Saturday, August 2, 2008

ဂျပန်ပုံပြင် (၁)


ဘာသာပြန်ဖို့ စာကြီးပေကြီးတွေ အင်တာနက်ထဲ မွှေနှောက်မိတော့ ရှာတွေ့တာက ကလေးပုံပြင်တွေ။ ဖတ်ကြည့်တော့ မဆိုးဘူး။ မဆိုးဘူးဆိုးတာက ကိုယ့်လယ်ဗယ်နဲ့ ဖတ်လို့နိုင်တာ ပြောတာ။ :D ကလေးပုံပြင်တောင် အဘိဓာန်လေးနဲ့ တွဲပြီး ဘာသာပြန်ရတဲ့ အခြေအနေပါ။ ကိုဇနိ တိုက်တွန်းလို့ ဂျပန်စာပေလေးတွေ ရှာဖွေ ဘာသာပြန် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်မှ အဲလောက်မတတ်တာဆိုတော့ ဖတ်နိုင်တာလေးဘဲ ရွေးပြီး တင်ဖြစ်ပါတယ်။ အိမ်ကြီးရှင်က ပြောပါတယ်။ "နစွတ်မဲ့ စို့စဲကိ"ဆိုတဲ့ စာရေးဆရာသိလားတဲ့။ "ဟင် ဘာ? သိဘူးလို့"။ အဲဒီစာရေးဆရာက နာမည်ကြီးဆိုဘဲ။ သူ့စာအုပ်ဖတ်မလားလို့ ပြောတော့ တော်ပါပြီ။ အင်တာနက်ထဲက ဆယ်မျက်နှာစာလောက် ဝတ္ထုတိုတွေတောင် မနည်းဖတ်ယူရတယ်။ စာတစ်ကြောင်းပြီးဖို့အရေး အနည်းလေး သုံးမိနစ်လောက်ကြာတယ်။ လိုရင်းကို တော်ရုံနဲ့ မရောက်နိုင်တော့ဘူး။ မသိတဲ့ ခန်းဂျီးဗရပွနဲ့လေ။ သူ့ဝတ္ထုစာအုပ်ရှည်များ ဖတ်ရမယ်ဆို ပြီးပါလေရော။ ကိုယ်သန်ရာသန်ရာ ကလေးစာပေဘဲ လိုက်ဖတ်နေမိတယ်။ ခု ဖတ်မိတဲ့ ပုံပြင်တွေထဲကမှ လာလည်တဲ့သူတွေကို ခြောက်ချင်လို့ သရဲပုံပြင်လေးတွေ တင်လိုက်တယ်။ ပြောသာပြော်ရတာ ကလေးပုံပြင်ဆိုတော့ ကြောက်ဖို့မကောင်းပါဘူး။ ကျမဘလော့မှာ သရဲနဲ့ ပတ်သက်တာတင်တာ ပထမဆုံးထင်တယ်။ ကြောက်ချင်ထောင် အဲ ကြောက်ချင်ယောင် ဆောင်ကြနော်။ :P



နောက်ဆုံးသော ရေ

ဟိုးရှေးရှေးတုန်းက တောင်တစ်တောင်မှာ တောင်တက်လမ်းပြ အဘိုးအိုတစ်ယောက် ရှိသတဲ့။
အဘိုးအိုဟာ တောင်ခြေနားမှာ တဲအိမ်လေးဆောက်ပြီး တောင်တက်လာသူတွေကို လမ်းပြတဲ့အလုပ်လုပ်ကိုင်ရင်း နေထိုင်ပါတယ်။
ဒီလိုနဲ့ နွေရာသီ ညနေခင်းမှာ တောင်ခြေကနေ ကြားရတဲ့ ထူးထူးဆန်းဆန်းအသံကြောင့် အဘိုးအိုက ရုတ်တရက် အိပ်ယာနိုးလာတယ်။
"ဟယ်!! ဒီလောက်ညကြီးမင်းကြီး ဘာသံပါလိမ့်"
တဲထဲကနေ အပြင်ထွက်ကြည့်တော့ ငိုညည်းသံလို အသံက ပဲ့တင်လာတယ်။
ဒါဟာ လူတစ်ယောက် နှစ်ယောက်အသံမျိုးမဟုတ်ဘူး။ လူအများကြီး တပြိုင်ထဲ ငိုနေတဲ့ အသံလိုမျိုး ကြားရတယ်။
"မျက်စေ့လည် လမ်းပျောက်လာတဲ့ ကလေးတွေများလား? ဒါပေမယ့် ဒီအချိန်ကြီး တောင်တက်တဲ့သူ မရှိပါဘူး"
အဘိုးအိုက အသံလာရာဘက်ကို ချောင်းကြည့်လိုက်တယ်။
ကောင်းကင်မှာ အလင်းရောင်ရှိသေးရဲ့သားနဲ့ မြူတွေသိပ်သည်းလာပြီး ဘာမှမမြင်ရဘူး။
ငိုညည်းကြီးသံက ပိုပိုပြီး ကျယ်လောင်လာပြီး မြူတွေထဲကနေ လေသင့်ရာ လွင့်ပျံ့လာတယ်။
အဘိုးအိုက အဲဒီနေရာမှာ ကျောက်ရုပ်လို ငြိမ်သက်နေမိတယ်။
အဲလိုနေတုန်း ရုတ်တရက် မြူတွေက လှုပ်ရှားလာပြီး ကောင်းကင်မှာ လလည်း ထွက်လာတယ်။
တချိန်ထဲမှာဘဲ ဟိုးအဝေး အောက်ခြေမှာ ဖြူဖျော့ဖျော့ အိုင်ငယ်လေးက ဝိုးတဝါး ပေါ်လာတယ်။
"ဟာ! ဘာပါလိမ့်"
အရင်နဲ့မတူတဲ့မြင်ကွင်းကြောင့် အဘိုးအိုက စူးစိုက်ကြည့်နေမိတယ်။
အဖြူရောင်ဝတ်စုံကို ဝတ်ထားတဲ့ လူလိုလိုတွေက ရေအိုင်အစပ်နားမှာ လှည့်ပတ်လှုပ်ရှားနေကြတယ်။
အဘိုးအိုက ရုတ်တရက် တောင်ပေါ်ကနေ ဆင်းလာမိတယ်။
ရေအိုင်အပေါ်ဘက်နားအထိ ရောက်လာပြီး အောက်ကိုချောင်းကြည့်မိလိုက်တော့---
အဝတ်အဖြူတွေ ဝတ်ထားတဲ့လူတွေက လုယက်ပြီး ရေသောက်နေတာ တွေ့လိုက်ရတယ်။
အဘိုးအိုက ရုတ်တရက် လှမ်းပြောလိုက်တယ်။
"ဟေး!!!! မင်းတို့တွေ၊ အဲဒီမှာ ဘာလုပ်နေကြတာလဲ?"
အဲဒီအခါ အဲဒီလူတွေက တပြိုင်ထဲ အဘိုးအိုကို မော့ကြည့်လိုက်ကြတယ်။
အားလုံးရဲ့ မျက်နှာတွေက ဖြူဖျောဖျောဗြောင်ကြီးတွေ၊ ဆံပင်တွေ ဖားလျားကျနေပြီး နဖူးမှာ တြိဂံပုံ အဖြူရောင် နဖူးစီးပတ်ထားကြတယ်။ (ဂျပန်သရဲစတိုင်)
ပြီးတော့ မျက်လုံးတွေက မီးလို အရောင်တွေ ထွက်နေတယ်။
"တ.... တ....တစ္ဆေ~~~"
တစ္ဆေဆိုတာ မကောင်းမှုတွေလုပ်ပြီး သေသွားတဲ့သူတွေ၊ ပြီးတော့ ငရဲကို အပို့ခံရတဲ့သူတွေဘဲ။
အဘိုးအိုက မျက်စေ့ကိုမှိတ်၊ လက်အုပ်မိုးပြီး ဘုရားစာကို စူးစူးစိုက်စိုက်ရွတ်ပါတော့တယ်။
"ကယ်တော်မူပါဘုရား၊ ကယ်တော်မူပါဘုရား ၊ကယ်တော်မူပါဘုရား" (သင့်သလို ဘာသာပြန်ခြင်း)
အဘိုးအိုရဲ့ ဘုရားစာရွတ်သံကြောင့်လားတော့မသိ တစ္ဆေတွေက အသံနက်ကြီးနဲ့ အော်ဟစ်ထွက်ပြေးကုန်တော့တယ်။
ခဏအကြာမှာ မျက်စေ့ကို ဖွင့်ကြည့်လိုက်တော့ တစ္ဆေတွေ ဘယ်မှာမှ မရှိတော့ဘူး။
"ဟူး~~ တော်သေးတာပေါ့"
အဘိုးအိုက စိတ်အေးသွားပြီး တောင်ပေါ်ပြန်တက်လာတုန်း ဟိုးအရင်တုန်းက သူ့အဖေဆီက ကြားဖူးတဲ့စကားကို ပြန်အမှတ်ရလာတယ်။
"ဖူဂျီတောင်ရဲ့ "တတဲ"တောင်မှာရှိတဲ့ ငရဲပြည်သွားတဲ့ တောင်ကြားလမ်းဆီကိုသွားမယ့် တစ္ဆေတွေက အမြဲတန်း ဒီနေရာမှာ နောက်ဆုံးသော ရေကို သောက်ကြတယ်။ တစ္ဆေကို မြင်မိတဲ့လူကလည်း သိပ်မကြာခင် ငရဲကို ဆွဲချခံရတတ်လို့ သတိထားနော်"တဲ့။(ဟင်!!) *_*!
သူ့အဖေ စကားအတိုင်း တစ်လတောင် မရှိခင်မှာဘဲ အဘိုးအိုက သေဆုံးသွားပါတော့တယ်။

******


သေရမှာ ကြောက်လို့


ဟိုးရှေးရှေးတုန်းက "မုစွတ်"နိုင်ငံရဲ့ ရွာတရွာမှာ "မန်းဂျိရိုး"လို့ ခေါ်တဲ့ အကြောက်ထူတဲ့ လူတစ်ယောက် ရှိတယ်။
ရွာက တယောက်ယောက် ဆုံးပြီဆိုရင် ဒီတခါ ငါ့အလှည့်များလားဆိုပြီး အမြဲတန်း ကြောက်လန့်နေတယ်။
တနေ့မှာ "မန်းဂျိရိုး"က ဆုံးသွားတဲ့ အဖိုးဆီက ကြားဖူးတဲ့ စကားကို ပြန်သတိရမိတယ်။
"၁လပိုင်း ၁၆ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ ဘယ်သူမှ မသိအောင် အိမ်ခေါင်မိုးပေါ်တက်ကြည့်မယ်ဆိုရင် အဲဒီနှစ်မှာ သေရမယ့်လူတွေကို သိရလိမ့်မယ်"လို့ ပြောခဲ့တဲ့ စကားပါ။
(မဟုတ်မှ လွဲရော၊ ငါ့ကံကြမ္မာကို သိရမလားဘဲ)
သေရမှာ အရမ်းကြောက်တဲ့ "မန်းဂျိရိုး"က နောက်နှစ်ရဲ့ ၁လပိုင်း ၁၆ရက်နေ့မှာ အားလုံးအိပ်ပျော်တာကို စောင့်ပြီး တိတ်တိတ်ကလေး အိမ်ခေါင်မိုးပေါ် တက်ခဲ့တယ်။
"အား!! ချမ်းလိုက်တာ"
"မန်းဂျိရိုး"က တဂတ်ဂတ်တုန်နေရင်း ဟိုဟိုဒီဒီ လိုက်လှည့်ပတ်ကြည့်လိုက်တယ်။
အိမ်တိုင်း မီးမှိတ်နေပြီး ဘာသံမှမကြားရအောင် တိတ်ဆိတ်လို့နေတယ်။
အဲဒီအချိန်မှာဘဲ ရွာလယ်လမ်းမကနေ တဖြေးဖြည်း ဒီဘက်ကို ရွေ့လာတဲ့အရာတခုကို လှမ်းမြင်လိုက်ရတယ်။
အဖြူရောင် ဝတ်စုံဝတ်ပြီး နဖူးမှာ အဖြူရောင်တြိဂံပုံစာရွက် ချည်ထားတဲ့ လူသေ။
(သ~ သရဲ)
"မန်းဂျိရိုး" ကြောက်သွားပေမယ့် သေချာကြည့်မိတော့ အဲဒါ အိမ်နားမှာနေတဲ့ အဖွားပါလား။
လူငယ်တွေနဲ့အတူ တောင်ယာအလုပ်လုပ်လိုက် မြေးထိန်းလိုက်နဲ့ ကျန်းမာဖျတ်လတ်နေသူလို့ သိထားတာပါ။
ဒီမတိုင်ခင်တောင် ဆုံဖူးသေးတာ၊ သေတယ်လို့ မကြားမိပါဘူး။
"မန်းဂျိရိုး"က အထူးတဆန်းဖြစ်ပြီး ခေါင်မိုးပေါ်ကနေ အဖွားကို ကြည့်နေမိတယ်။
အဖွားက အသက်အနှုတ်ခံထားရတဲ့ မျက်နှာနဲ့ ရွေ့ရွေ့ ရွေ့ရွေ့ လမ်းလျှောက်နေတယ်။
(ဘယ်များသွားမလို့ပါလိမ့်?)
"မန်းဂျိရိုး"ရဲ့ အိမ်ရှေ့ကို ဖြတ်သွားတဲ့ အဖွားက နောက်ဆုံး ရွာအလွန်မှာရှိတဲ့ သင်္ချိုင်းဆီ ဦးတည်ပြီး မီးခိုးလို ပျောက်ကွယ်သွားပါတယ်။
(အင်းမ်... ဒီအဖွား ဒီနှစ်ထဲ သေမှာများလား?)
"မန်းဂျိရိုး"က ခေါင်းလိမ်ပြီး စဉ်းစားနေတုန်း ဒီတခါ အိမ်နားကဘဲ ဆင်တူ လူသေဝတ်စုံဝတ်ထားတဲ့ မိန်းမပျိုလေး ထွက်လာတယ်။
(ဟယ်! ဒီကောင်မလေး!!)
"မန်းဂျိရိုး"က အသံထွက်မလို ဖြစ်သွားတယ်။
ရွာထဲမှာ ချောလွန်းလို့ နာမည်ကြီးတဲ့ မိန်းမပျိုလေးဖြစ်ပေမယ့် ဖျားနာပြီး မျောနေတယ်လို့ ကြားဖူးတယ်။
မိန်းမပျိုလေးလဲ ရွာအလွန်သင်္ချိုင်းရှေ့နားမှာဘဲ မီးခိုးလို ပျောက်ကွယ်သွားပါတယ်။
(ကြည့်ရတာ ဒီနှစ်ယောက် ဒီနှစ်အတွင်း ဆုံးမလား မသိဘူး?)
အဲလိုတွေးမိပြီး ကြောက်လွန်းလို့ ဘယ်သူ့ကိုမှ ပြောမပြရဲဘူး။
"မန်းဂျိရိုး"ထင်တဲ့အတိုင်းပါဘဲ၊ မကြာခင်မှာ အဖွားရော မိန်းမပျိုလေးပါ ဆုံးသွားပါတယ်။
အဲဒီကနေစပြီး နှစ်တိုင်း ၁လပိုင်း ၁၆ရက်နေ့မှာ ခေါင်မိုးပေါ်တက်ပြီး ဒီနှစ် ဘယ်သူသေမှာလဲကို စောင့်ကြည့်နေတော့တယ်။
အဲဒီလိုနဲ့ တနှစ်မှာတော့---
ဒီနှစ်လည်း ၁လပိုင်း ၁၆ရက်နေ့ညမှာ ခေါင်မိုးပေါ်တက်ပြီး အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အဲဒီမှာ မြင်လိုက်ရတဲ့ လူသေအဝတ် ဝတ်ထားတဲ့သူက သူကိုယ်တိုင် ဖြစ်နေတယ်။
(ဟင်! အ အောင်မလေး~~)
"မန်းဂျိရိုး" ကြောက်လွန်းလို့ အသက်ရှူရပ်မတတ် ဖြစ်သွားတယ်။
လမ်းပေါ်က "မန်းဂျိရိုး"က ခေါင်မိုးပေါ်က "မန်းဂျိရိုး"ကို မော့တောင်မကြည့်ဘဲ ဖြည်းဖြည်းချင်း သင်္ချိုင်းဆီ လှမ်းသွားနေပါတယ်။
နောက် သင်္ချိုင်းရှေ့ရောက်တော့ မီးခိုးလို ပျောက်ကွယ်သွားတယ်။
"မန်းဂျိရိုး"လည်း ခေါင်မိုးပေါ်က အမြန်ဆင်းပြေးပြီး အိမ်သားတွေကို လိုက်နှိုးတယ်။
"ငါ ငါသေတော့မှာ"
အိမ်သားတွေလည်း လန့်သွားတယ်။
"ဘာအရူးထပြန်တာလဲ။ အိပ်မက်ဆိုး မက်တာမဟုတ်လား"
"မဟုတ်ဘူး၊ အိပ်မက်မဟုတ်ဘူး၊ တကယ်....."
လို့ အစချီပြီး အခုအချိန်အထိ အကြောင်းတွေကို အားလုံးကို ဖွင့်ပြောပြလိုက်ပေမယ့်
"အမ်! ဒါမျိုး ဘယ်သူမှ မယုံဘူး"
လို့ ပြောပြီး ဘယ်သူမှ အရေးမလုပ်ပါဘူး။
အဲဒီကနေ "မန်းဂျိရိုး"က အရင်ကထက်ကို ပိုကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်နေရပြီး အဲဒီနှစ်ရဲ့ ဆောင်းဦးမှာ ရုတ်တရက် သေဆုံးသွားတော့တယ်။
"မန်းဂျိရိုး"အကြောင်းကို ရွာထဲမှာ တီးတိုးတီးတိုး ပြောနေကြပေမယ့် အားလုံးက ကြောက်ကြတာမို့ ၁လပိုင်း ၁၆ရက်နေ့ညရောက်ပေမယ့်လည်း အိမ်ခေါင်မိုးပေါ် တက်ကြည့်ရဲသူ တစ်ယောက်မှ မရှိပါဘူး။


7 comments:

ဇနိ said...

ကြောက်လို့ မျက်စိကို လက်နဲ့ကာပြီး လက်ချောင်းကြားကနေ ဖတ်သွားတယ်...
း)
ဘာသာပြန်တာကောင်းတယ်...
(ဘုတ်ကျီးမြှောက် - ကျီးဘုတ်မြှောက်) ဖြစ်နေရင် ဖြစ်ပလေ့စေ ချီးကျူးမှာပဲ။

ဆက်လက်ပြန်နိုင်ပါစေ..
- ကျနော်တော့ ၄-၅ ရက် ပျောက်နေဦးမယ်..ခရီးထွက်မလို့
ဘလော့ဂ်ကို မဇနိ လက်ထဲအပ်ထားခဲ့တယ် - မဇနိဆီ အလည်လေးသွားလိုက်ပါဦး... (တစ်ယောက်တည်း ထားခဲ့ရတာ စိတ်တောင် မချဘူး) - မဆိုင်တာတွေပြောတာနဲ့ စာရှည်သွားပြီ...သည်းခံပါဦး

nu-san said...

အမလေး.. သရဲအကြောင်းရေးထားတယ်.. အမ သရဲ ကြောက်တတ်တယ် ညီမလေးရဲ့.. နဂိုကလည်း သတ္တိက ခပ်ကောင်းကောင်း.. မိုးချုပ်ရင် အိမ်ရှေ့ကို တစ်ယောက်တည်း မထွက်ရဲဘူး.. :P
ဒါပေမယ့် ဖတ်လို့ကောင်းတယ်.. နောက်လည်း များများဘာသာပြန်ပေးနော်.. :D

khin oo may said...

ညကလည်းနက် သန်းကောင်းကျော်. ဒီ အချိန် မှာ ဖတ်မိတာ သရဲ ပုံပြင်. ကြောက်လို. ကြက်သိမ်းတောင်ထ။ တလပိုင်း ၁၆ ရက် က ပို ကြေက်စရာ ကောင်းတယ်။

myatnoe said...

၁လပိုင်း၁၆ ရက်နေ့ ... အံဒါတကယ်ဆို ကြည့်ချင်လိုက်တာ... ဟီးဟီးး...

ပုံပြင်လေးတွေ ဆက်ရေးပေးပါ..။
ပုံပြင်ကြိုက်တယ်။
မအားသေးလို့ သိလား
ဟိုနေ့က စိတ်ရှုက်လို့ yukata collection model show သွားကြည့်တာ ပြန်တင်ပေးမယ်..။
ဟီး

ဇနိ said...

ညီမရေ ဂျပန်စာတွေ ဘာသာပြန်တတ်တယ်နော်။ အားကျလိုက်တာ။ မဇနိကတော့ ဘာသာပြန်ဖို့ထားလို့ စကားတောင် မနည်းပြောနေရတယ်။ အားပေးတယ်။

မောင်မျိုး said...

"ကယ်တော်မူပါဘုရား၊ ကယ်တော်မူပါဘုရား ၊ကယ်တော်မူပါဘုရား" (သင့်သလို ဘာသာပြန်ခြင်း) ကို ရမ်းတုတ်လိုက်အုံးမယ် တရုတ်လိုကျ ကျူးမှီးငှားး ကျူးမှီးငှား လို့ အော်တယ်နော် အရင်က သိုင်းကားတွေကြည့်တော့ အလွတ်ကျက်ထားတား) ဘာသာပြန်ပုံပြင်လေးအတွက် ကျေးဇူးပါ အစ်မရေ့ ။

ရွှန်းမီ said...

အဟိ.. သရဲပုံပြင် ဆိုလို့ ဟိုနေ့ညက မဖတ်တော့ပဲ ပြန်သွားတာ.. အဲလို သတ္တိက ကောင်းတာ.. =)
ခုမှ ရောက်တော့တယ်။
....
နောက်ဆုံးရေအိုင်မှာ ရေသောက်နေသူတွေကို ထွက်ပြေးအောင် လုပ်လို့ စိတ်ဆိုးပြီး ဆွဲခေါ်သွားတာ ထင်တယ်။ ရေတွင်း တူးပေးထားမှ.. =)
....
၁ လပိုင်း ၁၆ ရက်နေ့ ..
အဲလောက်အေးပြီး ခြောက်ခြားဖို့ကောင်းတဲ့ ညကြီးမှာ မီသာ အိမ်ခေါင်မိုးပေါ်တက်ကြည့်ရရင် ဘာမှမမြင်ရခင် လန့်ပြီးသေမလားပဲ.. :-)
....
တင်ထားတဲ့ သရဲပုံလေးကတော့ ချစ်စရာလေး. မမဝေ ဆွဲထားတာလား.. (",)?

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP