Saturday, August 9, 2008

ဂျပန်ပုံပြင်(၂)


ငရဲပြည်သို့ တခေါက် 



ဟိုးရှေးရှေးတုန်းက "နစ်ကိုး"မြို့ရဲ့ "ရှကိုးဂျိ"ဘုန်းတော်ကြီးကျောင်းမှာ "ခကုဂဲန်း ရှောနင်း" လို့ခေါ်တဲ့ ဘုန်းတော်ကြီး တစ်ပါးရှိတယ်။
တနေ့တော့ "ရှောနင်း"ဟာ ဘေးစောင်း လှဲလျက်သားနဲ့ သေဆုံးသွားပါတယ်။
ဒါပေမယ့် သူ့ ကိုယ်ခန္ဓာက အသက်ရှိနေသလို ခပ်နွေးနွေးနဲ့ အသားကလဲ ပုံမှန်အရောင်ပါဘဲ။
အသက်လည်းမရှူ နှလုံးကလည်း လုံးဝမခုန်တာကတော့ အခြား လူသေတွေလိုပါဘဲ။
"ဘယ်လိုလုပ်ကြမလဲဟေ့?"
လူတွေက ဘယ်လိုလုပ်ရမှန်းမသိ ဒုက္ခရောက်နေကြတယ်။ ဒီလိုနဲ့ ၁၇ရက်တောင် ကျော်လာတယ်။
အဲဒီအချိန်မှာ ရုတ်တရက် "ရှောနင်း"က ဖျက်ခနဲ မျက်စေ့ပွင့်လာတယ်။
"ဟာ! မျက်စေ့ပွင့်လာပြီ၊ ပြန်သတိရလာပြီ"
"ရှောနင်း"က သူ့ကို ဝိုင်းပြီး စိတ်ပူနေတဲ့ သူတွေကို အခြေအနေကို ရှင်းပြတော့တယ်။
"ကြည့်ရတာတော့ ငါ သေသလို ဖြစ်နေမယ်ထင်တယ်။ အားလုံး စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်။ တကယ်တော့ ငါ ခုလေးတင် ငရဲပြည်ခရီးက ပြန်ရောက်လာတာ။ အတော်ဘဲ အားလုံးကို ပြောစရာရှိတယ်"
အဲလိုပြောပြီး "ရှောနင်း"က ထူးဆန်းတဲ့ အကြောင်းကို စပြောပါတော့တယ်။
"ဖျတ်ကနဲ့ သတိထားမိတဲ့အချိန်မှာ ငါက တိမ်တွေကိုစီးပြီး အမှောင်တိုက်ထဲ တိုးတိုးဝင်နေတယ်။
ဒီလိုနဲ့ မီးတောက်တွေ ဝိုင်းနေတဲ့ တောင်မုဒ်ဦးဝကို ရောက်သွားပြီး အဲဒီမှာ ဘီလူးတွေ ရပ်နေတယ်။
ဒါ နာမည်ကြီးတဲ့ ငရဲတခါးဝမှန်း သိလိုက်တယ်။
မုဒ်ဦးကို ဖြတ်ပြီး နောက်တော့ ငရဲမင်းရဲ့ ခန်းမထဲ ရောက်သွားတယ်။ ငရဲမင်းရှေ့မှာတော့ လူတွေအများကြီး တန်းစီနေတာဘဲ။ ငရဲမင်း အဆုံးအဖြတ်ကို နာခံရမယ့်သူတွေလေ။
အရှေ့ဆုံးက လူက ငရဲမင်းရှေ့ ဆွဲခေါ်သွားခံရချိန်မှာ ဒီလိုပြောတယ်။
'ငရဲမင်းကြီး ကျနော် ငရဲကျရလောက်အောင် ဘာမှမလုပ်မိပါဘူး'
အဲဒီအခါ ငရဲမင်းက ကြောက်စရာ အသံကြီးနဲ့ ကြိမ်းမောင်းတော့တယ်။
'မညာစမ်းနဲ့! မင်း ခွေး၃ကောင် ကြောင်၆ကောင်ကို သတ်ခဲ့တယ်'
'ဟုတ်ပါတယ်၊ ဒါပေမယ့် ခွေးတွေ ကြောင်တွေသတ်တာ ငရဲကျတတ်လို့လား?'
'ပြောနေဖို့တောင်မလိုဘူး! ဥပမာ ပိုးကောင် တစ်ကောင်ပဲဖြစ်ဖြစ် အသက်ရှိရင် လူသားနဲ့ အတူတူဘဲ။ သတ်မိရင် အပြစ်ရှိတယ်။ မင်းငရဲခံရမယ်။ အနှစ် ငါးရာ သံဒုတ်နဲ့ ဆက်တိုက် အရိုက်ခံရမယ်'
ငရဲမင်းက ပြောလိုက်တော့ ဘီလူးတွေရောက်လာပြီး အဲဒီသူကို ဆွဲခေါ်သွားတယ်။
'နောက်တစ်ယောက် ရှေ့ထွက်ခဲ့'
'ဟွန်း! ကြိုက်သလိုလုပ်။ ငရဲကျတာ ဘာနောင်တမှ မရဘူး'
'ဟုတ်လား၊ မင်းလိုမျိုး နောင်တမရတဲ့ကောင်တွေကို ပိုကြီးလေးတဲ့ အပြစ် ချမှတ်ရမယ်။ မင်းသွားရမယ့် ငရဲက သံကြာပွတ်ငရဲဘဲ။ အဲဒီမှာ နှစ်တစ်ထောင် မီးအပူကင်ထားတဲ့ သံကြာပွတ်နဲ့ ဆက်တိုက်အရိုက်ခံပေရော့! လာ နောက်တစ်ယောက်'
ဒီလိုနဲ့ ငရဲမင်းက ငရဲပြည်ရောက်လာတဲ့ လူတွေကို တစ်ယောက်ပြီးတစ်ယောက် စီရင်ချက် ချလာလိုက်တာ နောက်ဆုံး ငါ့အလှည့် ရောက်လာတယ်။
အဲဒီအခါ ငရဲမင်းက ဒီလို ပြောတော့တယ်။
"ခကုဂဲန်း"ကိုခေါ်ရတာ အပြစ်ရှိလို့ မဟုတ်ဘူး။ မြင်တယ်မဟုတ်လား၊ အခုတလော ငရဲပြည်ရောက်လာတဲ့ လူတွေများများလာတာ။ ဒါဟာ အသက်ရှင်တုန်းက မကောင်းမှုလုပ်ရင် ငရဲကျတတ်တာကို မေ့နေကြတဲ့အတွက်ကြောင့်လို့ တွေးမိတယ်။ ဒါနဲ့ လူတွေကို တရားဟောပြောပေးဖို့ တာဝန်ပေးဖို့အတွက် ငရဲရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သေချာမြင်ရအောင် ပြပြီး ငရဲကျမယ့်သူတွေနည်းလာအောင် ဟောပြော ရှင်းပြပေးစေချင်လို့ဘဲ'
လို့ ပြောပြပြီး ငါ့ကို ငရဲပြည် ခေါ်ရတဲ့အကြောင်း ပြောပြတယ်။
ငရဲပြည်မှာ ဘယ်လောက်ဘဲ ဝေဒနာခံစားနေရပါစေ သေလို့မရဘူး။
ဥပမာ ခန္ဓာကိုယ်ကို အစိတ်စိတ် ပိုင်းဖြတ်ခံရလည်း ခဏနဲ့ နဂိုလို ပြန်ဖြစ်သွားပြီး အမြဲ ဝေဒနာ ခံစားနေရတော့တာ။
ပစ္စည်းအလေးတွေ ကျောပေါ်ထမ်းပြီး ဆူးတောင်ပေါ် တက်နေရတဲ့သူတွေလည်း ရှိတယ်။
ပူလောင်တဲ့ သွေးကန်ထဲ တိုးဝှေ့နေတဲ့ လူတွေ။
ငရဲပြည်မှာ အဲလို လူတွေရဲ့ အော်ဟစ်သံတွေ၊ ညည်းတွားသံတွေဆက်တိုက်ဘ။ဲ
'သိကြပြီလား၊ မသေခင်အထိ ဒီလောက် ခံရမယ်ဆိုတာ မတွေးမိကြဘူးမဟုတ်လား။ လူတွေ ဒီနေရာ မလာသင့်ဘူး'
လို့ ငရဲမင်းက ပြောတယ်။
'ကောင်းပါပြီ။ တစ်ယောက်တည်းပေမယ့် တတ်နိုင်သလောက် ငရဲကျတဲ့သူ နည်းပါးအောင် တရားဟောသွားမယ်'
ငရဲမင်းကို ကတိပေးပြီး ငါက ငရဲပြည်က ပြန်ခဲ့တာဘဲ"
အဲဒီအချိန်ကစလို့ "ရှောနင်း"ဟာ တစ်ပါးတည်းပေမယ့်လည်း လူတွေ ငရဲကျတာကနေ ကယ်တင်ရအောင် ငရဲပြည်အကြောင်း တရားဟောနေပါတော့တယ်။


***


ပုံပြင်တစ်ရာ


တခါက ရွာတရွာမှာ အသုဘ အခန်းအနား ရှိတယ်။
နေ့ခင်းအချိန်က များပြားလှတဲ့ အသုဘရှုလာ ရွာသားတွေက ညနေပိုင်းလည်းရောက်ရော တဖြည်းဖြည်း နည်းပါးသွားလိုက်တာ နောက်ဆုံး လူငယ် ၆ယောက် ၇ယောက်ဘဲ ကျန်ပါတော့တယ်။
"တကူးတက စုကျန်နေခဲ့တာ။ ဘုရားကျောင်းရဲ့ ခန်းမမှာ 'ပုံပြင်တစ်ရာ' ဆော့ကြည့်ရအောင်"
တစ်ယောက်က ပြောလိုက်တော့
"ဟင်အင်း၊ အသုဘပြီးပြီးချင်း 'ပုံပြင်တစ်ရာ'ဆော့ရင်း တကယ် သရဲထွက်လာတတ်တယ်လို့ ပြောတယ်။ မလုပ်ကြပါနဲ့"
တစ်ယောက်က ကျောချမ်းပြီး ပြောတယ်။
'ပုံပြင်တစ်ရာ'ဆိုတာ ညသန်းခေါင်မှာ လူစု၊ ဖယောင်းတိုင် တစ်ရာမီးထွန်းပြီး သရဲအကြောင်း ပြောတာဖြစ်တယ်။
ပုံပြင် တစ်ခုပြီးတိုင်း ဖယောင်းတိုင်မီးတစ်ခုစီကို ညှိမ်းသွားပြီး နောက်ဆုံး ဖယောင်းတိုင် ညိမ်းသွားတဲ့ အချိန်မှာ တကယ့်သရဲ ထွက်လာတယ်လို့ ပြောကြပေမယ့် ဒီလူငယ်တွေက တခါမှ မစမ်းသပ်ကြည့်ဖူးပါဘူး။
"ဟာ! သူရဲပေါကြောင်လိုက်တာ။ တကယ်သရဲထွက်လာမလာက လုပ်ကြည့်မှ သိမှာပေါ့ဟ'
"ဟုတ်တယ်၊ ဟုတ်တယ်"
"ဒါဆို လုပ်ကြည့်ရအောင်"
လို့ပြောပြီး လူငယ်တွေဟာ ဘုရားကျောင်းခန်းမမှာ 'ပုံပြင်တစ်ရာ'ကို စကြတော့တယ်။
"ဒါက အဖိုးဆီက ကြားဘူးတာ......"
"ဒါက ရွာတရွာက လူသေတုန်းကပေါ့....."
လို့ တစ်ယောက်တစ်လှည့်စီ သရဲအကြောင်းပြောပြီး ဖယောင်းတိုင် တစ်တိုင်စီ ညှိမ်းသွားလိုက်ကြတယ်။
ညဥ့်နက်သထက် နက်လာသလို ဖယောင်းတိုင်လည်း နောက်ဆုံး တစ်တိုင်ဘဲ ကျန်တော့တယ်။
အစက မယုံတယုံနဲ့ စမ်းသပ်ကြတဲ့ လူငယ်တွေလည်း တဖြည်းဖြည်း ကြောက်လာကြတယ်။
"ဟုတ်ပြီလား၊ ဒီနောက်ဆုံး ဖယောင်းတိုင်ကို ညိမ်းသွားရင် တကယ့်သရဲ ထွက်လာမလား မသိဘူး။ ဒါပေမယ့် သရဲထွက်လာလည်း ဘယ်သူမှ ထွက်မပြေးကြေးနော်"
"အင်းပါ။ ဘယ်လိုသရဲထွက်လာမလဲ ဒီမျက်လုံးနဲ့ သေချာကြည့်လိုက်ဦးမှာ"
လူငယ်တွေက အပြောကြီးသလောက် 'ပုံပြင်တစ်ရာ'ရဲ့ အကြိမ်တစ်ရာမြောက် ပုံပြင်ပြီးသွားတဲ့အချိန် နောက်ဆုံးဖယောင်းတိုင်ကို ညှိမ်းလိုက်တဲ့အခါ မှောင်မဲသွားတဲ့ ခန်းမထဲက တစ်ယောက်စ နှစ်ယောက်စ ထွက်ပြေးကုန်ကြပြီး နောက်ဆုံး တစ်ယောက်ဘဲကျန်ခဲ့တော့တယ်။
"ဟွန်း! အလကားကောင်တွေ။ ....ဒါနဲ့ ဒီသရဲကောင်ကလဲ မြန်မြန်ထွက်လာတာမဟုတ်ဘူး"
ကျန်နေခဲ့တဲ့လူငယ်က ရင်ကော့ပြီး ခန်းမအမှောင်ထဲ ထိုင်နေတဲ့အချိန်မှာ...
♪ရွှီး ဖတ်.. ဖတ်.. ဖတ်..
မျက်စေ့ရှေ့မှာ ပိတ်ဖြူဝတ်ထားတဲ့ သရဲက ပေါ်လာတယ်။
"~ဟင်းးးးးး မကျေနပ်ဘူးးးးးး~"
"အား!"
လူငယ်လည်း ရုတ်တရက် ထွက်ပြေးမိမလိုဖြစ်ပြီး သေချာကြည့်လိုက်တော့ ဝေဝေဝါးဝါးနဲ့ ချောမောတဲ့ သရဲမလေး ဖြစ်နေတယ်။
"ဟာ! ဒါအတော်ချောတဲ့သူဘဲ"
တဖက်က သရဲဖြစ်ပေမယ့် ငယ်ငယ်ချောချောလေးမို့ နည်းနည်းမှ မကြောက်မိဘူး။
လူငယ်က ပြန်ထိုင်လိုက်ပြီး သရဲကို မေးကြည့်လိုက်တယ်။
"ဟေး ခုနက မကျေနပ်ဘူးလို့ ပြောလိုက်တာ ဘာကို မကျေနပ်တာလဲ? 'မကျေနပ်ဘူးကွ~'လို့ ပြောရုံနဲ့ ဘာမှန်းနားမလည်ဘူး။ ဘာကြောင့်လဲ? အကြောင်းရင်းကို ပြောပြနိုင်မလား?"
အဲလိုပြောလိုက်တော့ သရဲက ဖြေးဖြေးချင်း ပြန်ဖြေတယ်။
"အင်း ကောင်းပြီ။ ကျမက တောင်ဟိုဘက်တခြမ်းမှာရှိတဲ့ ရွာကနေ ဒီရွာသူကြီးဆီမှာ အလုပ်လာလုပ်ရတဲ့သူပါ။ ရုတ်တရက် မမျှော်လင့်တဲ့ ရောဂါနဲ့ သေဆုံးခဲ့ရတယ်။
ဒါပေမယ့် ရွာသူကြီးက ငွေနှမျောပြီး အသုဘအခန်းအနား မလုပ်ပေးဘူး။ ဒါကြောင့် ခုထိ ဘယ်ကိုမှ မသွားနိုင် မကျွတ်လွတ်ဖြစ်နေတာ"
"ဪ သနားစရာကောင်းလိုက်တာ"
"ဒီည ရှင်တို့တွေ 'ပုံပြင်တစ်ရာ'ဆော့တဲ့အကျိုးကြောင့် နောက်ဆုံး ဒီခန်းမထဲ ကိုယ်ယောင်ပြလို့ ရလာတာ။ ကျေးဇူးပြုပြီး ဘုရားကျောင်းရဲ့ ဆရာတော်ဆီကနေ အမျှဝေပေးဖို့ တောင်းဆိုပါရစေ။ ဒါမှ ကျွတ်လွတ်နိုင်မှာမို့ပါ"
သရဲမလေးက လက်အုပ်ချီ တောင်းဆိုတယ်။
"ဟုတ်ကဲ့။ ပြုလုပ်ပေးပါ့မယ်"
လူငယ်က ပြန်ဖြေလိုက်တော့ သရဲမလေး ဖျတ်ခနဲ ပျောက်ကွယ်သွားတယ်။
နောက်တနေ့မနက် လူငယ်က ဆရာတော်ကို လျှောက်တင်ပြီး သရဲမလေးအတွက် အမျှဝေပေးလိုက်တယ်။
ဒီလိုနဲ့ အဲဒီအချိန်ကစလို့ လူငယ်လည်း ကံဇာတာ တောက်လျှောက်ကောင်းလာပြီး နောက်ဆုံး သူဌေးဖြစ်သွားပါတော့တယ်။

8 comments:

ဇနိ said...

ညီမရေ အရေးအသားတွေ ကောင်းလှပါ့လား။ ဘာသာပြန်တဲ့သူတွေကို အားကျတယ်။ ဘာသာစကားတခုကို သိဖို့က မလွယ်ဘူးနော်။
မဇနိ

ဝါ၀ါခိုင်မင်း said...

ညီမလေး...
လာလည်ပြီး ပုံပြင်ဖတ်သွားတယ်နော်။
ညီမလေး က အရမ်းတော်တာပဲ...ဘာသာပြန်
နိုင်လို့လေ...အားကျတယ် တကယ်.. :D
မမ အလုပ်များနေလို့ chatting မလုပ်ဖြစ်
ဘူးနော်။ဒါပေမယ့် သတိရနေပါတယ်ကွယ်။
နောက်တွေမှ LV bag ဈေးသက်သာတဲ့ site
သိတယ်ဆိုလို့ပြောပြဦးနော်...
ပျော်ရွှင်ပါစေကွယ်..

မ၀ါ... :)

ပန်းခရမ်းပြာ said...

အလည်ရောက်လို့ သူရဲပုံပြင်ကလွဲပြီး တခြားစာတွေ မွှေနှောက်ဖတ်သွားပါတယ်။ အရမ်းကြောက်တတ်လို့ :(
C Box ရှာမတွေ့လို့ ဒီမှာပဲ အော်ခဲ့တယ်နော်။

ဇနိ said...

ဒီ ၂ ပုဒ်က ပညာပေးပေါ့လေ..
ဘာသာပြန်ဆရာမကြီး တော်ပါပေတယ်..

)) ကျနော်မရှိတုန်း အိမ်ကို (မဇနိဆီကို)အလည်ခဏခဏသွားတာ တွေ့ရတယ်...

ကျေးဇူးတင်ပါတယ်..

myatnoe said...

အောက်ဆုံးက သရဲပုံပြင်ကို လန့်သွားတာ
ချောတဲ့ သရဲမလေးဆိုမှ လူက စပ်ဖြဲဖြဲ ဖြစ်သွားတယ်
ဘာသာပြန်နိုင်အောင်တော်တယ်။
တို့ကတော့ စကားပဲတတ်တယ်။
စာသင်ဖို့တော့ သိပ်မကြိုးစားဘူး။ဟီး..
အချိန်မရတာထက် ပျင်းတာလေ

ရွှန်းမီ said...

အဟီး..
ကြောက်ပါတယ် ဆို..
တော်သေးတာပေါ့.. သရဲမလေး ချောလို့..

Ulmuka said...

သရဲမလေးတဲ့...
ဘာဖြစ်ဖြစ် ဇီးကွက်တို့ကတော့ သရဲဆို မတွေ့မချင်း မကြောက်ရေးချု မကြောက် :P

yar said...

အဟီး ကြိုက်တယ်။ နောက်လဲ ရေးပါနော်။ သရဲဝတ္ထုတွေ သဘောကျလို့.........

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP