Monday, August 18, 2008

ဖူဂျီတောင်ဝန်းကျင် မှ အပြန်


"အိုရှိနိုဟတ်ခအိ" သို့

နေ့လည်စာစားပြီး "အိုရှိနိုဟတ်ခအိ" (oshinohakkai) အိုင်တွေဘက်ကို ခရီးဆက်ခဲ့ပါတယ်။ "အိုရှိနိုဟတ်ခအိ"ဆိုတာ သဘာဝစိမ့်ရေအိုင်တွေဖြစ်တဲ့ "ဝကု"အိုင်၊ "နီဂေါ့ရိ"အိုင်၊ "ကာဂမိ"အိုင်၊ "ရှောဘု"အိုင်၊ "ဒယ်ဂုချိ"အိုင်၊ "အိုခါမ"အိုင်၊ "စိုကိုနရှိ"အိုင် နဲ့ "ချောရှိ"အိုင် ရှစ်ခုကိုပေါင်းပြီးခေါ်တဲ့ အမည်ပါ။ အိုင်တိုင်းမှာ သူ့ရာဇဝင်နဲ့သူ ရှိပါတယ်။
"အိုရှိနိုဟတ်ခအိ"အဝင်ဝ



"အိုရှိနိုဟတ်ခအိ"ထဲဝင်တော့ အဝင်ဝကနေ ၃ပေသာသာလောက် မြောင်းဘောင်ကျဉ်းကျဉ်းလေးပေါ်ကနေ တန်းစီလျှောက်ကြရတယ်။ ဂျပန်မှာ လမ်းသွားဥပဒေက ဘယ်ဘက်ကပ်သွားရတာမို့ ဒီထဲဝင်တော့လည်း ဘယ်ဘက်ကပ်ပြီး လျှောက်ဝင်ရတယ်။ ပြန်ထွက်တဲ့သူတွေက ညာဘက်ပေမယ့် မလူးသာ မလွန့်သာလမ်းကျဉ်းလေးထဲ ကိုယ်ကိုယို့ပြီးသွားရတယ်။ တိုက်မိလိုက်ရင် ဘယ်ဘက်က ရေမြောင်းထဲ ပြုတ်ကျမှာ။ အနက်က လူကြီး တစ်ရပ်စာလောက်ရှိပေမယ့် ရေက ခြေသလုံးလောက်ရှိတာပါ။ ကိုယ့်ဘာသာ စိုးရိမ်နေတာ။ ညာဘက်အခြမ်းက အပင်တွေနဲ့ ခြံစည်းရိုးလိုဖြစ်နေလို့ ပြုတ်ကျစရာ မရှိပါဘူး။ ပတ်ဝန်းကျင်သစ်ကို စူးစမ်းဖို့ နေနေသာသာ မြောင်းထဲကျမှာကြောက်ပြီး ရှေ့ကိုရောက်ဖို့သာ စိတ်စောနေရတယ်။ ကျမကသာ ကြောက်နေပေမယ့် ဂျပန်တချို့က ခရီးသွားတာ ခွေးပါခေါ်လာလိုက်သေးတယ်။ ခွေးကို လမ်းကျဉ်းလေးထဲ ချီမလျှောက်ဘဲ ကြိုးဆွဲပြီးသွားတော့ ခွေးဝင်မတိုးအောင်လည်း သတိထားရနဲ့ လမ်းကျဉ်းလေးဆုံးမှဘဲ အသက်ဝဝရှူနိုင်ပါတော့တယ်။

အတွင်းထဲရောက်စမှာ ဂျပန်ရိုးရာ စားစရာ၊ လက်ဖက်ခြောက်၊ သစ်သီးစတာတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်ရှေ့မှာ ဖူဂျီတောင်ရဲ့ နှင်းပျော်ရည်ဆိုပြီး ကန်တကန် ရှိတယ်။ အဲဒီကန်ထဲ လက်ကို စက္ကန့်သုံးဆယ်နှစ်ပါဆိုလို့ နှစ်ကြည့်ခဲ့တယ်။ အတော်တော့ အေးစိမ့်နေတာဘဲ။ နွေရာသီမို့လို့ နှစ်နိုင်တာပါ၊ ဆောင်းဆို သုံးစက္ကန့်တောင် ကိုင်နိုင်မှာ မဟုတ်ဘူး။


ရေစီးကျနေတဲ့ကန်အောက်ဘက်မှာလည်း အုတ်ကန်ရှိပြီး အထဲမှာ ငါးတွေနဲ့။


ဒီမှာ ငါးပြာပြာတွေ အများကြီး တွေ့ရတယ်။ အရင်လျှောက်လည်လို့ တွေ့ဘူးသမျှငါးကန်ထဲ အဝါရောင်တွေ တွေ့ဘူးတာ များပေမယ့် ငါးပြာပြာတွေတော့ ဒီမှာ ပထမဆုံး တွေ့ဘူးတာ။ လက်စိမ်ကန်ကနေ အရှေ့ဘက် ဆက်လျှောက်တော့ "ဝကု"အိုင်ကိုရောက်တယ်။ ဒီအိုင်ထဲမှာလဲ ငါးအပြာတွေ အဝါတွေ ရှိတယ်။ ဒီထဲက အိုင်တွေရဲ့ ထူးခြားချက်က ရေတွေ အရမ်းကြည်ပြီး အပြာရောင်ဖြစ်နေတာပါ။ ကြည်လွန်းလို့ တိမ်တိမ်လေးလို့ထင်မိတဲ့ "ဝကု"အိုင်အကြောင်းဖတ်မိမှ ၄မီတာ အနက်ရှိပါတယ်။


"ဝကု"အိုင်ကနေ ညာဘက်ကို ကွေ့ပြီးဆက်ရှောက်လိုက်တော့ "နီဂေါ့ရိ"အိုင်ကို ရောက်ပါတယ်။ အိုင်ထဲကို ဈေးအရောင်းဆိုင်ထိုးထားတော့ ရေပေါ်ဈေးလိုလိုပါဘဲ။ ဆိုင်ထဲမှာ ဖူဂျီအမှတ်တရ စားစရာတွေ လက်ဆောင်ပစ္စည်းတွေရောင်းပါတယ်။ ဆိုင်ထဲ လူမဝင်-ဝင်အောင် ဆိုင်ရှေ့က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အိုင်အဝိုင်းကို သွားဖို့ အရှေ့က တံတားလမ်းကိုပိတ်ထားပါတယ်။


သွားချင်ရင် ဆိုင်ထဲဝင်ပြီးမှ အရှေအဝကနေ ပြန်ဆင်းရပါတယ်။ လူတွေကလည်းများ နေကပူနဲ့ ဆိုင်ထဲတန်းစီဝင်ရတာ အတော်ဆိုးတယ်။ အိုင်ရှေ့မှာ ငါးစာရောင်းပါတယ်။ ငါးစာတွေကို ဘေးဘက်အိုင်ထဲက ငါးတွေကို ကျွေးပေမယ့် အလယ်အိုင်ကို ဘာကြောင့်မကျွေးကြတာလဲ မသိပါဘူး။ ဒီအလယ်အိုင်က အတော်ကို ဆန်းတယ်လို့ ပြောရမယ်။ ရေတွေက ပြာတာမှ အပြာရောင်တောက်နေအောင် ပြာတာပါ။




မဲနယ်ဘက်ကို အရောင်ကူးချင်သလိုဖြစ်ပေမယ့် ကြည်လွန်းလို့ အောက်ခြေအထိ မြင်ရပါတယ်။ ရေကလည်း အယ်လ်ကာလီဘက် အတော်ရောက်နေတယ်လို့ ပြောပါတယ်။ ကြည့်ရတာ ရေနဲ့မတူဘဲ ခပ်ပျစ်ပျစ်ရည်တွေလို ဖြစ်နေတယ်။ အနက်က ဆယ်မီတာကျော်ပါတယ်။ အိုင်ထဲ တစ်ယန်းစေ့တွေပစ်ချပြီး ဆုတောင်းကြလို့ ကန်အောက်ခြေက နေရောင်မှာ ဝင်းလက်နေပါတယ်။ ရုတ်တရက်ဆို အောက်ခြေက မီးထိုးသလား ထင်ရတယ်။ အိုင်က နက်ပေမယ့် အဝက ကျဉ်းလို့ ငါးတွေခများ အတော် ကျဉ်းကျပ်မယ် ထင်တယ်။ ပြီးတော့ ဒီလိုရေထဲ အသက်ရှင်နေနိုင်တာကိုလည်း အံ့ဩမိတယ်။ ဒီအိုင်ကိုကြည့်ရင် ကြက်သီးထသလို ခံစားရတယ်ဆိုတာ တကယ်ပါဘဲ။ ဆယ်မီတာကျော်နက်တဲ့ ပြာနှစ်နှစ်အရည်တွေကို ကြာကြာ ကြည့်ရတာ တမျိုးကြီးဘဲ။


အိုင်ထဲကြည့်နေတုန်း နောက်နားက တိုးရစ်က ငါးအကြီးကြီးဆိုပြီးထအော်လို့ ကျမလည်း စပ်စပ်စုစုလိုက်ကြည့်လိုက်တယ်။ ဆိုင်အောက်က ရေထဲမှာ ငါးခူလိုငါးကြီးတစ်ကောင် ပေါင်လုံးလောက်ရှိပြီး အတော်ရှည်တယ်။ ပထမတော့ အရုပ်များလားလို့ ထင်မိပေမယ့် လှုပ်လာမှ ငါးအစစ်မှန်း သေချာသွားတာ။ မြန်မာလိုဆိုရင် ဘုရားဖူးငါးလို့ ပြောမယ်ထင်ရဲ့။ တိုးရစ်ကတော့ ဓာတ်ပုံရအောင်ရိုက်ဖို့ ကြိုးစားနေပေမယ့် ငါးကြီးက ဆိုင်အရိပ်အောက်ကနေ ထွက်မလာပါဘူး။ ဟုတ်ပါရဲ့၊ အပြင်မှာ အတော်ပူတယ်။ ကျမနဲ့ အိမ်ကြီးရှင်လဲ ကျန်တဲ့အိုင်တွေဘက် ဆက်မလျှောက်တော့ဘဲ ဆိုင်တန်းဘေးက အမိုးထိုးထားတဲ့အောက်မှာ ကျန်တဲ့သူတွေကို ထိုင်စောင့်လိုက်တယ်။ အမကြီးတို့ လာထိုင်တာနဲ့ စကားပြောရင်း ကျန်တဲ့သူတွေကို ဆက်စောင့်နေလိုက်တယ်။

ကြုံလို့ရီစရာပြောရရင် အမကြီးရဲ့ အမျိုးသားက ကျမတို့ကို အကို၊ အမတဲ့။ အမကြီးကိုတော့ ရန်ကုန်မှာ သူအိမ်ထောင်မကျခင်က တခါဆုံဖူးပါတယ်။ သူ့အမျိုးသားကိုတော့ ဒီခရီးသွားမှ တွေ့ဘူးတာ။ အိမ်ကြီးရှင်ကိုတော့ ကိုလို့နာမည်ရှေ့ကတပ်ခေါ်ပေမယ့် ကျမကိုတော့ အမတဲ့။ အိမ်း! ကိုယ့်ရုပ်ကဘဲ ရင့်နေလို့များလား?(ဟင့်)။ အမကြီးထက်တောင် ၄/၅နှစ်ကြီးတယ်ဆိုတော့ ကျမထက်တော့ အနည်းလေး ဆယ်နှစ်လောက် ကွာပေမပေါ့။ ငယ်မှန်းသိပေမယ့် လေးစားသမှုနဲ့ အမလို့ခေါ်တာလို့ ပြောလာတော့လည်း ရှိစေတော့၊ ရှိစေတော့။ ပြီးတော့ပြောလိုက်သေးတယ်၊ ကျမတို့နှစ်ယောက် ရုပ်သိပ်တူလို့ ကျမ မျက်မှန်ဖြုတ်ပြီး အိမ်ကြီးရှင်ကို တပ်ပေးလိုက်ရင်လည်း ကွာမှာမဟုတ်ဘူးတဲ့။ (ကွာတာပေါ့၊ သူ့မျက်နှာက ပြဲပြဲကြီးကို။:D)

စကားတွေဖောင်ဖောင်ကျဲပြီး စောင့်နေတုန်း ကားမောင်းတဲ့ သူငယ်ချင်းနဲ့ သူ့ဇနီးရယ်၊ ညီမလေးရယ် ရောက်လာတယ်။ လက်ဆောင်ဝယ်ဦးမယ်ဆိုပြီး ဆိုင်ထဲဝင်သွားလို့ ကျမတို့လည်း ၄ကြိမ်မြောက် ဆိုင်ထဲဝင်ရပြန်တယ်။ (ပထမအကြိမ်က ရှေ့ကငါးကန်ကို သွားဖို့၊ ဒုတိယအကြိမ်က ဘာတွေရောင်းလဲ စပ်စုဖို့၊ တတိယအကြိမ်က အဖွဲ့ကွဲသွားတာ ရှာဖို့။) ၄ကြိမ်မြောက်ဝင်ရတော့ အဝနားက ဆိုင်ရောင်းတဲ့ အမကြီးကို အားနာပါးနာနဲ့ မျှစ်ကင်ချီထုပ် ဝယ်ခဲ့လိုက်တယ်။ သူ့ရှေ့ ဝင်လိုက်ထွက်လိုက် အခေါက်ခေါက်ဖြတ်တိုင်း စားကြည့်ပါ မြည်းကြည့်ပါပြောနေလို့။ ပထမအကြိမ် တန်းစီဝင်တုန်းက ကျမရှေ့က ဂျပန်အဖိုးကြီးက အမြည်းစားဖို့ ထားထားပေးတဲ့ စပျစ်သီးခြောက်တွေအားလုံး လက်ထဲကျုံးထည့်သွားလို့ မျက်လုံးတောင်ပြူးသွားတယ်။ (ဂျီပန်ဒွေလည်း ဒါမျိုးလုပ်တယ်တော့။) သူက ခပ်တည်တည်နဲ့ ကိုယ်နဲ့ကွယ်ပြီး နှိုက်သွားပေမယ့် သူ့နောက်က ကျမက မဆီမဆိုင် မျက်နှာပူလိုက်ရတယ်။

"ဟာ့ဘု"ပြခန်း (Herb Hall) သို့


"အိုရှိနိုဟတ်ခအိ"ကနေ "ဟာ့ဘု"ပြခန်းကို ဆက်သွားပါတယ်။ "ဟာ့ဘု"ပြခန်းက နှစ်ထပ်တိုက်ဖြစ်ပြီး အောက်ဘက်မှာ fancy ပစ္စည်းချစ်စရာတွေ၊ ကမ္ဘာအရပ်ရပ်က အမွှေးအကြိုင်တွေနဲ့ Aromaဆိုပြီး အခန်းထဲထားဖို့ အမွှေးနံ့သာတွေနဲ့ ထည့်စရာ ဗူးလှလှတွေ ရောင်းပါတယ်။ အနောက်ဘက်ကို ထွက်လိုက်ရင် lavenderလိုမျိုး အမွှေးရနံ့ရှိတဲ့ အပင်ပုတွေရောင်းပါတယ်။


ဝယ်စရာလဲ မရှိတော့ အပေါ်ထပ်ကို တက်ခဲ့တယ်။ အပေါ်ထပ်ကို အခန်းကျဉ်း နဲ့ အကျယ် နှစ်ခန်းဖွဲ့ထားပြီး အကျဉ်းဘက်မှာ ရေမွှေးအဆီအမျိုးမျိုး၊ ဆပ်ပြာ စတဲ့ အမွှေးအကြိုင် သုံးစရာတွေ အဓိက ရောင်းပါတယ်။ ရေမွှေးအဆီတွေကို စမ်းသပ်ဖို့ ပုလင်းလေးတွေ ပေးထားတယ်။ ဟိုပုလင်း မွှေးကြည့် ဒီပုလင်းမွှေးကြည့်နဲ့ မူးတောင်လာတယ်။ စပါးလင်ကထုတ်တဲ့ ရေမွှေး အဆီတောင် ရှိတယ်။ စပါးလင် မစားတဲ့ နိုင်ငံအဖို့ အဆန်းပေမယ့် ကျမအဖို့ ဒီရေမွှေးနံ့ရရင် ကြက်သားကာလသားဟင်း စားချင်တော့မှာဘဲ။ :P ရေမွှေးလဲ မဝယ်ဖြစ်တော့ ကလေးတွေအတွက် အရုပ်ရောင်းတဲ့နေရာနား ရောက်သွားတယ်။ အဲဒီထဲက ပန်းရောင်စုတ်ဖွား ခွေးရုပ်ကလေး ချစ်လွန်းလို့ ဝယ်ခဲ့တယ်။ ပိုက်ဆံရှင်းတဲ့ကောင်တာမှာ တန်းစီတော့ သူများတွေက အခန်းထဲထားဖို့ Aroma ပုလင်းတွေဝယ်လို့၊ အိမ်ကြီးရှင်က ခွေးရုပ်ကလေးနဲ့ဆိုတော့ တရုတ်မလေးက ကြည့်ပြီးရီတယ်။ (တတ်နိုင်ပါဘူး၊ လိုချင်တာကိုး။ မသိတဲ့လူအဖို့တော့ အိမ်ကြီးရှင်က ကလေးအဖေပေါ့၊ မျက်နှာကြည့်ရင် ယုံကြမှာပါနော့။)

အပေါ်ထပ်ရဲ့ အခန်းကျယ်ဘက်မှာ ခုံတန်းတွေချထားပြီး ပန်းခြောက်အမျိုးမျိုး အများကြီး ရှိတယ်။ အဲဒီအခန်းက "အိုရှီဘန"နဲ့ Flower arrangement တွေကို အခပေးပြီး လက်တွေ့လုပ်လို့ရပါတယ်။ အတွဲတတွဲ ပန်းခြောက်တွေနဲ့ Flower arrangementလုပ်နေတာ တွေ့ခဲ့တယ်။



"ရှိဇဲန်းစေးကစွတ်-ပြခန်း"သို့

"ဟာ့ဘု"ပြခန်းက "ကာဝဂုချိ-ကန်"နားမှာမို့ ရေကန်ကိုလည်းမြင်ရတဲ့ "ရှိဇဲန်းစေးကစွတ်-ပြခန်း"ကို ဆက်သွားပါတယ်။ ကားပေါ်ရောက်တော့ ရေမွှေးနံ့တစ်မျိုးက အတော်မွှေးကြိုင်နေတာမို့ ဘယ်သူရေမွှေးဝယ်လာလဲ မေးကြရင်းမှ အမကြီးက ရေမွှေးအဆီ စမ်းသပ်ကြည့်တုန်း လက်ချော်ပြီး ကိုယ်ပေါ် အားလုံးမှောက်ကျလာတာတဲ့၊ ကောင်းရော။ မွှေးမွှေးလေးနဲ့ ခရီးသွားရတာပေါ့။ "ကာဝဂုချိ-ကန်"ပေါ် ဖြတ်ဖောက်ထားတဲ့ တံတားကိုဖြတ်တော့ ကားလမ်းပိတ်ပြန်ရော။ တံတားပေါ်ကနေ "ကာဝဂုချိ-ကန်"ထဲ တိမ်ကြားက နေရောင် ဖြာကျနေတာ အရမ်းလှပါတယ်။ ရိုးရိုးကင်မရာနဲ့ လှမ်းရိုက်တော့ သိပ်မသိသာလိုက်ဘူး။


"ရှိဇဲန်းစေးကစွတ်-ပြခန်း" အရှေ့ဘက်မှာ lavender ပန်းခင်းကြီး ရှိပါတယ်။ ပန်းခင်းဘေးမှာ ကျောက်သားတွေနဲ့ ဖူဂျီတောင်ပုံဖော်ထားပါတယ်။



ဖူဂျီတောင် ဝန်းကျင်မှာ lavender တွေ အရမ်းများတော့ ဘယ်အရောင်းဆိုင်ခန်းမှာမဆို ခရမ်းရောင် အသုံးအဆောင်တွေ ရောင်းပါတယ်။ ဒီ "ရှိဇဲန်းစေးကစွတ်-ပြခန်း"ထဲမှာလဲ အတူတူပါဘဲ။

ဝယ်ချင်တာလဲ မရှိတာမို့ ရေခဲမုန့်စားရင်းနဲ့ ပြခန်းအပြင်ဘက်က သစ်ထွင်းထိုင်ခုံမှာထိုင်ရင်း lavender ပန်းခင်းရယ်၊ ဖူဂျီတောင်နဲ့ "ကာဝဂုချိ-ကန်"ကို ငေးနေလိုက်တယ်။ ညနေလဲ စောင်းလာပြီမို့ ရှုခင်းက အတော်ကြည့်ကောင်းပါတယ်။ ကန်ထဲမှာ ဘုတ်စီးနေသူတွေရော ရေလွှာလျှောစီးနေသူတွေနဲ့ အများကြီးပါဘဲ။ ရေလွှာလျှောစီးသူတစ်ယောက်က စတန့်ကျင့်နေတာမို့ ရေထဲမှာ ခုန်ပြီးနောက်ပြန်ပတ်ဖို့ ကြိုးစားနေတဲ့ သူ့ကြည့်ရင်း ကိုယ်ပါ တဟဲ့ဟဲ့ ဖြစ်နေရတယ်။

ကန်ကနေ တစ်နာရီ အခပေးပြီး ဘလူးဘယ်ရီသီး အဝခူးစားလို့ရတဲ့ခြံကိုသွားဖို့က အချိန်မရှိတော့တာနဲ့ အဲဒီကနေဘဲ တိုကျိုကို လှည့်ပြန်ခဲ့ပါတယ်။ လမ်းမှာလည်း အလာတုန်းကလို ကားလမ်းပိတ်ပြန်ပါတယ်။ အလာလောက်တော့ သိပ်မဆိုးဘူးဆိုပေမယ့် အချိန်ကုန်တာတော့ အမှန်ပါဘဲ။ လမ်းမှာ ဝိတ်လျှော့တဲ့နေရာမှာ ရပ်ရင်း အစာပြေလည်းမဟုတ် ညနေစာလည်းမကျနဲ့ Mosဘာဂါဆိုင်မှာ တန်းစီပြီး ဘာဂါ၊ ကြက်ကြော်နဲ့ အအေးတွေဝယ်ပြီး ကားထဲထိုင် ဗိုက်ဖြည့်ကြတယ်။ စားသောက်ပြီးတော့ ဆက်ထွက်လာလိုက်တာ ဗိုက်လေးတင်း မျက်လုံးလေးစဉ်းပြီး အိပ်ပျော်သွားတော့တာ တိုကျိုနားရောက်မှ ပြန်နိုးလာတယ်။ ကျမတို့တောင် အိပ်ငိုက်တာ ကားမောင်းတဲ့သူ အိပ်ပျော်မှာ စိုးရတယ်။ ညက သောက်ပြီး အိပ်ရာဝင် ညဥ့်နက်တယ် ဆိုတော့လေ။ သူ့ညီမကတော့ စိတ်ပူပြီး တလှည့်မောင်းပေးရမလား မေးရှာတယ်။ သူက နည်းနည်းမှ အိပ်မငိုက်ဘူး၊ ကားမောင်းရတာ ပျော်လို့ ဆိုတော့လည်း ဟန်ကျသား။ တိုကျိုထဲ ဝင်တော့ မှောင်လာပြီ။ ကျမတို့ကို အလာတုန်းက သူတို့လာကြိုတဲ့ ဘူတာမှာ ချပေးခဲ့တယ်။ အဲဒီကနေ ရထားစီး၊ အိမ်ပြန်ရောက်တော့ ညကိုးနာရီ ကျော်ပြီလေ။ နောက်နေ့က "ပင်လယ်နေ့" ပိတ်ရက်မို့သာပေါ့။ ဒါနဲ့ဘဲ ပင်ပန်းလာသမျှ ခြေပစ်လက်ပစ် အိပ်လိုက်ပစ်လိုက်ပါတော့တယ်။


(ကင်မရာ ဓာတ်ခဲအားကုန်သွားလို့ တံတားပေါ်က ရိုက်ထားတဲ့ပုံရယ်၊ ကျောက်သားဖူဂျီတောင်ပုံရယ်မှ လွဲပြီး ကျန်တာ googleမှ ရယူထားပါတယ်။)

5 comments:

စူး said...

အခုမှပဲ .. ကျုပ်လဲ အိပ်ပြန်ရောက်တယ်။
ဖူဂျီတောင်က အရမ်းလှတာပဲ။
ခရီးတလျှောက်မောလိုက်တာ.ဒီကြားထဲ ကင်မရာက ဓာတ်ခဲအားကုန်သွားတယ်။
တော်သေးတယ် မနက်ဖန် ပိတ်ရက်မို့ ..နားပီနော်။
ဟီးးး

ကိုယ်ပါ ရောက်သွားသလို ရေဒထားတယ်။မိုက်တယ်

ဇနိ said...

ဖူဂျီတောင်က ပြန်လာပြီကွ။ ဓါတ်ခဲအားကုန်လို့ ဟီး ဟီး။
ခြေပစ်လက်ပစ် အိပ်လိုက်အုံးမယ် :P

Anonymous said...

ဖူဂျီတောင်ကပြန်လာမှာ ပိုက်ဆံအိတ်လည်းပျောက် ဓာတ်ခဲကလည်း အားကုန် ဟီး တနားပါတယ် ။ ရေကတော်တော်ကြည်တာပဲနော် ပျော်စရာကြီး သွားရတာ ။

nu-san said...

ညီမလေးရေ.. ဖူဂျီတောင် ၀န်းကျင်က တကယ်လှတာပဲနော်.. အမလည်း အရမ်းသွားချင်တာ။ နေနှင့်ဦးပေါ့ကွယ်.. တနေနေ့ပေါ့ဆိုပြီး ကျိန်းဝါးထားတာ.. ဓာတ်ပုံတွေကြည့်ရတာနဲ့ စိတ်ကို လန်းဆန်းသွားတာပဲ.. ပျော်စရာကြီး.. :)

diLo said...

:D
learn a lot from ur posts sis!
feel as though having taken a trip to Japan.
thankie naw..
someday, i wi visit those places u have left footprints

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP