Sunday, July 6, 2008

"ဝါတာရှိ နို ကိ"


私の木 (ကျွန်မ ၏ သစ်ပင်)

ဂျူးရဲ့ ဝတ္တုမဟုတ်ပါဘူး။ ကျမဝယ်ထားတဲ့ အပင်လေးပါ။ ဒီမှာအေးတဲ့နိုင်ငံမို့ထင်တယ်၊ ပန်းတွေက ၁၂ရာသီ အမျိုးမျိုးပွင့်ပြီး လှနေတာဘဲ။ ပန်းတွေကို ကြည့်ရရင် ပျော်တယ်။ စိတ်လန်းဆန်းတယ်။ ပန်းတိုင်းသူ့ဘာသာသူ လှကြပါတယ်။ ပန်းပွင့်အကြီးကြီးတွေထက် ပန်းသေးသေးလေးတွေကို ပိုသဘောကျတယ်။ အပြင်သွားတိုင်း အမြဲတန်း ပန်းတွေကိုလိုက်ငေးတယ်။ ပန်းအမျိုးအစား အတော်များများကို ဒီရောက်မှမြင်ဘူးတာ။ မေမြို့သွားတုန်းက မြင်ဖူးတာထက်တောင် ပိုများတယ်။ နည်းပညာကြောင့်လည်း ပါမယ်ထင်ရဲ့။ အပင်ပုပုလေးတွေမှာလည်း ပန်းတွေဝေလို့ဘဲ။ ဘူတာကို လမ်းလျှောက်ပြီးသွားရင် သူများအိမ်ရှေ့က အပင်တွေ တလမ်းလုံး ငေးသွားတာ။ ဒီမှာ ပန်းအိုးသူခိုးလဲ ရှိပုံမပေါ်ဘူး။ ပန်းအိုးတွေ အိမ်အပြင်ဝ လမ်းဘေးမှာ ထားကြတယ်။ အိမ်တအိမ်ကခြံစည်းရိုးမှာ စိုက်ထားတဲ့အပင်ကပန်းဆိုရင် နှင်းဆီပွင့်နဲ့ အရမ်းတူတယ်။ အပင်ကတော့ လုံးဝ နှင်းဆီပင်မဟုတ်ဘူး။ တချို့ရဲ့အိမ်ရှေ့က ပန်းအိုးထဲမှာများဆို ချစ်စရာ ပန်းပိစိလေးတွေ ပြွတ်ပြီးပွင့်နေတာများ အသည်းယားတယ်။ အဲလိုအပွင့်လေးတွေမြင်ရင် လူကသာ လမ်းဆက်လျှောက်တယ်၊ ခေါင်းက တပတ်လည်လုမတတ် လှည့်ငေးတာ။ ပိုင်ရှင်မြင်ရင် သူ့ပန်းအိုး အလစ်သုတ်မယ်ထင်မလားဘဲ။


မွေးရပ်(furusato-ふるさと)မှာဆို ခြံဝန်းထဲမှာ ပန်းအိုးတွေ အများကြီးရယ်။ အမေရော၊ အဖွားရော၊ အဒေါ်ငယ်ရော၊ အမရော ပန်းစိုက်ဝါသနာပါကြတယ်။ Kiss Me Quickပန်းက မွေးရပ်မှာ နာမည်ကြီးလို့ အိမ်မှာ ရသလောက် အမျိုးစုံအောင် စိုက်ထားတယ်။ အရောင်အနုအဖျော့၊ အရင့်၊ ပန်းပွင့်အသေးအကြီး အစုံဘဲ။ အဝါပေါ်မှာ အစင်းကျားနဲ့ ပွင့်တာမျိုးရယ်၊ သတို့သမီး လက်ကိုင်ပန်းလို ပန်းဆီရောင်အဆုပ်လိုက် ပွင့်တာမျိုးရယ်၊ အဆင့်တွေ တဆင့်ပြီးတဆင့် ထပ်ဆင့်ပွင့်တာမျိုးရယ် အများကြီးစိုက်ထားတယ်။ (စုံဂဏန်းပွင့်တဲ့ Kiss Me Quickပန်းက မဂဏန်းပွင့်ရင် ကံကောင်းတယ် ဆိုလားကြားဘူးတယ်။ ၇ပွင့်ဆို lucky ၅ပွင့်ဆို စွံသတဲ့။ ဟုတ်မဟုတ်တော့မသိဘူး။ အိမ်က အဒေါ်အငယ်ဆုံးတော့ ၄၀နီးပြီ၊ ခုထိစွံသေးဘူးဂျ၊ တူမတွေ ကျော်တက်ကုန်ပြီ။ :D) အိမ်နားနီးချင်းတွေနဲ့လည်း သူ့အိမ်မှာရှိတဲ့ပန်းနဲ့ ကိုယ့်အိမ်မှာရှိတဲ့ပန်း မတူရင် ကိုင်းကူးမျိုးပွါးပြီး လဲကြသေးတယ်။ အဖွားက အိမ်ဘေးပတ်ချာလည်ပိန်းပန်းပင်တွေ စိုက်ထားတယ်။ အရင်အိမ်မှာတုန်းက ပိန်းပင်တွေ ပိုသန်တယ်။ ဒီဘက်အိမ်ပြောင်းတော့ ပန်းတွေနှုတ်ယူပြီး ပြန်စိုက်ရတာ အမြစ်နာလို့ထင်ရဲ့ သိပ်မသန်တော့ဘူး။ ပိန်းပန်းနီနီတွေ ပွင့်ရင် ဘုရားလဲတင်၊ သူများတွေ လာတောင်းဝယ်ရင် အဖွားက ရောင်းပေးလိုက်တယ်။ ကျမက ကျောင်းမှာ အသင်းအလှည့်ကျလို့ ပန်းအိုးထိုးဖို့လိုရင် တစ်ပွင့်လောက်ဘတ်သွားလိုက်တယ်။:P တခြား စပယ်၊ သစ်ခွ၊ သဇင်၊ ပန်းထိမ်ငိုပန်း--- အဖွားစိုက်ထားတာတွေ စုံလို့ပါဘဲ။ ပန်းပင်တွေအပြင် ဇီးပင်၊ သရက်ပင်၊ မရမ်းပင်၊ ရှောက်ပင်၊ ကြက်မောက်သီးပင်တွေလည်း စိုက်ထားသေးတယ်။ အမက နှင်းဆီဝါသနာအိုးဆိုတော့ နှင်းဆီပင်စိုက်တယ်။ တခြံလုံး ကျမကလွဲပြီး အားလုံးစိုက်ထားတဲ့ အပင်တွေ အများကြီးဘဲလေ။ ကျမက ဆီဆမ်းနှမ်းဖြူး ပန်းတွေ လိုက်ကြည့် ရေလောင်းပေးတယ်လေ။ ပေါင်းတော့ သင်ပေးဘူး။ တီကောင်ကြောက်လို့။ ကြောက်တာထက် နေလို့မရအောင် ရွံတာ။ မိုးတွင်းရောက်ရင် ခြံထဲ မဆင်းတော့ဘူး။ တီအပြင် ကျွတ်တွေပါ လန်းလန်းလန်းလန်းနဲ့မို့။ ရေးရင်းကြက်သီးထလာပြီ။

အမေ ရန်ကုန်မှာ လိုက်နေပေးတော့ ရောက်ခါစက တိုက်ပေါ်မှာ မနေတတ်ဘူး။ မြေမနင်းရလို့တဲ့။ သူ့ပန်းအိုးတွေသတိရသတဲ့။ အိမ်မှာဆို ခြံထဲဆင်းလိုက်တာနဲ့ ပန်းတွေအပြည့်ဘဲလေ။ တိုက်ပေါ်မှာ ဝရန်တာလဲမထွက်ရဲ၊ ရင်တလှပ်လှပ်နဲ့တဲ့။ နောက် ရန်ကုန်မှာနေတဲ့ အမေ့အောက် တစ်ယောက်ခြားတဲ့ အဒေါ်ဆီသွားလည်ရင်း မလေးရှားပိတောက်ဆိုတဲ့ ပန်းအပင်ပေါက်လေးတွေ သယ်လာတယ်။ ဝရန်တာမှာ ပန်းအိုးလေးနဲ့စိုက်ရင်းနဲ့ ခုတော့ ဝရန်တာ မကြောက်တော့ဘူး။ ပန်းအိုးလေးတွေလည်း တလုံးပြီးတလုံး တိုးလာတယ်။ ညနေဘက် ပန်းအိုးလေးတွေကြား ထိုင်ခုံချထိုင်ရင် ပန်းခြံလေးထဲရောက်နေသလို စိတ်အေးချမ်းတယ်။ မိုးလေတအားပြင်းရင် ပန်းအိုးတွေ လေကွယ်ရာရွှေ့ရင်း အမေအလုပ်ရှုပ်နေတယ်။ ကျမဒီမလာခင် မြေပဒေသာကျွန်းကနေ မလေးရှားပိတောက် အရောင်ဆန်းဆန်း ပန်းအိုးတစ်အိုးဝယ်ပေးခဲ့တယ်။ သမီးအစား ပန်းအိုးလေးကို ဂရုစိုက်နော်လို့မှာမိသေးတယ်။ အမေ့ကို အပူပေးသလိုများ ဖြစ်သွားမိသလားဘဲ။

ကျမက ပန်းတွေသဘောကျပေမယ့် ကိုယ်တိုင်တော့ မစိုက်ဖူးဘူးရယ်။ တနေ့တနေ့ ပျင်းနေတတ်တော့ ပန်းလေးဘာလေးစိုက်ဖို့ စိတ်တော့ကူးမိပါရဲ့။ တီကောင်ကြောတ်တာရယ်၊ ခြေတလှန်းသာသာ ဝရန်တာနေရာမှာ အဝတ်လှန်းစင်ရယ် အဝတ်လျှော်စက်နဲ့ ပြည့်နေတော့ နေရာကမရှိပြန်ဘူး။ ဒီတခါတော့ ဘယ်လိုဘဲဖြစ်ဖြစ် အခန်းထဲမှာ အပင်စိုက်မယ်စိတ်ကူးပြီး သွားကြည့်တယ်။ ပန်းအိုးလေးတွေက ချစ်စရာ၊ ပုပုလေးနဲ့ ပန်းတွေအပြည့်ဘဲ။ တစ်အိုးလောက် ကောက်ကိုင်ကြည့်တော့ လက်ထဲမှာ တစ်ပင်ထဲ သနားစရာလေး။ သူ့ဘာသာ တန်းစီနေတော့ လှသား။ ဟိုပန်းအိုးမကြည့် ဒီပန်းအိုးမကြည့်နဲ့ အခန်းထဲမှာ ရှင်ပါ့မလားလဲ တွေးရသေးတယ်။ နောက်ဆုံးတော့ ပန်းပွင့်တဲ့ပန်းယူမိရင် ကောင်းကောင်းမပြုစုတတ်လို့ ပန်းမပွင့်ရင် ကိုယ်ဘဲဝမ်းနည်းရမှာဆိုပြီး သစ်စိမ်းခက်ပန်းအိုးလေးဘဲ ယူလာခဲ့တော့တယ်။


ပုံထဲမှာတော့ ပလတ်စတစ်ပင်လို့ ထင်ချင်စရာ ဖြစ်နေတယ်။ စင်ပေါ်မှာ ကိုယ်ရံတော် နှစ်ကောင်နဲ့အတူ ထားထားလိုက်တယ်။ ငလျှင်လှုပ်ရင် သူ့ကိုအရင် အောက်ချထားရမယ်။ မနက်တိုင်း ဝရန်တာထုတ်နေပြလိုက်၊ ရေဖြန်းလိုက်၊ ညနေဘက် အိမ်ထဲပြန်သွင်းလိုက်နဲ့ ကလေးတစ်ယောက် ကောက်ရထားသလိုဖြစ်နေတာ။ ဒီအပင်က တီကောင်ထွက်မလာလောက်ဘူးလို့ ထင်မိတာဘဲ။ ရေကြိုက်တဲ့အပင်လား မကြိုက်တဲ့အပင်လားတော့မသိဘူး။ မြေကြီးခြောက်တယ်ထင်ရင် လောင်းလိုက်တာဘဲ။ ရေမွမ်းပြီး သေမှာလဲစိုးရသေးတယ်။ ရေဖြန်းဘူးနဲ့ အပင်ကိုဖြန်းပြီး နေရောင်မှာ အခက်က ရေသီးလေးတွေကို ကြည့်ရတာ စိတ်ကြည်နူးတယ်။ ယန်းတစ်ရာဆိုင်က အပင်ပိစိကွေးလေးတွေထပ်ဝယ်ဖို့ စိတ်ကူးနေတာ။ ၅~၂၇ဒီဂရီမှာထားလို့ရတယ်လို့ ရေးထားတဲ့ အပူချိန်ကို ဖတ်ပြီး အခန်းထဲမှာ ရှင်ပါ့မလား တွေးနေမိလို့။ သေချာ သွားပြန်ဖတ်ကြည့်ရဦးမယ်။ အခုက ပူအိုက်လာပြီလေ။ နှစ်ယောက်လုံး အပြင်သွားနေတဲ့အခါ အခန်းထဲ ပူလှောင်နေတော့ သေသွားမှာ စိုးရိမ်တယ်။

ပန်းပွင့်တွေ ကြည့်ချင်ရင် အပြင်ထွက်တော့မှ သူများပန်းတွေ ငမ်းတော့မယ်။ ဒီအောက်ကပုံတွေက မွေးနေ့တုန်းက ဘူတာနားက ပန်းခြံထဲ လမ်းလျှောက်ထွက်ရင်းရိုက်ထားတာ။ အဲဒီအချိန်က "ဟာနရှောဘု" (ハナショウブ/Japanese iris)ဆိုတဲ့ ပန်းတွေ ပွင့်တဲ့အချိန်မို့ ပန်းလာကြည့်တဲ့သူတွေ အများသား။ ဆာကူရာတွေပွင့်ရင် ပန်းကြည့်ပွဲလုပ်သလို ဒီ"ဟာနရှောဘု"ပန်းတွေပွင့်တော့လဲ လာကြည့်ကြတယ်။ ဆာကူရာပန်းကြည့်ပွဲလိုတော့ စားသောက်မြူးတူးမလုပ်ကြပါဘူး။ အေးအေးဆေးဆေး ပန်းတွေလိုက်ကြည့်ကြ ဓာတ်ပုံရိုက်ကြတယ်။ ကျမတို့ရောက်သွားတဲ့အချိန်က ဘိုးဘွားရိပ်သာက လာတာနဲ့ကြုံလို့ ဘိုးဘွားတွေ အများကြီးဘဲ။ မိသားစုပါတဲ့သူကျတော့ တွန်းလှည်းကို အိမ်သားတွေကတွန်းလို့၊ အိမ်သားမပါတဲ့သူတွေကိုတော့ သူနာပြုတွေက စောင့်ရှောက်နေတာ တွေ့ရတယ်။


အဖြူရောင်"ဟာနရှောဘု"


ပန်းခရမ်းရောင်ဖျော့"ဟာနရှောဘု"


"ခရမ်းရင့်၊ ပန်းခရမ်းဖျော့၊ အဖြူ၊ အပြာဖျော့ အရောင်စုံ""ဟာနရှောဘု"


ပန်းနီနီ




ပန်းဝါဝါ


ဒါက ဘလော့နောက်ခံထားထားတဲ့ပုံ



ကိုယ့်မှာ ပန်းပွင့်တဲ့အပင် မရှိတော့ အပြင်ထွက်မှ ပန်းတွေကြည့်ပြီး ပျော်ရတယ်။ လာလည်သူတွေလည်း ပန်းတွေကြည့်ပြီး စိတ်ချမ်းသာကြပါစေနော်။


9 comments:

nu-san said...

အမလည်း ပန်းတွေကို ချစ်တယ်။ အိမ်မှာတော့ မစိုက်ထားဘူး.. ပျင်းလို့.. :P အခု အမတို့ အိမ်နားမှာလေ ဇီဇ၀ါပန်းတွေ ပွင့်နေတာ ခူးချင်လိုက်တာမှ အရမ်းပဲ လက်ကို ယားနေတာပဲ.. အဟီး.. နောက်ပြီး နှင်းဆီပန်းတွေ ပွင့်နေရင်လည်း ခြံစည်းရိုးမှာ အဆုပ်လိုက်ပွင့်တာနော်.. အရမ်းခူးချင်တာပဲ.. (ဘုရားပန်းကပ်ချင်လို့ပါ.. :D) ။ အေးလို့တူပါရဲ့ နှင်းဆီပန်းတွေဆို အရိုးတံက သန်ပြီး အပွင့်ကြီးတယ်နော်.. ညီမလေး ဓာတ်ပုံထဲက ဟာနရှောဘုတော့ အမ မမြင်ဘူးသေးဘူး။ ပန်းပုံလေးတွေတော့ ချစ်လို့ယူသွားပြီ။ အိမ်ထဲက ပန်းအိုးကိုလည်း သတိထားနော်.. တီကောင်ထွက်လာလိမ့်မယ်.. :D ဒီလိုလေး ထွက်လာမှာ.. ~~~~~~~~~~ :D

ဇနိ said...

ညီမက အိမ်ကြီးရှင်ရှိနေတာပဲ ကိုယ်ရံတော်တွေ မဇနိ မသွားမယ်။ ပန်းပင်တွေ သိပ်လှတယ်။ စိုက်အုံးမယ်လို့ စိတ်ကူးထားတယ်။ :P
မဇနိ

khin oo may said...

သိတ်လှတာဘဲ ညီမရယ်. I steal your photos . so nice

ကိုရင်နော်ခင်လေးငယ် said...

私の木。。。
とっても良い post でした。。

時間をちゃんと作って。。沢山のpost を書いた မြရွက် に 感謝してるよん。。
本当にありがとう。。
今の気持ちを大切にして 。。もっと。。もっと 書いてね。。
いつも楽しみにして 読むのを待ってるからね。。
今日も 元気で 楽しく なります様に。。。ပေါ့နော်

Anonymous said...

ပန်းကို အကြိုက်ကြီးမဟုတ်ပေမယ့် ပန်းလေးတွေ မြင်ရင် စိတ်ထဲအလိုလိုကြည်နူသွားသလိုပဲ ပန်းလေးတွေက ချစ်စရာမိန်းမပျိုလေးတွေလေ ယောက်ျားသားတွေကိုလည်း အတော်ဖမ်းစားနိုင်တယ်ဗျ ( ကြော်ငြာဝင်တာ :D)

little moon said...

ပန်းလေးတွေ အရမ်းလှတယ်ဗျို့

NwayLeL said...

နားရွက်ထောင်ပြီးနားစွင့် စပ်စု နေတဲ့ ကိုယ်ရံတော် က ဒေါ်မို့လေး ဖြစ်မယ် ။ ဟို ဦးထုပ်ကြီး နဲ့ မိန့်မိန့်ကြီး ထိုင်နေတာကတော့ မာ့ခ် ဖြစ်မယ် ..ဟင်း ဟင်း ..

ရွှန်းမီ said...

ပန်းတွေ လာကြည့်သွားတယ် မဝေရေ..
ခရီးထွက်နေတာ.. တစ်နေ့ကမှ ပြန်ရောက်ပြီး ပင်ပန်းနေတာနဲ့ ..
အပြင်ထွက်ပြီး ပန်းကြည့်ရတာလဲ သူများစိုက်ထားတာကို ကိုယ်က ပုံလှမ်းရိုက်ရတာ တစ်မျိုး အရသာပဲ .. =) =) ..
မီဆို ပျင်းလို့ သူများစိုက်ထားတာပဲ လိုက်လိုက်ကြည့်နေတာ..

diLo said...

hee..wait naw..i will send parcel from SG..
here the flowers are cheap..:P

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP