပေါ်ဆက်မတက်ကြတာလဲ
ကျွန်တော်သာဆို တောင်ထိပ်ထိတက်မှာ
ဂျပန်လာလည်ချင်နေပြီဗျာ
ဆက်ရေးပါဦး

မေတ္တာဖြင့်

မောင်မျိုး said...

ပျော်စရာကြီးဗျာ သွားချင်လိုက်တာ ဖူဂျီတောင်က တော်တော်နာမည်ကြီးတာပဲနော် နှင်းတွေ အရမ်းကျတာကို ကြိုက်တယ် အနွေးထည်နဲ့  ပဲများရတာ ပိုမိတယ်ထင်လို့ ဟိဟိ ဒါပေမယ့် ကျနော်တို့ ဘက်မှာတော့ အေးရင် ခဏပါပဲ နှင်းက မြင်တောင်မမြင်ရဘူး အားကျတယ် ဒါနဲ့  အိမ်ကြီးရှင်ဆိုတာ ဘူတုန်းဗျ :P

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP