Tuesday, August 26, 2008

ဂျပန်ပုံပြင်(၅)


အပြေးချံပီယံ


ရွာတရွာမှာ အပြေးအလွန်တော်တဲ့လူတစ်ယောက် ရှိတယ်။
တော်တော်ကို အပြေးမြန်လွန်းလို့ အားလုံးက "အပြေးချံပီယံ"လို့ ခေါ်ကြတယ်။
တနေ့မှာ "အပြေးချံပီယံ"က သူခိုးနောက်ကို ပြေးလိုက်နေတုန်း မျက်နှာချင်းဆိုင်ကနေလာတဲ့ သူငယ်ချင်းနဲ့ သွားဆုံတယ်။
"ဟ! ဘာဖြစ်တာတုန်း? ဒီလောက်ထိ အလျှင်စလို ဖြစ်နေရတာတုန်းကွ?"
လို့ သူငယ်ချင်းက မေးတဲ့အခါ "အပြေးချံပီယံ"က
"သူခိုးနောက်ကို လိုက်နေတာ"
"ဘာရယ်! သူခိုး ဟုတ်လား! ဘယ်မှာလဲ? ဘယ်မှာလဲ?"
"ဟိုးမှာလေ၊ နောက်ကနေ ပြေးလာလိမ့်မယ်"

***


လမင်းထဲက ယုန်ကလေး


ဟိုးရှေးရှေးတုန်းက မျောက်ရယ်၊ မြေခွေးရယ်၊ ယုန်ရယ်က ဘုရားသခင်ထံ သွားလျှောက်တယ်။
"အရှင်ဘုရား လူသားအဖြစ် ပြန်လည်မွေးဖွားအောင် စောင့်ရှောက်တော်မူပါ"
အဲဒီအခါ ဘုရားသခင်က
"လူသားအဖြစ်ရချင်ရင် ကိုယ့်ရဲ့ စားကောင်းသောက်ဖွယ်နဲ့ လူတွေကို တည်ခင်းကျွေးမွေးပါ"
ဒါနဲ့ မျောက်က တောင်ပေါ်ကနေ သစ်ချသီး၊ တည်သီးတွေ ယူလာတယ်။
မြေခွေးက ချောင်းထဲကနေ ငါးတွေ ဖမ်းလာတယ်။
ဒါပေမယ့် ယုန်ရဲ့ စားစရာက နူးညံ့တဲ့ မြက်ပင်တွေဖြစ်တယ်။
အခုက ဆောင်းတွင်းဖြစ်လို့ နူးညံ့တဲ့ မြက်တွေ တစ်ပင်မှ မရှိပါဘူး။
"ဒုက္ခဘဲ။ ဘယ်လိုလုပ်ရပါ့?"
ယုန်က စိတ်ဓာတ်ကျပြီး မျောက်နဲ့ မြေခွေးတို့ဆီ ပြန်လာခဲ့တယ်။
"ဖိုးရွှေယုန်၊ မင်းရဲ့ စားကောင်းသောက်ဖွယ်တွေ ဘယ်မှာလဲ"
"ဟင်အင်း၊ မြက်တွေ အားလုံး ခြောက်ကုန်ပြီ။ သစ်ဖူးတွေလဲ မထွက်သေးဘူး"
လို့ ဖြေလိုက်တဲ့အခါ မျောက်က
"ဒါဆို မင်းတော့ အမြဲတန်း ယုန်ဖြစ်နေတော့မှာ"
"ဟုတ်တယ်၊ ဟုတ်တယ်။ စားကောင်းသောက်ဖွယ်တွေ မရှိဘဲနဲ့ မင်းဘယ်လိုလုပ် လူဘဝ ဝင်စားလို့ ရမှာလဲ"
မြေခွေးကပါ ဝင်ပြောလိုက်တယ်။
"တောင်းပန်ပါတယ်။ တစ်ရက်တော့ ထပ်စောင့်ပေးပါဗျာ"
နောက်ရက်မှာ ယုန်က တောင်ပေါ်သွားပြီး သစ်ခြောက်တွေ စုလာခဲ့တယ်။
ပြီးတော့ မျောက်နဲ့ မြေခွေးရှေ့မှာ သစ်ခြောက်တွေ ပုံလိုက်ပြီး ဒီလို ပြောလိုက်တယ်။
"ခု စားကောင်းသောက်ဖွယ် ချက်ပေးမှာမို့ မီးညှိပေးပါ"
မျောက်နဲ့ မြေခွေးက မီးညှိပေးလိုက်တဲ့အခါ သစ်ခြောက်တွေက ဝုန်းခနဲ မီးထတောက်တော့တယ်။
"ကျနော့ရဲ့ စားကောင်းသောက်ဖွယ်က မရှိပါဘူး။ ဒါကြောင့်.... ဒါကြောင့် ကျနော့ကို ကင်ပြီး လူသားတွေအတွက် စားသောက်ဖွယ်လုပ်ပါ့မယ်"
လို့ပြောပြီး မီးပုံထဲ ခုန်ချလိုက်တယ်။
အဲဒီအချိန်မှာ ကောင်းကင်ကနေ ဘုရားရှင် ကြွလာပြီး ဖျက်ခနဲ ယုန်ကို ပွေ့ချီပြီး ကောင်းကင်ကို ပြန်တက်သွားတယ်။
အဖြစ်အပျက်က မြန်လွန်းတာမို့ မျောက်ရော မြေခွေးပါ လန့်ဖျန့်သွားတယ်။
ဒီအခါ ဘုရားရှင်က
"မျောက်ရော မြေခွေးပါ လူသားအဖြစ် ပြန်လည်မွေးဖွားခွင့်ရဖို့ ကျိန်းသေပါတယ်။ ဘာကြောင့်လဲဆို ကိုယ့်ရဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ လူသားတွေကို ကျွေးမွေးလို့ဘဲ။ ချီးကျူးပါတယ်။ ဒါပေမယ့် ယုန်ကို ပိုပြီး ချီးကျူးမိတယ်။ ကိုယ့်အသက်နဲ့ ရင်းပြီး လူသားတွေကို ကျွေးမွေးချင်တယ်။ ဒါကြောင့် ယုန်ကို 'လမင်း'တိုင်းပြည်ကိုခေါ်သွားမယ်။ အဲဒီမှာ တသက်လုံး ပျော်ရွှင်အောင်ထားမယ်"
လို့ ပြောရင်း ဘုရားရှင်က ယုန်ကို ပွေ့ပိုက်ယင်း ကောင်းကင်အမြင့်ထဲ တက်သွားတယ်။
အဲဒီအချိန်ကစလို့ ယုန်က လမင်းပေါ်မှာ ပျော်ရွှင်စွာ နေထိုင်သွားပါတော့တယ်။

***


5 comments:

ဇနိ said...

အပြေးချန်ပီယံက တော့ ရီရတယ်...
း)

လမင်းထဲက ယုန်ကလေးကလည်း ကလေးတွေကို ပြောပြလို့ကောင်းမယ်....
(ဂျပန်မှာလဲ ရွှေလမှာ ယုန်ဝပ်တာ ရှိတာပဲနော်။ ကိုယ့်ဆီကပဲ အဲသလို မြင်တယ်လို့ ထင်မိထားတာ။)

ပန်းခရမ်းပြာ said...

လမင်းထဲက ယုန်ကလေး အကြောင်းတော့ ဖတ်သွားပြီ၊ ဆန်ဖွပ်တဲ့ အဖိုးအို အကြောင်း ရေးပါဦး။

little moon said...

ဖြစ်ရလေ ပြေးလိုက်တာများ သူခိုးက နောက်က ကျန်ခဲ့ရတယ်လို့ ... :D

မမြရွက်ဝေ ဘာသာပြန်တဲ့ပုံပြင်လေးတွေကို မှန်မှန်လာဖတ်တယ်ဗျ .... သားလေး နားလည်တတ်တဲ့အရွယ်ရောက်ရင် ပြန်ပြောပြဦးမှာ ....

diLo said...

:D thanks for the lovely stories sis..

ရွှန်းမီ said...

ယုန်ကလေး သနားပါတယ်။
အဲ့ဒီယုန်က ချစ်စရာလေးနေမှာပဲ။ အရသာလဲ ရှိလောက်တယ် :-P

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP