Tuesday, August 5, 2008

မီးမီးကြောက်ကြောတ်




သရဲပုံပြင် ဘာသာပြန်တယ်ဆိုပြီး သတ္တိကောင်းတယ်လို့တော့ မထင်လိုက်ပါနဲ့။ သရဲကြောက်လိုက်တာမှ တုန်နေတာဘဲ။ ဘာသာပြန်နေရင်း မီးဖိုချောင်က ထမင်းဘူးအဖုံး ပန်းကန်စင်က ပြုတ်ကျတာ လန့်သွားတာဘဲ။ (ကလူ ကလူ..) နောက်အိမ်တံခါးသော့ဖွင့်သံကြားလို့ ခေါင်းနပန်းကြီးသွားတယ်။ အိမ်ကြီးရှင် အလုပ်ကပြန်လာတာလေ။ ပြန်လာတော့မယ် သိသိနဲ့ကို ပုံပြင်ဖတ်ရင်း ကိုယ့်ဘာသာ အရှိန်နဲ့ လန့်သွားတာ။ သရဲကားဆိုရင်လဲ ကြောက်ကြည့်ချင်ကြီး။ (ကြောက်လဲကြောက် ကြည့်လဲကြည့်ချင်တာ။) ဒါပေမဲ့ ဒီမှာရောက်ပြီးကတည်းက တော်ရုံနဲ့ မကြည့်တော့ဘူး။ အိမ်မှာတုန်းက လူတွေအများကြီးရှိလို့ သိပ်မကြောက်ပေမယ့် ဒီမှာက ကိုယ်တစ်ယောက်ထဲလေ။ တစ်ခါတလေကြည့်ပြီး ရေချိုးခန်းမဝင်ရဲ အိမ်သာမသွားရဲနဲ့။ ကိုယ့်ဒုက္ခ ကိုယ်ရှာတာပေါ့။ ပြီးတော့ စိတ်ကစွဲလမ်းတတ်တော့ ညအိပ်မက်ထဲမှာပါ သရဲခြောက်ခံထိနေတတ်တာ။ သရဲကားကြည့်ရင်လဲ သိပ်မကြောက်အောင် လုပ်နေကြ အကျင့်ရှိတယ်။ အသံကို မကြားရလောက်အောင် တိုးထားတာလေ။ သရဲကားမှာ အကြောက်ရဆုံးက အသံဆိုတော့။ တခါတလေ အသံအတိုးလွန်ပြီး ဇာတ်လမ်းသာပြီးသွားတယ် ဘာမှန်းမသိလိုက်တာက အများကြီး။

သရဲကို ကြောက်သာကြောက်တယ်။ တခါမှလဲ မမြင်ဖူး၊ အခြောက်လဲ မခံဖူးပါဘူး။ (အိ! အခြောက်လဲ မခံချင်ပါဘူး။) ကျမက သရဲဆိုတာ ရှိတယ်လို့ ယုံလို့ ကြောက်တာ။ အိမ်ကြီးရှင်က မယုံဘူး၊ ဒါပေမယ့် ကြောက်သတဲ့။ အဲဒီအကြောင်း ပြောတိုင်း စကားနိုင်လုနေရတယ်။ ရှိတာကို မယုံမှတော့ ကြောက်ဖို့လဲ မလိုဘူးမဟုတ်လား။ အမြင်ကတ်ကတ်နဲ့ တခါတလေ လိုက်ခြောက်ပစ်လိုက်တယ်။ ကျမသူငယ်ချင်းအမေ (အန်တီထား)ကတော့ သရဲလုံးဝမကြောက်ဘူး။ တက္ကသိုလ်က မြန်မာစာ ဆရာမပါ။ YITကျောင်းမှာ တာဝန်ကျတုန်းက တရက် ကျောင်းပိတ်ရက်သုံးရက်ဆက်တော့ ဆရာမအဆောင်က အားလုံးက အိမ်ပြန်သွားကြတယ်တဲ့။ အန်တီထားက လက်မှတ်ဝယ်လို့မမှီလို့ အဆောင်မှာဘဲနေလိုက်တော့တယ်။ ညဘက် အဖြေလွှာအမှတ်တွေစစ်နေရင်း အပေါ်ထပ် ရေဆွဲအိမ်သာက ရေဆွဲချသံကြားရတယ်။ တစ်ဆောင်လုံး အန်တီထားကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ အန်တီထားကလဲ သူတို့ ခြောက်ပြီဆိုတာ သိလိုက်တယ်။ သေချာအောင် အပေါ်ထပ် တက်ကြည့်တော့ ဘာမှလဲ မရှိပါဘူး။ အပေါ်ထပ်ရောက်နေတုန်း အောက်ထပ်က အသံတွေ ကြားရပြန်ရော။ ဒါနဲ့ အန်တီထားလဲ အောက်ထပ်မှာဘဲ အမှတ်ပြန်စစ်နေတော့တယ်။ အပေါ်ထပ်ကနေ ဝုန်းဒိုင်းကျဲလို့ အားမရကြတော့ ဘေးအခန်းကနေ ကျောက်သင်ပုန်းတွေကို တဘုံးဘုံး ပုတ်ပြီး ခြောက်ပြန်ရော။ အန်တီထားကလဲ သရဲမကြောက်တော့ "ခပ်ပြင်းပြင်းလေးရိုက်ပါဟေ့"လို့ အော်ပြောလိုက်၊ ကျောက်သင်ပုန်းရိုက်သံတွေက ကျယ်လာလိုက်နဲ့တဲ့။ ကျမသာ အဲဒီနေရာမှာဆို ကြောက်ပြီး သတိလစ်သွားမှာ သေချာတယ်။

သရဲမကြောက်တဲ့ အန်တီထား သူမအမေဆုံးတော့ အသုဘရုပ်ကို လုံးဝမကြည့်ရဲဘူး။ သရဲမကြောက်ပေမယ့် လူသေကြောက်တယ်တဲ့။ တညိုးကြီးဘဲနော်။ ကျမကတော့ အားလုံးကြောက်တယ်။ ကြည့်ရဲဘူး။ မသိတဲ့သူတွေကို ပိုကြောက်တာပေါ့။ ကိုယ့်အကြောင်း ကိုယ်သိဆိုတော့ ငယ်ငယ်ကတည်းက ကြီးလာရင် ဘာလုပ်မလဲမေးတိုင်း ကျောင်းဆရာမဘဲလုပ်မယ်ဘဲဖြေတယ်။ ဆရာဝန်မလုပ်ဖူးလားမေးတိုင်း No!ဘဲ။ ဆေးထိုးအပ်လဲ မကိုင်ရဲ၊ dead bodyလဲ မကြည့်ရဲပါဘူး။ ဒါတောင် တက္ကသိုလ်တက်တော့ ပထမနှစ်မှာ ခန္ဓာဗေဒဘာသာ ပါလာတယ်။ ဒါတွေကြောက်လို့ ဆေးကျောင်းမရောက်တာ ပျော်နေတာကြီးကို။ ကျမတို့အတွက်က General သိဖို့လောက်ဘဲလိုတယ်ဆိုမှ သက်ပြင်းချမယ်ကြံခါရှိသေး အချိန်စာရင်းထွက်လာတော့ လက်တွေ့တွေ ပါလာတယ်။ (အား!!! ကြည့်ချင်ဘူး။) မကြည့်ချင်လဲ မရတော့ ဆေး၁ Anatomy လက်တွေ့ခန်းကို သွားရတယ်။ Anatomy လက်တွေ့ခန်းကလဲ တခြားအဆောင်တွေနဲ့ သီးသန့် ကျောင်းဝင်း အနောက်ဆုံးမှာလေ။ ပတ်ဝန်းကျင်ကလဲ အပင်ကြီးတွေ မြက်တောတွေထလို့။ တွေးလိုက်ရုံနဲ့ ကြက်သီးထတယ်။ ကျမတို့အားလုံး ရောက်ပေမယ့် သရုပ်ပြဆရာမ မလာသေးတော့ လက်တွေ့ခန်းရှေ့အားလုံး ရပ်စောင့်နေရတယ်။ လက်တွေ့ခန်းက နှစ်ခန်းလားမသိဘူးရှိတယ်။ ကျောပေးပြီး ရပ်နေလို့ ဘယ်နခန်းမှန်း မသိဘူး။ အခန်းရှေ့ဖြတ်လျှောက်တော့လည်း ဘေးကို လုံးဝမကြည့်ဘူးလေ။ ဆရာမ စောင့်နေတုန်း လက်တွေ့အခန်းတခန်းက တခါးဖွင့်ထားလို့ တချို့က သွားချောင်းကြည့်ကြတယ်။ ပြီးတော့လာပြောနေသေးတယ် အခန်းအလယ်မှာ dead body တွေတဲ့။ ကြောက်လို့ ငိုချင်လာပြီ။ ဆရာမလဲ ရောက်လာရော ဒီအခန်းမဟုတ်ဘူး ဟိုဘက်အခန်းတဲ့။

ဟေး!!လို့ ပျော်သွားပြီး အခန်းထဲဝင်လိုက်တော့ "အီယား!!" ဒီဘက်အခန်းထဲမှာလဲ ရှိသဟဲ့။ အခန်းအရှည်ကြီးကို အလယ်ခေါင်က ကျောက်ခုတင်၎ခုပေါ်မှာ ပလတ်စတစ်အုပ်ထားတဲ့ dead body လေးခု၊ ဟိုဘက်ဒီဘက် နံရံမှာ ကျောက်သင်ပုံတချပ်စီနဲ့ ထိုင်ခုံတွေရှိတယ်။ အတန်းထဲဝင်မိတာ ကျမတို့အဖွဲ့က နောက်ဆုံးဆိုတော့ ခုံတန်းလွတ်က နောက်ဆုံးအတန်းဘဲကျန်တော့တယ်။ ကျောချမ်းလိုက်တာ မပြောပါနဲ့တော့။ နောက်တော့ ဆရာမက roll no 1 to 25က ဟိုဘက်အခြမ်းသွားပါတဲ့။ အခန်းအပြင်ပြန်ထွက်ပြီး အရှေ့ဝင်ပေါက်က ပြန်ဝင်ရင် ခုလိုဘဲ နောက်ကျပြီး နောက်ဆုံးခုံတန်း ထိုင်နေရဦးမယ်။ အရှေ့ဆုံးတန်းရောက်ဖို့ အမြန်ဆုံးက ကျောက်ခုတင်တွေကြားက ဖြတ်ပြေးတာဘဲ။ ကြောက်ကြောက်နဲ့ မထူးဘူးဆိုပြီး ဖြတ်ပြေးရမယ့်လမ်းကို တချက်ကြည့်၊ ဘေးဘယ်ညာမကြည့်တော့ဘဲ ပြေးလိုက်တာလေ။ အရှေ့ဆုံးတန်းနား ထိုင်ရမှာဘဲ တော်သွားတော့တယ်။ ဆရာမက အရိုးတွေထည့်ထားတဲ့ ဗန်းထဲက အရိုးတွေကို ရှင်းပြ၊ ကိုင်ကြည့်ခိုင်းတယ်။ မိုးတွင်းမို့လားတော့မသိ စိုထိုင်းထိုင်းနဲ့။ အရိုးတွေကြည့်ပြီးတော့ ပြီးပြီမှတ်တာ dead body ကြည့်ရဦးမတဲ့။ (သွားပဟ!) ကျောက်ခုတင်ပေါ်က dead bodyတွေက ပလတ်စတစ်နဲ့အုပ်ထားတာဆိုပေမယ့် နဖူးနဲ့ ခြေဖျားတွေက ပေါ်နေတယ်။ ဘာလို့ အဲလိုထားတာလဲတော့မသိပါဘူး။

ကျမတို့ ဆရာမက သဘောကောင်းတယ်ဆိုရမယ်။ ဖော်မလင်နံ့နံတာကို နှာခေါင်းအုပ်ခွင့်ပေးတယ်။ ဟိုဘက်က ဆရာမကတော့ နှာခေါင်းပိတ်တဲ့သူကို ဆူနေတယ်။ ဖော်မလင်နံ့က တော်တော်ကို ပြင်းတာ။ ဆရာမတောင် ရှုမိတိုင်း မျက်ရည်လည်လာတယ်။ ဗိုက်ဖွင့်ထားတဲ့ dead bodyကို အထဲက ဘယ်နားမှာ ဘာရှိတယ် ရှင်းပြပြီး ကိုင်ချင်တဲ့သူ ကိုင်တဲ့။ (တော် တော် တော် ကိုင်ပါဘူး။) ရှင်းပြနေတဲ့ တလျှောက်လုံး dead bodyရဲ့ မျက်နှာကို တော်ရုံမကြည့်ရဲဘူး။ နောက်မှ အားတင်းပြီး ကြည့်လိုက်ပါတယ်။ dead bodyအားလုံးက လူနဲ့ဘယ်လိုမှ မတူတော့တဲ့ ခပ်ညိုညို ခြောက်ခြောက် အရုပ်ကြီးတွေနဲ့ တူပါတယ်။ ယောက်က်ျား မိန်းမ တပုံစံထဲပါဘဲ။ ဆံပင်ကျဲကျဲနဲ့ ဘာကြောင့်မှန်းမသိ နှာခေါင်းထိပ်တွေ နဲ့နဲပြားနေတယ်။ (တခြားဟာတွေပါ ကျမကြည့်လာတယ် မထင်လိုက်နဲ့ဦး။ လျှောက်လှပ်ကြည့်လာတဲ့ သူများပြောပြတာ။) ဆရာမက င်္သခါရလို့ သဘောထားပြီး ကြည့်ပါတဲ့။ (မဖြစ်လို့သာကြည့်နေရတာပါ ဆရာမရေ။)

လက်တွေ့ပြီးတော့ နေ့ခင်းရောက်ပြီ။ အဲဒီနေ့က Anatomy လက်တွေ့မှန်း သိလို့ ကျမတို့အဖွဲ့ ထမင်းဘူး ယူမလာကြဘူး။ စားနိုင် မစားနိုင် မသေချာဘူးလေ။ ဒါနဲ့ ကင်တင်းမှာဘဲ မှာစားလိုက်ကြတယ်။ ကြာဇံဟင်းခါးဘဲ မှာလိုက်ပါတယ်။ တစ်ဇွန်း နှစ်ဇွန်းလဲသောက်ပြီး ပန်းကန်ကို မွှေလိုက်တော့ ကြက်သားတုံးလေးတက်လာတယ်။ ပုံမှန်ဆို ပျော်လိုက်တဲ့ ဖြစ်ခြင်း။ သူ့ထဲ အသားဘယ်နှတုံးပါတယ် ငါ့ကျမပါဘူး လုပ်နေကြ။ အဲဒီနေ့တော့ ခပ်ညိုညိုကြက်သားတုံးကိုကြည့်လိုက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်နဲ့ ဘယ်သူမှ ဆက်မစားနိုင်တော့ဘူး။ အဆောင်မှာ ညဘက်ရောက်တော့ ကြောက်ပြန်ရော။ အိမ်သာလဲ မသွားရဲဘူး။ အဲဒီမျက်နှာကြီးက မျက်စေ့ထဲ တဝဲဝဲနဲ့။ ဒါနဲ့ သူငယ်ချင်းနဲ့အတူ ခုတင်ပေါင်းအိပ်တယ်။ အဆောင်ခုတင်က သိတဲ့အတိုင်း အကျယ်က နှစ်ပေတောင် မရှိချင်ဘူး။ ကြောက်တော့လဲ တတ်နိုင်ဘူးပေါ့။ သမိုင်းမှာနေတဲ့ သူငယ်ချင်း(အန်တီထားသမီး)က သူ့အစ်ကိုနဲ့ သွားအိပ်တယ်။ သူပြန်ပြောပြတာ။ သူ့အခန်းက အိမ်အကူအမကြီးက အဝင်ဝနား အမြဲအိပ်နေတာကိုတောင် ကြောက်လို့တဲ့။ သူ့အစ်ကိုကို ဂျီကျပြီး သွားအိပ်တာ ညတရေးနိုး သူ့အစ်ကို စောင်ခြုံထားတာ ခြေဖျားလွတ်နေတာမြင်ပြီး ကြောက်ကြောက်နဲ့ ထဖုံးရေသေးတဲ့အကြောင်းပြောပြီး ရီလိုက်ရတာ။

ကျမဒုက္ခရောက်ရတာက ရေမွှေးကြောင့်။ Anatomy လက်တွေ့မှာ ဖော်မလင်နံ့ခံနိုင်အောင် လက်ကိုင်ပုဝါမှာ ရေမွှေးဆွတ်သွားတယ်။ အဲဒီအချိန် ကျမက ရေမွှေးမသုံးတတ်တော့ သူငယ်ချင်းဆီက တောင်းဆွတ်သွားတာ။ ဖော်မလင်နံ့ နံတိုင်း ပုဝါနဲ့ နှာခေါင်းကို အတင်းအုပ်ထားတာတောင် ဖောက်ပြီး ဝင်လာသေးတယ်။ လက်တွေ့ပြီးသွားပြီး ကြာတော့ dead body ရဲ့ မျက်နှာကို မေ့မေ့ပျောက်ပျောက်ဖြစ်တော့မယ့် အချိန်မှာပေါ့ သူငယ်ချင်းက ပဲများတိုင်း အဲဒီရေမွှေးထဆွတ်တော့တာဘဲ။ တခြားသူတွေ ဘာမှမဖြစ်ပေမယ့် ကျမမှာတော့ သူ့ရေမွှေးနံ့ရတိုင်း ဟိုမျက်နှာကြီးက တဝဲလည်လည်။ သူ့ကိုလဲ မပြောရဲ။ ဒုက္ခရောက်လိုက်တာ။ အဲဒီရေမွှေး ကုန်သွားမှ စိတ်ချမ်းသာတော့တယ်။ ခုနေများလဲ အဲဒီရေမွှေးနံ့ရမိရင် ပြန်သတိရနေဦးမှာ။ တော်သေးတာက အဲဒီရေမွှေးက ယိုးဒယားကဟာမို့တော်ရုံ မတွေ့ဖူးဘူး။ ကံကောင်းတယ်ဆိုရမယ်။ မဟုတ်ရင် သူများက attraction ကောင်းအောင်ဆွတ်တဲ့ အနံ့ရတိုင်း ကိုယ့်မှာ စိတ်ခြောက်ခြားနေရတော့မှာ။



13 comments:

ဇနိ said...

မဇနိလဲ ကြောက်တယ်။ သရဲကားကတော့ လုံးဝမကြည့်ဘူး။ ငယ်ငယ်က အိမ်မှာဆို ညဖက်တခုခုခိုင်းရင် မောင်လေးကို ညာခေါ်ရတာ။ မုန့်ဝယ်ကျွေးမယ်ဆိုပြီး။
နောက် မန်းချယ်ရီဆောင်မှာ တကယ်ခြောက်ခံရပါ့။ ဘယ်သူမှမရှိတဲ့ ခေါင်မိုးပေါ်က လမ်းတွေလျှောက်နေတာ။ ညနက်လို့ စာကြည့်နေကြပြီဆို သူတို့က လမ်းတွေလျှောက်နေကြတာ။ အဆောင်မှုးကို သွားပြောရင် သူကကြောက်လို့ အခန်းတံခါးပိတ်ပြီး နောက်မလာခေါ်နဲ့တဲ့။

ရန်ကုန်က စဉ့်ကူဆောင်ရောက်တော့လည်း ညညဆို လူလား၊ သရဲလားတော့မသိပါဘူး ခဲတွေနဲ့ပေါက်တယ်။ အဆောင်ပတ်ပတ်လည် လှည့်ပေါက်ခံနေရတာ။ အဲဒီအချိန်ဆို အခန်းဖော်ကို သိပ်ချစ်တာပေါ့ အနားက မသွားဖို့ လက်ဆွဲထားရတယ်။ သူက မကြောက်ဘူး သွားချောင်းချင်တာ။

မီးမီးကြောက်ရင် အနားမှာ ဦးဦးရှိသားပဲနော်။ ကြောက်နဲ့လေ :P

MgThaJan said...

သရဲ..သရဲ :P

ရွှန်းမီ said...

ရေမွှေး .. ရေမွှေး ..
:-D
အဲဒီသူငယ်ချင်း သိရင်တော့ မလွယ်ဘူး.. အဟီး..။

လင်း said...

ဝူးထွားထွားးး သရဲလာပြီ။

ဝါ၀ါခိုင်မင်း said...

မမ လည်းသရဲအရမ်းကြောက်တယ်ညီမလေးရေ။
မမ က ဒီဂျပန်မှာ သရဲမရှိဘူးထင်တာ ရှိတယ်တဲ့တော့။
မမ အသိတစ်ယောက်က ပြောပြတာလေ။
သူအိမ်ခန်းငှားနေတော့ ညညဆို တံခါးကို တဘုန်းဘုန်း
နဲ့ အချိန်မှန် လာခေါက်နေတာတဲ့။ သူတို့ ကလည်း ဒီအချိန်ဆိုလာတော့မယ်ဆိုတာ အချိန်မှန်လွန်းလို့ ကြို
သိနေကြတာတဲ့၊အဲ့ဒါနဲ့အခန်းကလည်း ငှားထားတာ ပိုက်ဆံတွေအများကြီး ကုန်ပြီးနေပြီ၊ပြောင်းလို့
ကလည်းမရတော့ မြန်မာဘုန်းကြီးကိုအိမ်မှာပင့်ပြီး
ဆွမ်းကျွှေး၊ပရိတ်ရွတ် လုပ်လိုက်တာ အခုတော့မလာတော့ဘူးတဲ့။ သရဲကိုတောင်ပြန်လွမ်းမိနေသေးတယ်ဆိုပဲ...ဟဲ ဟဲ ဟဲ
ကြောက်နဲ့နော်.. :P

wingless seagull said...

သရဲတော့  အခြောက်မခံရဖူးဘူး။ ငယ်ငယ်တုန်းက သူများကို လိုက်ခြောက်ရတာပျော်စရာကြီး။ ဟီးဟီးဟီး
ထွက်ပြေးတဲ့ သူက အကြောက်လွန်ပြီး ခဲနဲ့ ကောက်ထုလို့  နဖူးပေါက်တော့ မှ အဲဒီ
အကျင့် ပျောက်တော့ တယ်။ သရဲဆိုရင် ခုချိန်ထိ
နဖူးကအမာရွတ်လေး စမ်းမိတုန်း။

မောင်မျိုး said...

ကျနော်တော့မကြောက်ပါဘူးး တကယ်မှမရှိတာ အစ်မကလည်း သူရဲ သူရဲ ဆိုပြီး အစ်ကို့ ကိုပြေးဖက်လိုက်ပေါ့ လွယ်လွယ်လေး ဟီးးးးးးးးးး :P

Win Min said...

ပထမဆုံး လာရောက်လည်ပတ်တဲ့ ဧည့်သည်လေး တစ်ဦးပါ
ကျွန်တော် အရင်က သရဲ ကြောက်တယ်ဗျ gentle man သရဲ မကြောက်ရ လို့တော့ ဥပဒေ မရှိနော်
အရင်တုံးက ဆိုရင် အသုဘ အိမ်ရှေ့ကိုတောင် ဖြတ်လျှောက်ရဲတာမဟုတ်ဘူးရယ်
အဲ အဲလိုနဲ့ 1996 လောက်ကပေါ့ မန်ယူအသင်းကို အားပေးရင်းနဲ့ သရဲ ကြောက်စိတ်ပျောက်သွားတယ်ဗျ
ဘာလို့လဲဆိုတော့ ကျွန်တော့ အသင်းက ညမိုးချုပ်မှ ကန်တာကိုး
အဲဒီတော့ ဘယ်လောက်ကြောက်ကြောက် သရဲမျက်နှာနေရာမှာ အင်ဒီကိုးလ်တို့ ဒွိုက်ယော့တို့ ဆိုးရှားတို့ ဘက်ခမ်းတို့ မျက်နှာလေးတွေ ဇွတ်မြင်ယောင်ရတာပေါ့ဗျာ.. ကြောက်ပြေပေါ့
အဲလိုပဲ မမြရွှက်ဝေလဲပဲ ညီလေး မောင်မျိုးပြောသလို
ပြေးဖက်စရာက အနီးမှာ မရှိရင်တောင် ကိုကို့မျက်နှာလေးကို မြင်ယောင်လိုက်ပေါ့ ဟိဟိ
စတာနော် လည်လည်လာအုံး ဖိတ်ခေါ်ပါတယ်ဗျာ..

myatnoe said...

အမလဲ ကြောက်တယ်....
ကျောင်းက အပြန်လမ်းမှာ သင်္ချိင်းကုန်းဖြတရတယ် အလင်းရောင်ရှီခိန်ဆို ဘာမှ မဖြစ်ပေမဲ့
တခါတလေ မနက် ၁နာရီမှ ကျောင်းက ပြန်ရင် အဲ့ဖက်က ကပ် မပြန်ဘူး
ဘုရားစာလဲ အသေရွတ်ပီးပြန်တယ် ဟီး

ကိုရင်နော်ခင်လေးငယ် said...

ခုထက်ထိ သရဲခြောက်တာ မခံရဘူးသေးတော့
ကြောက်တော့ကြောက်ဖူး...
ကြောက်ချင်ယောင်တော့ ဆောင်ဖူးလားသိတော့ဘူး...
(;P)

nu-san said...

အဟိ.. ကြောက်တတ်ပါတယ်ဆို.. dead body ကြီးအကြောင်းရေးထားတယ်.. အမလည်း သရဲကြောက်တယ်.. သရဲမှ မဟုတ်ဘူး အကုန်ကြောက်တယ်.. အရင်တုန်းက အဲဒီလောက်မကြောက်တတ်ဘူး.. ဒါပေမယ့် ဟို ဒဂုန်ရွှေမျှားရဲ့ ညမဖတ်ရဆိုတဲ့ ၀တ္တုတို ဖတ်ပြီးကတည်းက ကြောက်တတ်လာတာ။ ညဘက်ဆိုလည်း တစ်ယောက်တည်း အပြင်မပြောနဲ့ မှောင်ရင် အိမ်ရှေ့တောင် မသွားရဲတော့ဘူး.. သတ္တိကောင်းတာများပြောပါတယ်.. အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရင် အခန်းမီးဖွင့်ထားရတယ်.. နို့မို့ဆို ဘာမှန်းမသိဘဲ ကြောက်နေတာ။ အဲဒါလည်း ရောဂါတစ်မျိုးလားမသိဘူးနော်.. :(

ကလိုစေးထူး said...

ကျနော်လဲ သရဲ မကြောက်တတ်ဘူး။ မယုံရင် `သူရဲမကြောက်သူ´ ဆိုတဲ့ ပို့စ်မှာ လာဖတ်ကြည့်...။ :D
ကျနော် ငယ်ငယ်ကပေါ့...၊ ကြီးတော်ကြီးရှေ့မှာ သရဲဆိုတာ မရှိပါဘူးဗျာလို့ ပြောမိတာ ကြီးတော်က `ဟဲ့ကောင်လေး၊ နင် ဗုဒ္ဓဘာသာဆိုရင် သရဲဆိုတာ ယုံရမှာပေါ့´ တဲ့။ မကျွတ်မလွတ်သေးတဲ့ ပြိတ္တာဆိုတာ ရှိတယ်လို့ ပြောတာပဲ။ ဟဲဟဲ အခုလို ရေးနေတာကို ဖတ်ပြီး မြရွက်ဝေတယောက် ကြောက်နေမှာစိုးလို့ ဆက်မရေးတော့ပါဘူး။

Dr. Nyan said...

ကျွန်တော်ကတော့တစိမ်းသရဲခြောက်တာမခံရဖူးလို့မ
ကြောက်ဘူး။ 5th Year တုန်းကသိပ်ခင်တဲ့တစ်တန်းတည်းသားသူငယ်ချင်း ကားAccident နဲ့ဆုံးသွားပြီး အသုဘပို့ပြီးအပြန်မှာ အဆောင်မှာလာခြောက်တယ်။ သူအခန်းကိုလာလည်တိုင်းကစားလေ့ရှိတဲ့အန်းကုန်းရုပ်လေး (လှုပ်မှရီတယ်) သူ့အလိုလိုထထရီတာလေ။ ခြေသံလည်းပေးတယ်။ သူဆုံးတဲ့နေရာနားကို ခရီးသွားရင်း ရထားနဲ့ဖြတ်သွားတဲ့အချိန်အသုဘချတုံးက ရတဲ့အနံ့အတိုင်း အနံ့ပေးလို့ ထမ်းခဲ့ကြတဲ့ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်လုံးအနံ့ရကြတယ်လေ။ သူငယ်ချင်းဆိုတော့မကြောက်တဲ့အပြင်သနားမိပါတယ်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP